ပုဂံလက်သစ်မှသည် ရန်ကုန်လက်သစ် ဖြစ်မလာစေဖို့
ပို့စ်တင်ချိန်
- 4/17/2014 08:45:00 PM
ဝန်ကြီးများရုံးအဆောက်အအုံကို အပေါ်စီးမှ မြင်တွေ့ရစဉ်(ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ) |
အခုတစ်လော မြို့ထဲရောက်တိုင်း နှမြောစရာ၊ စိတ်ပျက်စရာ တွေပဲကြုံနေရတယ်။ စိတ်ပျက် မိတာက ရာသီဥတုပူပူမှာ ပိတ် ကျပ်နေတဲ့ ကားလမ်းတွေနဲ့ တရွေ့ရွေ့နဲ့သွားနေရတဲ့ ကားတွေကြောင့်။ နှမြောစရာဆိုတာက တစ်ချိန်က နယူးယောက်မြို့နဲ့ တောင် ရင်ပေါင်တန်းခဲ့တဲ့သက် တမ်းရင့် ရန်ကုန်မြို့ကြီးကိုပါပဲ။
ကျွန်မဟာ ရန်ကုန်မှာမွေး၊ ရန်ကုန်မှာကြီးခဲ့တဲ့သူ။ မွေးကတည်းက ရန်ကုန်ဆိုတာ မြန်မာနိုင်ငံရဲ့အချက်အချာအကျဆုံး မြို့တော်အနေနဲ့ သိခဲ့တယ်။ တဖြည်းဖြည်းအရွယ်ရောက်လာတဲ့အချိန်မှာပဲ ရန်ကုန်ရဲ့ဂုဏ်ပုဒ်တွေကို ပိုပိုနားလည်လာတယ်။ ရွှေတိဂုံစေတီကို နေ့စဉ်သွားရင်းလာရင်း ဖူးမြင်နိုင်တဲ့မြို့၊ မြစ်ကမ်းကိုမေးတင်ထားပြီး ဆိပ်ကမ်းအရှည်ကြီးရှိတဲ့မြို့။ မြို့ရဲ့တည်ဆောက်ပုံအရ မြစ်ရိုးတစ်လျှောက်တိုက်လာတဲ့ လေပြည် လေညင်းက တောင်မြောက်တန်းနေတဲ့ လမ်းတစ်လျှောက် ဝင်ရောက်နိုင်လို့ လေဝင်လေထွက် အလွန်ကောင်းတဲ့မြို့၊ သမိုင်းဝင် အဖြစ်အပျက်တွေကို ခန္ဓာကိုယ်ထဲမှာ သိမ်းထုပ်ထားတဲ့အတွင်းဝန်ရုံးလိုနေရာတွေအများကြီးရှိ တဲ့မြို့၊ ယာဉ်မျိုးစုံသွားလာနေရုံမက လမ်းလျှောက်ပြီးလေ့လာ ကြည့်ရှုလို့ကောင်းတဲ့မြို့၊ ဒါမျိုး ထူးခြားမှုတွေနဲ့ပြည့်စုံနေတဲ့မြို့။
ရန်ကုန်မြို့ကြီးဟာ အခု တစ်လောတော့ ဒဏ်ရာတွေများ များလာတယ်။ သူရဲ့တန်ဖိုးတွေ ကျကျလာတယ်။ မြို့တစ်မြို့ရဲ့ အားသာချက်တစ်ခု ဖြစ်ခဲ့တဲ့ ပလက်ဖောင်းကျယ်ကြီးတွေဟာ ဖြိုဖျက်ခံရပြီး ပြန်ဆောက်လိုက် တဲ့ပလက်ဖောင်းတွေကျပြန်တော့ လူနှစ်ယောက်လက်တွဲလျှောက်ဖို့တောင်မကျယ်။ တချို့နေရာများကျ မြင့်လွန်းလို့ ဘေးနားမှာအုတ်နီခဲတွေခုခံပြီးမှ ပလက်ဖောင်းပေါ်တက်ရတာ တောင်ရှိသေး။ သက်ကြီးရွယ်အိုတွေများ ပလက်ဖောင်းပေါ် အတက်အဆင်းလုပ်ဖို့ရာ ဆရာအော်ပီကျယ်ကာတွန်းထဲကလို မီးသတ်ကားခေါ်ပြီး လှေကားထောင်ခိုင်းရမလိုပဲ။
တစ်ချိန်က ကမ္ဘာ့မျက်နှာစာ မှာ cosmopolitan city အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ရန်ကုန်ရဲ့ အ နှစ်သာရထဲမှာ မြို့ထဲတစ်ခွင် ဘယ်နေရာမှာမဆို အေးအေးလူ လူ လမ်းလျှောက်သွားလာလို့ ရခြင်းဆိုတာလည်း တစ်ခုအပါအဝင်ပါ။ လမ်းဘေးပလက် ဖောင်းကြီးတွေများဆို ကျယ် ကျယ်ပြန့်ပြန့်နဲ့။ မုန့်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ စာအုပ် ဆိုင်တွေနဲ့ ရန်ကုန်ကအသက်ဝင် ခဲ့ပါတယ်။ ပန်းဆိုးတန်းတောက် လျှောက်ဆို စာအုပ်အဟောင်း ဆိုင်၊ အသစ်ဆိုင်တန်းတွေ တရုတ်တန်း တောက်လျှောက်ဆို မုန့်ဆိုင်တန်းတွေ၊ မဂိုလမ်းလို့ အရင်ကခေါ်တဲ့ ရွှေဘုံသာလမ်း ဆို အိန္ဒိယ အစားအသောက်၊ အသုံးအဆောင်တွေ . . .ဈေးဆိုင် တွေ ဘယ်လောက်ပဲများပါစေ။ လူတွေလမ်းလျှောက်စရာနေရာ တော့ ကျန်နေသေးတာပဲ။ အခု ကော အရင်လိုလွတ်လွတ်လပ် လပ်လမ်းလျှောက်သွားလာလို့ရ သေးရဲ့လား။
အခုများတော့ ယာဉ်ကြော ရှုပ်ထွေးတာကိုလျှော့ချနိုင်ဖို့ မြို့ တော်စည်ပင်က ပလက်ဖောင်း တွေကိုဖဲ့ချ၊ ဖြိုချနဲ့ ပလက်ဖောင်း ကျဉ်းမြောင်းမြောင်းတွေပေါ်မှာ ဈေးသည်တွေနဲ့ လမ်းသွားလမ်း လာတွေခမျာ ထုပ်ဆီးတိုးနေရ တယ်။ လမ်းလျှောက်တဲ့လူတွေ မှာလည်း ဈေးဗန်းပဲတက်နင်းရ တော့မလို၊ ကားလမ်းမပေါ်တက် ပြီးပဲလမ်းလျှောက်ရတော့မလို။ ပလက်ဖောင်းမဆံ့လို့ လမ်းမပေါ် လမ်းတက်လျှောက်ရင်း ကား တိုက်ခံရတာ ဘယ်နှဦးများရှိမလဲ စာရင်းပြုစုချင်သေးတယ်။
ဒီနည်းလမ်းဟာ ယာဉ် ကြောပိတ်ဆို့မှုကို အထောက် အကူဖြစ်တဲ့အပြင် လူတွေကို လည်းအသက်အန္တရာယ်ရှိတဲ့ စွန့်စားမှုတွေလုပ်ခိုင်း နေသလို ပဲဆိုတာ ပညာရှင်တွေ အကြိမ် ကြိမ်ထောက်ပြနေခဲ့ကြပေမယ့် ပလက်ဖောင်းတွေကတော့ ဖြိုချ ခံနေရတုန်းပဲ။
ရန်ကုန်မြို့လယ်ဆိုတာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အချက်အချာကျတဲ့နေရာ။ ဒါပေ မဲ့ မြို့ကိုစီမံခန့်ခွဲမှုမကောင်းခဲ့ လေတော့ အဆောက်အအုံတွေ ဆိုတာ ဆောက်ချင်တဲ့နေရာမှာ ဆောက်ချင်တဲ့ပုံစံနဲ့ဆောက်နေ ကြတယ်။ ရွှေတိဂုံရဲ့မြင်ကွင်းဟာ အန္တရာယ်ရှိနေပြီ။ လူဦးရေ ပိုမို ထူထပ်သိပ်သည်းလာတာနဲ့အမျှ အခုခံစားနေရတဲ့ ယာဉ်ကြော ပိတ်ဆို့မှုသာမက ရေ၊ မီး ပြဿနာတွေ၊ သန့်ရှင်းမှုပြဿနာတွေကို မလွဲမသွေ ရင်ဆိုင်လာရတော့ မယ်။
ဆူးလေစေတီလို ရန်ကုန်ရဲ့ အမှတ်သင်္ကေတတွေဟာ ခေတ် မီမိုးမျှော်တိုက်ကြီးတွေရဲ့ အရိပ် မိုးခံနေရလို့ မြင်ကွင်းကမရှင်း လင်းတော့ဘူး။ ဗိသုကာလက်ရာ မြောက်လှတဲ့ လက်ကျန်အဆောက် အအုံတွေခမျာလည်း နှစ်ပေါင်း များစွာလျစ်လျူရှုပစ်ပယ်ထားခံခဲ့ရလို့ ပျက်စီးခဲ့ရတာနဲ့ ဘယ်တော့ များဖျက်ချခံရမလဲ၊ ဒါမှမဟုတ် ဘယ်ကြော်ငြာဘုတ်က လာကွယ်ပြီး အလှဖျက်မလဲ။ ဒါမှမဟုတ် ကွန်ပိုစစ်ပြားတွေနဲ့ပဲ ဖုံးအုပ်ခံရ လေမလား စိုးရိမ်နေရတဲ့ဘဝဖြစ် နေကြပြီ။ တန်ဖိုးမသိသူတွေ အတွက် နောင်ပြန်မရတော့တဲ့ အဖိုးတန်တွေကို လက်လွှတ်ခဲ့ရ တယ်။ လက်လွှတ်နေရတယ်။ နောက်ထပ် လက်လွှတ်ရလေဦး မလား။
မြို့တစ်မြို့ ဘယ်လောက် အောင်မြင်လဲဆိုတာဟာ တခြား မြို့တွေနဲ့မတူဘဲ ထူးခြားကွဲပြား နေတဲ့ သူမတူမှု (uniqueness) ဆိုတဲ့အချက်ပေါ်မှာလည်း မူတည် ပါတယ်။ ရန်ကုန်ဟာ ကိုလိုနီ ခေတ်ကတည်းကတည်ရှိခဲ့သလို စစ်ဒဏ်၊ ရာသီဥတုဒဏ်နဲ့ ငလျင် ဒဏ်တွေကို ကြံ့ကြံ့ခံခဲ့တဲ့ အဆောက်အအုံတွေနဲ့ မြို့အခင်း အကျင်းက အာရှတိုက်မှာတောင် ရှာရခက်ခဲအောင် ရှားပါးတဲ့မြင် ကွင်းပါ။ ကျွန်မတို့ကလေးဘဝ ကတည်းကတွေ့မြင်ခဲ့ရတဲ့ ရန်ကုန်ရဲ့ မြင်ကွင်းတွေပေါ့။ ဒီအဆောက် အအုံတွေ၊ မြင်ကွင်းတွေကို ကာ ကွယ်ခြင်းအားဖြင့် ရန်ကုန်ဆိုတဲ့ တန်ဖိုးကို ထိန်းသိမ်းနိုင်မှာဖြစ်ပါ တယ်။ ထိန်းသိမ်းတယ်လို့ပြော ရင် မြန်မာနိုင်ငံသမိုင်းမှာ အလွန် ကိုတော်ပြီး ရဲရင့်တဲ့သမိုင်းပညာ ရှင် ဒေါက်တာသန်းထွန်းရေးခဲ့တဲ့ ပုဂံလက်သစ်စာတမ်းကို သတိရ မိတယ်။ မြန်မာတွေရဲ့အသည်း နှလုံးအဖြစ် တန်ဖိုးထားရာ၊ ဘာ သာတရားအရ အထွတ်အမြတ် ထားရာ၊ ယဉ်ကျေးမှုရဲ့ဗဟိုချက်မ ဖြစ်သလို စီးပွားရေးလုပ်ငန်း အများအပြားက မှီခိုရတဲ့ ရှေး ဟောင်းမြို့တော်ပုဂံကို ခေတ်အ ဆက်ဆက်က ကုသိုလ်ရှင်တွေနဲ့ မင်းအဆက်ဆက် ‘ပြုပြင်မွမ်းမံ ခြင်း’က ရှေးဟောင်းလက်ရာတွေ ကို ဖျက်ဆီးသလို ဖြစ်ခဲ့တာ ကြောင့် ‘ရှေးပုဂံပျောက်ပြီး အမြင်ဆန်း ပုံသစ်ဖြစ်သွားရတယ်’ဆိုတဲ့ အကြောင်းကို ရဲရဲဝံ့ဝံ့ထောက် ပြဝေဖန်ပြီး စာတမ်းအစောင် စောင်ပြုစုခဲ့တယ်။
‘သူတို့ဖျက်လို့ပျက်ရတဲ့ ပစ္စည်းဟာ ဘယ်လောက်အဖိုး တန်တယ်ဆိုတာသူတို့ဂရုမစိုက် ပါ။ အများစုကအဟောင်းကို ဖယ်ပြီး အသစ်နဲ့လဲတာဟာ ဘုရားကြည်ညိုသပ္ပာယ်စရာပိုဖြစ်တယ်လို့ ယုံကြည်ပြီး ဒီလိုလုပ်တာကို ရဟန်းရှင်လူအများ သိပ်ပြီးဝမ်းမြောက်ဝမ်း သာသာဓုအနုမော ဒနာပြုကြပါတယ်’လို့ ရင်နာစရာ ကောင်းတဲ့ပုဂံရဲ့ဖြစ်ရပ်ကို ဖော် ညွှန်းခဲ့သူပါ။
၁၉၉၅ ကရေးသားခဲ့တဲ့ ဒီစာတမ်းဟာ အခုလက်ရှိအနေ အထားတွေကိုပါ ထင်ဟပ်နေဆဲ ပဲ။ တစ်လောက နိုင်ငံရဲ့ဝန်ကြီး ချုပ်ဟောင်းတစ်ယောက်ကိုယ် တိုင်က ဘုရားမှန်ရင်ရွှေရှိရမယ်။ ဟောင်းနေရင် ပြင်ရမယ်လို့ ရုပ်သံအင်တာဗျူးတစ်ခုမှာဖြေ သွားတာတွေ့ကတည်းက ပုဂံ လက်ရာတွေရဲ့ကံကြမ္မာဟာ ဒီလိုတလွဲဆံပင်ကောင်းစီမံခန့်ခွဲမှုတွေကို ဘယ်ထောက်ထိနစ်မွန်း ခံခဲ့ရလေသလဲ။ဒီလိုလွဲမှားတဲ့ထိန်းသိမ်းစောင့်ရှောက်မှုတွေက ပုဂံတင်မက ရန်ကုန်မြို့ကလက်ရာတွေအပါအဝင်နိုင်ငံအနှံ့ပြားက သမိုင်းအမွေအနှစ်တွေကိုဘယ်လောက်ထိပွန်းပဲ့ပျက်စီးစေခဲ့ပြီလဲ။
ဖွံ့ဖြိုးတိုးတက်မှုလှိုင်းတံပိုး ထဲမှာ အလိုက်သင့်စီးမျောရင်း ပြောင်းလဲလာနေတဲ့ရန်ကုန်မြို့မှာနဂိုကတည်းက ပိုင်ဆိုင်ခဲ့တဲ့တန် ဖိုးတွေကို ဒီလှိုင်းတံပိုးတွေကြား မှာ နစ်မြုပ်ဆုံးရှုံးရတော့မလားဆို တာ စိုးရိမ်စရာပါ။ အခုအချိန်မှာ စင်ကာပူတို့၊ ဟောင်ကောင်တို့ လိုမြို့တွေမရနိုင်တော့တဲ့ တန်ဖိုး နဲ့အလှအပတွေကို ပိုင်ဆိုင်ထား ဆဲ ရန်ကုန်မြို့။ အဲဒီတန်ဖိုးတွေ ကို မပျက်စီးစေဘဲ အကျိုးရှိရှိ အသုံးချမယ်ဆိုရင် အဲဒီမြို့တွေ ထက်သာတဲ့ မြို့ပြတစ်ခုဖန်တီး နိုင်မယ့်အခြေခံတွေကို ပိုင်ဆိုင် ထားဆဲဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ ထိန်းသိမ်းမှု (conservation) ဟာ ဖွံ့ဖြိုးတိုး တက်မှု (development) ကို အရောင်တင်ပေးမယ့် အရာဆိုတာကိုနားလည်ပြီး အသုံးချနိုင်ဖို့လိုပါတယ်။
ပုဂံနဲ့နှိုင်းယှဉ်ပြောရမယ်ဆို ယနေ့ကစလို့ ရှေ့ဆက်ပြုလုပ် မယ့် ‘ပြုပြင်မွမ်းမံမှု’တွေ၊‘ထိန်း သိမ်းမှု’ မှာမူလလက်ရာမပျက် ဖို့ဟာ အသက်တမျှအရေးကြီးပြီး ဒါမှသာ ကျွန်မတို့ရဲ့နှလုံးသည်းပွတ်ဖြစ်တဲ့ပုဂံအစစ်ကို ထိန်းသိမ်းထားနိုင်မှာဖြစ်သလို ဒါကိုနမူနာယူပြီးနိုင်ငံရဲ့ အချက်အချာ ရန်ကုန်မှာလည်းဒီလိုအမှားမျိုးတွေ ထပ်မမှားကြ ဖို့ဆိုတာတွေကိုရှင်းပြဖို့ ဒေါက်တာသန်းထွန်း နောက် တစ်ယောက်လိုနေပြီလား။ ဆုံးပါးသွားပြီဖြစ်တဲ့ သမိုင်းပညာ ရှင်ကြီးဒေါက်တာသန်းထွန်းက တာဝန်ကျေခဲ့ပြီ။ အခု သက်ရှိ ထင်ရှားရှိနေတဲ့ ပညာရှင်တွေ လည်း တတ်နိုင်သမျှထောက်ပြ သတိပေးနေကြပြီ။ တာဝန်ရှိသူ တွေအနေနဲ့ ကိုယ့်လက်ထဲကမြို့၊ အားလုံးချစ်တဲ့မြို့၊ တစ်မူထူးခြား လှပတဲ့မြို့ရဲ့တန်ဖိုးကို ချမပစ်ကြ ပါနဲ့။ တန်ဖိုးတက်အောင်လုပ်နိုင် မယ့်နည်းလမ်းတွေက လက်တစ် ကမ်းမှာပါ။ ပုဂံလက်သစ်လိုမျိုး ရန်ကုန်လက်သစ်မဖြစ်ဖို့ ကာကွယ်နိုင်မယ့်အချိန်တွေ သိပ်မကျန်တော့ပါဘူး။။
Author: နေခြည်ဦး
7Day News Journal