အဝေးပြေးကားဝင်းများက လူသားကောင်လုပွဲ

ပို့စ်တင်ချိန် - 4/22/2014 12:18:00 PM


( မဒါလေး )
သားကောင် တစ်ကောင်ကို မုဆိုးများ လိုက်ကြ သည်ကို ကျွန်မတို့ တွေ့ဖူး၊ မြင်ဖူး၊ ကြားဖူး ကြသည်။ သားကောင် အမျိုးမျိုးကို အသွင် သဏ္ဌာန် အမျိုးမျိုးသော မုဆိုးများက လိုက်ကြသည်။ သားကောင် ဆိုသည်မှာ ပစ်မှတ်ထား ခံရသည့် အရာဖြစ်ပြီး မုဆိုး ဆိုသည်မှာ ထိုပစ်မှတ် မိမိ စက်ကွင်းထဲက လွတ်ထွက် မသွားအောင် အမျိုးမျိုး ကြံဆောင် ရသောသူ ဖြစ်သည်။
''ဟို...အင်္ကျီအနီ နဲ့ က ငါနော်၊ ဟို...ခြင်းနဲ့ အမျိုးသမီး က ငါဟေ့။ ဟို ဦးထုပ် ဆောင်းထားတဲ့ သူက ငါ့ဟာ၊ ငါက ဟို ဆံပင် ကောက်ကောက် နဲ့ တစ်ယောက်။ ဟိုနောက်က လူက ငါ့လူ။ မင်း... အဲ့ဒါ ငါအရင် တွေ့တာ။ အဲ့ဒါ ငါ့လူ။ ခွပ်...ခွပ်...ခွပ်'' ထိုးသံ နှက်သံများ အပြန်အလှန် အော်ဟစ်သံများ၊ ကြားဝင် ဖျန်ဖြေ သလိုနှင့် သူများ အခွင့်အရေး လုယူသူများ အားလုံး တရားကျ စရာပင်။
ရန်ကုန်မှ မန္တလေးသို့ ဆိုက်ရောက် လာသော အဝေးပြေးယာဉ် ပေါ်မှ အဆင်းတွင် ဖြစ်သည်။ နံနက် စောစောမို့ စိတ်လက် မကြည်လင် သည့်အထဲ ကားတံခါး အပေါက်ဝမှ စုရုံး အော်ဟစ် နေသော အသံ များကြောင့် စိတ် အနှောင့်အယှက် ဖြစ်မိသည်။ ခရီးသည် များကို သားကောင် အလား ပစ်မှတ် ထားကာ အမည်နာမ အမျိုးမျိုး တပ်ပြီး ဦးသူ ခေါ်နေကြခြင်း ဖြစ်သည်။ သူတို့ဘာသာ အမည်ပေး၊ သူတို့ ဘာသာရွေး၊ အောက်ရောက် တော့ ခရီးသည် အဝေ မတည့်ဘဲ အချင်းချင်း ထိုးကြခြင်း ဖြစ်သည်။ ကားဆရာ များက ခရီးသည်များ စိတ် အနှောင့်အယှက် မဖြစ်အောင် မေတ္တာ ရပ်ခံသည် ကိုပင် အရေးမထား၊ ကားတံခါးဝ တွင် စုအုံတိုးကာ သူ့လူ ကိုယ့်လူ လုနေ ကြသည်။
မုဆိုးလက်က သားကောင်သည် လိမ္မာ ပါးနပ်ပါက ရှောင်နိုင် သေးသည်။ အဝကျဉ်းကျဉ်း နှင့် တစ်ပေါက်ထဲ သော ကား အဆင်းအတက် အပေါက်မှ ကျွန်မတို့လို လူသား သားကောင် များမှာတော့ သည် မုဆိုးများ လက်မှ လွတ်အောင် ရှောင်ရန်လမ်း မရှိပါ။ သူတို့ရှင်းမှ ဆင်းရန် ဆုံးဖြတ်ပြီး ခုံတွင် ထိုင်နေ လိုက်သည်။ ''ဒုတ်...ဒုတ်'' ဘေးမှ ကားမှန် ကို အောက်မှ လာထုခြင်း ဖြစ်သည်။ ရုတ်တရက်မို့ လန့်ရုံက လွဲပြီး မတတ်နိုင်ခဲ့။ မကြည့်မချင်း ခေါက်ကာ ဆိုင်ကယ်နှင့် သွားမလားဟု လက်ဟန်ပြ မေးနေခြင်း ဖြစ်သည်။ အော်...ဘယ်လိုမှ ရှောင်လို့ မရတဲ့အဆုံး သည်အပေါက် ကပင် ဆင်းရ ပေဦးမည်။
ဒီအချိန်တွင် မနက် စောစော ရောက်သည် ကိုပဲ အပြစ်တင် ရမလား၊ လာမကြို နိုင်သော အိမ်က လူများကိုပဲ အပြစ်တင် ရမလား၊ ဒါမှမဟုတ် အလွန် ကောင်းနေသော အမြန် လမ်းမကြီး ကိုပဲ အပြစ်တင် ရမလား စိတ်ထဲတွင် မကျေမနပ် ဖြစ်မိသည်။ သွားချင်သော နေရာကို ပြောသော်လည်း နံနက် စောစော ဖြစ်သောကြောင့် ပုံမှန် သွားနေကျ ခရီးကို ထက်ဝက်လောက် ဈေးပို ပေးရသည်။ ပါလာသော အထုပ်များကို အတင်း ဆွဲသွား သူ၏ နောက်သို့ အပြေးအလွှား ပြေးလိုက် ရသည်။ အထုပ်သည် ဟိုလူ ဒီလူ လက်ထဲတွင် ကူးချည် သန်းချည် နှင့် အလုပ်များ နေသည်။
''မင်းတို့ကလဲ ခရီးသည် စိတ်ညစ်အောင် မလုပ်ပါနဲ့။ ကိုယ့်အလုပ်ကို သိက္ခာရှိရှိ လုပ်ပါ '' ။ သူပြောတာလဲ ဟုတ်မလိုလို။ အားကိုးကြီးစွာ ထိုလူကို ကြည့်မိသည်။ ''ဘယ်သွား မလို့လဲ။ အထုပ်ကြီးက လေးပါတယ်။ ကျွန်တော့် ကိုပေး '' ယောင်အမ်းအမ်း နှင့် အထုပ်ကို ထိုးပေး မိသည်။ မဟုတ်ရင်လဲ အခြား ဝိုင်းဆွဲနေသော သူများ လက်ထဲတွင် အထုပ်ပျောက် နိုင်သည်။
ထိုသူ ခပ်မြန်မြန် ထွက်သွားရာ နောက်သို့ အပြေး လိုက်မိသည်။ ရှေ့တွင် ရပ်ထားသော ကားအဖြူလေး တစ်စီးပေါ် အထုပ်ကို တင်လိုက်သည်။ လူကို ကားပေါ် တက်စေပြီး တံခါးကို ပိတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူ့ကားပဲ စီးရတော့ မည်ပေါ့။ ''ခဏနော်'' အိပ်ချင်စိတ်ကို အတင်းဖျောက်ပြီး ကားပေါ် ထိုင်စောင့် နေလိုက်သည်။ ထိုသူ၏ ''ခဏ'' ဆိုသည်မှာ မြို့ တစ်ပတ်ပတ်လို့ ရသည့် အနေအထား။ အတန်ကြာတော့ အထုပ်တွေ ဆွဲကာ လူနှစ်ယောက် နှင့် ပြန်လာသည်။
''ကဲ...ဘယ်ကို သွားကြ မှာလဲ .. '' ၊ သူလည်း အမောပြေ သွားပုံရသည်။ ယခုမှ မေးခွန်း မေးဖော် ရတော့သည်။ အားလုံး သူ့လက်အတွင်း က သားကောင်တွေ ပဲမို့ သွားချင်သည့် နေရာပြောကာ တောင်းသည့် ငွေပမာဏကို ပေးရ တော့မည်။ ပြန်ဆင်း ရင်လည်း မလွယ်။ အခြား မုဆိုးတွေက သူ့ထက် ဆိုးမည် ထင်မိသည်။ ထင်သည့် အတိုင်း ကားမှန် နားကပ်ပြီး ဆဲသူက ဆဲ။ အော်သူက အော်နေ သေးသည်။ ကားပေါ် က မုဆိုးကတော့ အနိုင်ရသူ မျက်နှာနှင့် သားကောင် သုံးကောင်ကို လှည့်ကြည့်ကာ ပီတိဝေ နေတော့သည်။
Myawady Daily