အမြှောက်အပင့် အဖားတွေကြားက သာယာမှုများနဲ့လူ

ပို့စ်တင်ချိန် - 4/29/2014 04:56:00 PM



(Written by: မောင်စံပေါ)

(၁)
ကြားဖူးနားဝ ပုံပြင်လေးတစ်ခု ရှိပါတယ်။ အင်မတန်မှ မြှောက်တတ်ပင့်တတ် ဖားတတ်တဲ့ လူတစ်ယောက် ငရဲပြည်ကို ရောက်လာပါသတဲ့။ ဒီလူကို ယမမင်းကြီးရဲ့ ရှေ့တော်မှောက် မသွင်းခင်မှာ ယမမင်းကြီးရဲ့ ကိုယ်ရေးအရာရှိက ယမမင်းကြီးကိုကြိုပြီး သံတော်ဦးတင်ထားတယ်။

“အရှင်ယမမင်းကြီး၊ အဲဒီလူဟာ အင်မတန်မှ မြှောက်တတ်ပင့်တတ် ဖားတတ်တယ်။ လူ့ပြည်မှာ သူ့ကြောင့်လူတွေအများကြီး ဒုက္ခရောက်ခဲ့ ကြရပါတယ်။ အရှင်ယမမင်းကြီး ကြိုတင်သိပြီး သတိထားနိုင်အောင် လျှောက်ထားအပ်ပါတယ်”

“အေး ကောင်းပြီ။ ရှေ့တော်သွင်းစေ”

အဖားဝိဇ္ဇာ ပါရဂူ ၀င်လာတယ်။ ယမမင်းကြီးကို လက်အုပ်ချီကန်တော့ပြီး အံ့အားသင့် နှစ်သက်သဘောကျ မြတ်နိုးကိုးစား ယုံကြည်မှုတွေ ဖော်ပြရင်း ယမမင်းကြီးကို လျှောက်ထားတယ်။

“လူ့ပြည်မှာ ကြားခဲ့ရတဲ့ သတင်းနဲ့ ငရဲပြည်မှ အခုမြင်ရတဲ့ အဆင်းက တခြားစီပါလား ဘုရား။ ယမမင်းကြီးကို ရက်စက်ယုတ်မာ ကြောက်စရာကောင်းတဲ့ သတ္တ၀ါကြီး ထင်မှတ်မှားခဲ့တာ အခု မျက်ဝါးထင်ထင် မြင်ရတော့မှ မှားမှန်းသိတယ် ဘုရား။ ချောမောခန့်ညား ကြည်ညိုစရာ ကိုယ်တော်ကြီးပါတကား”

ကိုယ်ရေးအရာရှိ အံ့အားသင့်သွားတယ်။ ဒီလူ တယ်အတင့်ရဲလှပါလား။ ရောက်တာနဲ့ မြှောက်ပါပကော။ ငါ့အရှင်ကလည်း သဘောကျနေပုံပဲ။ စောစောစီးစီး ရှင်းထားမှ။ တော်နေကြာ အနားခေါ်ထားပြီး အပါးတော်မြဲ ခန့်လိုက်ရင် ငါနေရာပျောက်ရချည်ရဲ့ဆိုတွေးပြီး လျှောက်ရဲ့။

“အရှင်ယမမင်းကြီး ဒီလူအရှင့်ကို မြှောက်နေပြီဘုရား။ သတိပေးစကား လျှောက်ထားအပ်ပါတယ် ဘုရား” ယမမင်းကြီးက ဘ၀င်မကျတဲ့ မျက်နှာနဲ့ ကိုယ်ရေးအရာရှိကို စူးစိုက်ကြည့်တယ်။ အလိုမကျသံ လွှမ်းနေတဲ့ လေသံမာမာနဲ့ ဟောက်တယ်။ “ဟကောင်ရ ဒါကတော့ အမှန်ပြောတာလေကွာ။ ပြောပါစေ”

(၂)
အမှန်တရားဆိုတာ အသံကြားတာနဲ့ နားခါးတယ်တဲ့ ဗာလာနံတွေက ပြောကြတယ်။

ဘုတ်ကိုကျီးကမြှောက်၊ ကျီးကိုဘုတ်ကမြှောက်နဲ့ ဟုတ်နေတဲ့ လောကကြီးထဲမှာ ဖြစ်ရပ်မှန်ပုံပြင်တွေ စာတင်ခဲ့ဖူးပါတယ်။

(၃)
ပုဂ္ဂိုလ်လေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ မျက်နှာပေးချိုချိုနဲ့ အသံလေးချိုချိုနဲ့ အင်မတိ အင်မတန်မှ ပေါင်းတတ်သင်းတတ်တာကလား။ သူ့အတွက်များ အကျိုးရှိမယ်ဆိုရင်၊ သူ့ကိုမစနိုင်တဲ့ ပုဂ္ဂိုလ်ကြီးတွေဆိုရင် ဖားချက်က ကမ်းကုန်တယ်။ ကြုံဖူးတာလေးတစ်ခု ပြောပါတယ်။

“ကျွန်တော်ဗျာ အဲဒီပုဂ္ဂိုလ်ကြီး ပြောစကားကြားတော့ အရမ်းကို လေးစားသွားတယ်။ တစ်ခါမှ မကြားဖူးဘူးဗျာ။ သူပြောမှ ကြားဖူးတာ။ လုပ်စရာအလုပ်ကို ချက်ချင်းလုပ် အကြွေးမထားနဲ့တဲ့။ သြော် ဒါ့ကြောင့် သူကြီးပွားအောင်မြင် နေတာကိုးလို့ အောက်မေ့မိတယ်” တဲ့။ သူပြောတဲ့ စကားတွေနော်။ ခဏခဏ ပြောတယ်။

အဲဒီပုဂ္ဂိုလ်ကြီး နားပေါက်နိုင်တဲ့ နေရာတွေဆိုရင် ပြောပြီ အဲဒီပုဂ္ဂိုလ်ကြီးရဲ့ အသိုင်းအ၀ိုင်းကြားမှာဆိုရင် ပြောပြီ။ ပုဂ္ဂိုလ်ကြီး နာမည်တပ်ပြီး ပြောတာ။ ဒီစကားတွေက အဲဒီပုဂ္ဂိုလ်ကြီးနားကို ပြန်ရောက်တာပေါ့။ ပုဂ္ဂိုလ်ကြီးကလဲ သဘောကျတာပေါ့။ ပုဂ္ဂိုလ်လေးကလည်း ပုဂ္ဂိုလ်ကြီးဆီမှာ မျက်နှာသာ ပေးခံရတယ်။

(၄)
ဒီလိုသားမျိုး မွေးထားတဲ့ မိဘတွေ၊ တပည့်တော်ခဲ့တဲ့ ဆရာတွေမှာ ဘယ်လောက်ရှက်ရှာမလဲ။ ဒီနေ့အလုပ်ကို မနက်ဖြန်မရွှေ့နဲ့ဆိုတဲ့ စကားတွေ ဆရာမိဘများ ပြောနေကျလေ။ အဲဒါကို သူ့အဘပြောမှ ကြားဖူးရတယ်ဆိုတော့ မွေးရကျိုး၊ သင်ရကျိုးနပ်လေခြင်းဆိုပြီး ငိုချင်းချဖို့ပဲ ရှိတော့တယ်။

နောက်တစ်ယောက် ရှိသေးဗျ။ နေရာတကာမှာ တွေ့မြင်ရတတ်တဲ့ ဆရာတကာ ရေးတတ်တဲ့စာကို ငါ့ဆရာ ရေးခဲ့တာဆိုပြီး မှတ်ပုံတင် တံဆိပ်ကပ်တာ။ ဆရာသုံးပါး သင်ကြားသမျှ နာယူမှတ်သား ခဲ့တာတွေကို ပြန်ပြီးရေးကြ ပြောကြတာ မဟုတ်လားဗျ။

(၅)
ဂေါက်သီးကစားတယ်ဆိုတာ စည်းနဲ့ကမ်းနဲ့ ကျင့်ဝတ်နဲ့ အင်မတန်မှ ချစ်စရာကောင်းတဲ့ ကစားနည်းမို့ လူကြီးလူကောင်း ကစားနည်းလို့ ဆိုကြပါတယ်။ အဲဒီ လူကြီးလူကောင်း ကစားနည်းဟာ လူကြီးလူကောင်းဖားနည်း ဖြစ်သွားတာကတော့ မဟာပံသု မြေလွှာထုမှာ ဒီတစ်နေရာပဲ ရှိမယ်ထင်ရဲ့။

၁၉၉၀ စွန်းစနှစ်မှာပါ။ တိုင်းကြီးသခင်အဘ တိုင်းခန်းလှည့်ကြွလာရင်း မြို့တစ်မြို့ ရောက်ပါတယ်။ ညနေပွဲအတွက် ကြိုတင်လက်သွေးမယ်ဆိုပြီး ဂေါက်သီးရိုက် ကျင့်ပါရော။ မြို့ခံအကြီးအကဲရော ဌာနဆိုင်ရာ အရာရှိကြီးများပါ ၀ိုင်းကြည့်ပြီး အားပေးကြတယ်။ ရိုက်ချက်တွေက ကွေးတိကွေးကောက်နဲ့ စိတ်ပျက်ပြီး သေလောက်တယ်။ ဂေါက်သမားအခေါ် Banana Shot တွေဗျာ။ အဲဒါကို ပုဂ္ဂိုလ်တစ်ယောက်ကထပြီး ချီးမွမ်းစကားဆိုတယ်။ ကောင်းလိုက်တဲ့ Golden Banana Shot အဘရယ်တဲ့။

ညနေရိုက်တော့ရော။ အဲဒီအဘရိုက်တာ ပျက်သွားရင် အစားရိုက်ခွင့် ပေးတယ်။ လေးငါးချက်လောက်ရိုက်ပြီး အကောင်းဆုံးကို ယူတယ်။ ကျင်းစိမ်မြက်ခင်းပြင် (Green) ပေါ် ဘောလုံးရောက်တာ ON တာနဲ့ အဘလက်နဲ့ဆို ၀င်ပါတယ်ဆိုပြီး ပေးတယ်။ ဘယ့်နှယ်ဗျာ ကမ္ဘာ့ထိပ်သီး ဂေါက်သီးအကျော်အမော်တွေတောင် တစ်ပေလောက်လွဲလို့ ချန်ပီယံဖလားနဲ့ ဝေးခဲ့ကြရတာများပေါ့။ (အဲဒီပေးတဲ့လူတွေပဲ အဲဒီအဘရာထူးက နားလဲပြီးရော မရဘူး၊ မပေးဘူး၊ ကိုယ့်ဘာသာ ကြိုးစားပြီး ကျင်းဝင်အောင်သွင်း လုပ်ကြတာ။)

နံပါတ် ၁၃ ကျင်းရောက်တော့ အဲဒီအဘ ဘောလုံးက အတော်ကြီးဝေးနေတော့ မပေးသာတော့ဘူး။ အဘကျင်းစိမ်ရိုက်ချက် ရိုက်ခါနီးမှာ အဲဒီမြို့က အဖားဝိဇ္ဇာဆရာလေး ထလာတယ်။ “အဘ အဘ ခဏလေး” ဆိုပြီး ကျင်းစိမ်လမ်းကြောင်းပေါ်မှာ အမှိုက်ရောက်နေလို့ဆိုပြီး ကုန်းမှုတ်တယ်။ ဘာရှိလို့လဲဆိုတော့ ဖွဲပြာစ သေးသေးလေး ရောက်နေလို့တဲ့။ ပရိသတ်ထဲက အသံထွက်လာတယ်။ “ကုန်းများမှုတ်နေရသေးကွာ၊ ကုန်းပြီးလျှာနဲ့လျက်လိုက်ရင် ပြီးရော” တဲ့။ သံတူကြောင်းကွဲ ဂေါက်ကွင်းဇာတ်လမ်းတွေ၊ ဖြစ်ရပ်မှန် ပုံပြင်တွေ အများကြီးရှိပါတယ်။

(၆)
ပြောလက်စနဲ့ မထူးတော့ပါဘူး။ သူများအကြောင်းရေးရင် ပြဿနာရှိနိုင်တာမို့ ကိုယ့်အမျိုးထဲက သွားလေသူ ဘိုးကြီးဘေးကြီးတစ်ယောက်နဲ့ ဆက်စပ်တဲ့ ဖြစ်ရပ်လေးတစ်ခု ပြောပါရစေ။

အဲဒီဘိုးဘိုးကြီးက သီပေါမင်း ပါတော်မမူခင်ကတည်းက လူဖြစ်ခဲ့တာ ဆိုပေမယ့် အောက်ပြည်အောက်ရွာကဆိုတော့ မျက်နှာဖြူ အုပ်ချုပ်မှုအောက်မှာ တောက်လျှောက်နေခဲ့ရတာ။ ရုပ်ကလေးကသန့်ပြီး ဘိုလိုရွှတ်ရှက်နွတ်ဒက်ကလည်း ကောင်းကောင်းမှုတ်တတ်တော့ အင်္ဂလိပ်ကုန်သည်ကြီး တစ်ယောက်က စပါးအ၀ယ်တော် ခန့်လိုက်တာဗျာ။ ဒါနဲ့ တစ်ရွာတစ်ကျီဆောက်တဲ့ ဇာတ်လမ်းတွေ ဆက်ခဲ့ပါတယ်။

သောက်တော်ဘူးကိုယ်မကွာ ပျိုကညာ ထည်လဲနဲ့ မယားယူပွဲကြီး ကျင်းပခဲ့တယ်။ လခနဲ့ ကော်မရှင်အပြင် စပါးပေါ်ငွေပေး ဈေးနှိမ်အကြွေးဖြတ်လို့ရတဲ့ ပိုက်ဆံတွေက တနင့်တပိုးရယ်။ ရုပ်ကလဲချော ဥစ္စာကလည်းပေါတော့ အဲဒီခေတ် အဲဒီအခါအလျောက် ရယူခံစားနိုင်သမျှသော လောကီစည်းစိမ်တွေ ခံစားခဲ့သပေါ့။ မကောင်းတာတွေလုပ်ပြီး မဟုတ်တာတွေကြားမှာ ပျော်ပါးရင်း အချိန်တွေကုန်ခဲ့တာ။ ပြစရာဆိုလို့ ရွာထိပ်က ဇရပ်ကြီးနဲ့ ဘုရားတည်ခဲ့တာပဲ ကျန်ရဲ့။

တစ်ရက်သားမှာတော့ ဘယ်ကရောက်လာမှန်း မသိရတဲ့ ငမူးငရူး တစ်ယောက်ပေါ့ဗျာ၊ ဘိုးဘိုးကြီးရဲ့အလှူ ကမ္ပည်းစာတွေဖတ်လိုက်၊ သူမြင်တောင် မမြင်ဖူး ကြားတောင်မကြားဖူးတဲ့ ဘိုးဘိုးကြီးရဲ့ ဂုဏ်တွေကို အမွှန်းတင်လိုက်နဲ့။ သူတော်ကောင်းကြီးပြောလိုက်၊ သာသနာပြု ပုဂ္ဂိုလ်ကြီးဆိုလိုက်၊ ဘုရားဒါယကာကြီးတလိုက်နဲ့ ကြာတော့ ရွာကအမျိုးတွေ နားကလောလာတယ်။

“သေသွားခဲ့ပြီးသားလူကို မဟုတ်ကဟုတ်က လာဖားလို့ ဘာမှမစားရ မသောက်ရဘူး၊ နားလည်လား ငမူးရဲ့ သွားစမ်း” ဆိုပြီး မောင်းထုတ်တဲ့ဘ၀ ရောက်ပါရော။

(၇)

ကိုယ်ကပဲ မတော်မတည့်တွေ မြင်မြင်နေတတ်တာလား။ လောကကြီးကပဲ မတော်မတည့်တွေ များနေသလား။ တစ်ခုထက်မကများ မှားနေရော့သလား။

ရူးအောင်လည်း မြှောက်တတ်ကြတယ်။ မျက်နှာပြောင်နဲ့ မသိချင်ဟန်လည်း ဆောင်တတ်ကြတယ်။

ဟေးဆိုတဲ့အသံနဲ့ ပြေးလွှားသွားကြတဲ့ ၀တ်ကောင်းစားလှတွေနဲ့ လူအုပ်ကြီးကို တွေ့လိုက်ရတယ်။ စတုဒိသာစားဖို့ အရေးတော့ဖြင့် ဒီလောက်မပြေးတန်ရာလို့ အောက်မေ့မိတယ်။ အလားအလာရှိသူ တစ်ယောက်ထံပါး ရွှေနားတော်သွင်း ဘုန်းတော်ဘွဲ့ တေးချင်းတွေ ဆက်သဖို့ နေရာမရမှာစိုးလို့ ဆိုပဲ။

သူတစ်ထူးရဲ့ ဂုဏ်ကျေးဇူးကို ဖော်ကျူးတယ်၊ ချီးမွမ်းတယ်ဆိုတာ မင်္ဂလာရှိတဲ့ ကိစ္စရပ်တစ်ခုပါ။ ဒါပေမဲ့ တကယ်ရှိတဲ့ ရေမရောတဲ့ဂုဏ် ဆိုရင်တောင်မှ အလွန်အကြူး မဖွဲ့မိရလေအောင် သတိဆောင်ရပါမယ်။ သတိထားသင့်ပါတယ်။ ပညာရှိ သူတော်ကောင်းကြီးများဟာ ဒီလိုမြှောက်ပင့် ချီးမွမ်းခြင်းမျိုးကို မနှစ်သက်ကြပါဘူး။ သူယုတ်သူမိုက်သည် သူတော်ကောင်းပညာရှိကို ချီးမွမ်းခြင်းဖြင့် ဖျက်ဆီးတတ်၏တဲ့။

(၉)

ဒီစာကို နှစ်သစ်ဆောင်စရာ သံပေါက်နဲ့ နိဂုံးချုပ်ပါရစေ။
လူကြီးဆိုရင် ဆရာမလုပ်နဲ့
ညာညာတုတ်လို့ အကျိုးအောင်စေ။
လူကြီးတွေကို ပျော်အောင်ထားကွဲ့
အမောင်ဖားဖို့ ကြိုးစားလေ။
လူပုံအလယ်မှာ ပညာပြဖို့
ဝေါဟာရတွေ ရှာပေးလေ။
ကိုယ့်ခွင်ထဲမှာ လာလာရှုပ်လို့
ဆရာလုပ်လည်း သည်းခံနေ။
သူတတ်သူတော် သူ့ဂုဏ်ဖော်လို့
ကြော်ငြာစကား လွှင့်ပေးလေ။
မျက်နှာညိုအောင် မလုပ်ပါနဲ့
နေရာပျောက်မယ် သတိရှိစေ။
မြှောက်ကာပင့်ကာ ဖားစရာအရေး
မျှော်တွေးရှုဆ တတ်ကြစေ။
အဲဒါမှ
လူကြီးတွေက ပြန်ပြီးမမယ်လေ။

လူကြီးများ မြှောက်ပင့်ဖားဘေးမှ ကင်းဝေးကြပါစေ။

Eleven Media Group