နိုင်ငံ့လုံခြုံရေးနှင့် အမျိုးသားရေးဆိုင်ရာ ပြဿနာဖြစ်စေသည့် ရိုဟင်ဂျာ အသုံးအနှုန်း
ပို့စ်တင်ချိန်
- 4/05/2014 04:56:00 PM
ရိုဟင်ဂျာ ဆိုတဲ့အသုံးအနှုန်းဟာ အခုအချိန်မှာ သာမာန်ပြဿနာတစ်ရပ်အနေနဲ့ မှတ်ယူလို့မရတော့ဘဲ နိုင်ငံ့လုံခြုံရေးနဲ့ အမျိုးသားရေးဆိုင်ရာပြဿနာအဖြစ် ကူးပြောင်းရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီပြဿနာမျိုးဟာ လွတ်လပ်စွာပြောဆိုခွင့် ရှိတယ်ဆိုတဲ့ ရှုထောင့်တစ်ခုတည်းက ကြည့်လို့မရဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ နိုင်ငံတော်အခြေခံမူတွေနဲ့ ဆက်စပ်ထည့်သွင်းစဉ်းစားရတဲ့ လုပ်ငန်းစဉ်လို့ ရှုမြင်ဖို့လိုပါတယ်"ဟု နိုင်ငံတော်သမ္မတ ၏ ပြောရေးဆိုခွင့် ရှိသူ လည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်သည့် ဦးရဲထွဋ် က ပြောသည်။
မတ် ၃၀ ရက် မှစ၍ ဆောင်ရွက်လျက်ရှိသည့် ၂၀၁၄ခုနှစ်ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် ဧပြီလ ၂ ရက်အထိ အိမ်ထောင်စုပေါင်း ၄၆၈၂၀၉၆ ကောက်ယူရရှိပြီးဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းစဉ်၏၄၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ သိရှိရသည်။
တစ်နိုင်ငံလုံးတွင် ထိုကဲ့သို့ အဆင်ပြေ ချောမွေ့နေ သော်လည်း ရခိုင်ပြည်နယ်တွင်မူ ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကြောင့် သန်းခေါင် စာရင်းကောက်ယူ ခြင်း လုပ်ငန်းတွင် အနှောင့်အယှက်အချို့ဖြစ်ပေါ်လျက် ရှိသည်။
ယခုအခါ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီလူမျိုးအချို့က သန်းခေါင် စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာလူမျိုး အမည်ကိုသာ ထည့်သွင်းပေးရန် အတင်းအကျပ် တောင်းဆိုလာသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းအချို့ကလည်း ၎င်းအမည်ကိုဖော်ပြသင့်ကြောင်း လူ့အခွင့်အရေးရှုထောင့်မှ ချဉ်းကပ်ပြောဆိုမှုများရှိလာသည်ကိုတွေ့ရသည်။
ရိုဟင်ဂျာ အသုံးအနှုန်းကို နိုင်ငံရေးမှာ အသုံးပြုခဲ့တဲ့အတွက် ရခိုင်ပြည်နယ် အတွင်းမှာ ၂၀၁၂ ခုနှစ်နိုဝင်ဘာလမှစ၍ လူပေါင်း ၂၀၀ခန့် သေကျေခဲ့ရပြီး ၂၆၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အိမ်ခြေ ၈၆၁၄လုံးမီးလောင်ပျက်စီးခဲ့ပြီး လူပေါင်းတစ် သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြကြောင်း မှတ်တမ်းများအရ သိရှိရသည်။ ယင်းဖြစ်စဉ်များကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သူများအား ကူညီဆောင်ရွက်မှုများကို နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ယနေ့တိုင် ကူညီပူးပေါင်းဆောင်ရွက်နေရဆဲဖြစ်သည်။
ထိုသို့ နိုင်ငံတကာက ပြောဆိုမှုများနှင့်ပတ်သက်၍ "အခုလို သန်းခေါင် စာရင်းကောက်တဲ့နေရာမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသုံးမပြုတာ ဟာ သန်းခေါင်စာရင်း အကျိုးရလဒ်နဲ့အနှစ်သာရကို မထိခိုက်နိုင်ပါဘူး။
ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့နိုင်ငံတွင်းမှာရှိတဲ့ ပြည်သူတွေကလည်း ကန့်ကွက်တာမျိုးမရှိပါဘူး။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကြောင့် လူတစ်ဦး ချင်းစီရဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေ ဆုံးရှုံးနေတယ်လို့ စွပ်စွဲပြောဆိုတာတွေနဲ့ ပတ်သက်ပြီး ပကတိဖြစ်ရပ်မှန်တွေနဲ့ အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိ ဆန်းစစ်ကြဖို့လိုပါတယ်"ဟု ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေး မှူးဒေါ်ခိုင်ခိုင်စိုးက ရှင်းပြခဲ့သည်။
ရိုဟင်ဂျာအမည် စတင်ဖြစ်ပေါ်လာရခြင်းနှင့်ပတ်သက်၍လည်း ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က "တရားဝင်မှတ်တမ်းတွေ အရ ပြောရမယ် ဆိုရင်မြန်မာနိုင်ငံမှာ ဗြိတိသျှကိုလိုနီလက်ထက် ၁၉၃၁ခုနှစ်က သန်းခေါင်စာရင်းကောက်ယူခဲ့မှု၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃၊ ၁၉၈၃ ခုနှစ်ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုတွေမှာ လက်ရှိဘင်္ဂါလီလူမျိုးတွေက ဘင်္ဂါလီလို့ပဲ တရားဝင်လက်ခံဖော်ပြ သုံးနှုန်းခဲ့ကြပါတယ်။
၂၀၁၂ခုနှစ် မေလအတွင်းက ရခိုင်ပြည်နယ်တစ်ခုလုံးမှာ အိမ်ထောင်စု စာရင်း ကောက်ယူခဲ့ရာမှာလည်း ဘင်္ဂါလီ လူမျိုးလို့ပဲ တရားဝင်သုံးစွဲခဲ့ ပါတယ်။အဲဒီနောက်ပိုင်း ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီလူမျိုး အကြား ပဋိပက္ခဖြစ်ပွားပြီးမှပဲ ရိုဟင်ဂျာလို့ပြောင်းလဲသုံးနှုန်းလာတာ တွေ့ ရပါတယ်။ ဒါ့အပြင် အိမ်ထောင်စု စာရင်းကောက် တဲ့သူတွေကို ရန်ပြုတာ၊ အကြမ်းဖက်တိုက်ခိုက်လာတာတွေကိုလည်း တွေ့ရပါတယ်"ဟု ရှင်းပြခဲ့ သည်။
ဆက်လက်၍ ၎င်းက "တကယ်တမ်းပြောရရင် မြန်မာ့သမိုင်းကိုလေ့လာ ကြည့်တဲ့အခါ ရိုဟင်ဂျာ ဆိုတဲ့ဝေါဟာရဟာ ၁၉၄၆ ခုနှစ်ကနေ ၁၉၅၀ ကျော်နှစ်တွေအထိ ရခိုင်ပြည်နယ်မှာဖြစ်ပေါ်ခဲ့တဲ့ မူဂျာဟစ် ခွဲထွက်ရေးလှုပ်ရှားမှုတွေက တစ်ဆင့် စတင်ပေါ်ပေါက်ခဲ့တာ ကို လေ့လာတွေ့ရှိရပါတယ်။ သန်းခေါင်စာရင်းမကောက်မီ အစောပိုင်း တုန်းက ဒီလိုပြဿနာတွေမရှိခဲ့ဘဲ အခုနောက်ပိုင်းမှသာဒါကို သိသိသာ သာ ရှေ့တန်းတင်လာတဲ့အတွက် အခု လုပ်ဆောင်နေတဲ့ သန်းခေါင် စာရင်းကောက်ယူတဲ့ လုပ်ငန်းအပေါ်မှာ အခွင့်ကောင်းယူပြီး ဆောင်ရွက် လာတဲ့ ဖြစ်စဉ်လို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်"ဟု သုံးသပ်ပြောပြခဲ့သည်။
သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းစဉ်ကို နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူအားလုံးက အမျိုးသားရေး တာဝန်အဖြစ်ခံယူလျက် တည်ငြိမ်အေးချမ်းစွာ အင်တိုက်အားတိုက်ဝိုင်းဝန်းကူညီ ဆောင်ရွက် လျက်ရှိကြသော်လည်း အချို့အချို့သော ပုဂ္ဂိုလ်အချို့၏ နှောင့်ယှက်မှု များကြောင့် လုပ်ငန်းကြန့်ကြာမှုများ၊ အဟန့်အတားများဖြစ်စေ ကြောင်း သိရသည်။
လက်ရှိသန်းခေါင်စာရင်း ကောက်ယူနေမှုနှင့်ပတ်သက်၍ တွေ့ကြုံရမှုကိုညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက "ရိုဟင်ဂျာ ဆိုတဲ့ လူမျိုးအမည်ကိုနိုင်ငံတော်က လက်ခံထားတာမရှိပါဘူး။ တည်ဆဲဥပဒေတွေနဲ့လည်း ကိုက်ညီမှုမရှိပါဘူး။ ဒါကြောင့် သန်းခေါင်စာရင်းမေးခွန်းပုံစံမှာ ရိုဟင်ဂျာဆိုတဲ့အမည်ထည့်သွင်းဖို့ ခွင့်မပြုပါဘူး။ တရားဝင်ရှိပြီးသား လူမျိုးအမည်ကို ပြောဆိုမယ်ဆိုရင် သူတို့ကို သန်းခေါင်စာရင်းကောက်ယူပါတယ်။ အဲဒီလူမျိုးအမည်မှာ မပြောနိုင်သေးဘူး ဆိုရင်လည်း အဲဒီအမည်ကို လတ်တလော မကောက်ယူသေးဘဲ တခြားအချက်အလက်တွေကို ဖြေကြားပေးမယ်ဆိုရင် သန်းခေါင် စာရင်းကောက်ယူပေးနေပါတယ်။ ရိုဟင်ဂျာလို့ပြောတာနဲ့ ဆက်မကောက် တာ မဟုတ်ပါဘူး"ဟု ပြောပြသည်။
ဆက်လက်၍ ၎င်းက "အခုဖြစ်နေတာက ဘာမှကိုမေးလို့မရဘူး။ မေးသမျှကို လူနာမည် ရိုဟင်ဂျာ၊ အဖေနာမည် ရိုဟင်ဂျာ၊ အမေနာမည်ရိုဟင်ဂျာ၊ လူမျိုး ရိုဟင်ဂျာဆိုပြီး ပြောနေတာမျိုးတွေတောင် ရှိပါတယ်။ဒါကြောင့် ကျွန်မတို့က သန်းခေါင်စာရင်းကောက်ပြီး ဖိအားပေးတာ၊ခြိမ်းခြောက်တာ၊ ခွဲခြားတာမျိုး မရှိဘူးလို့ပြောချင်ပါတယ်။ လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းစေချင်တဲ့ ရည်ရွယ်ချက်တစ်ခုပဲရှိပါတယ်" ဟု ရှင်းပြခဲ့သည်။
ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့၏ ဧပြီ ၁ ရက်ထုတ် သတင်း ထုတ်ပြန်ကြေညာချက်တွင်မူ "လူမျိုးအမည် ရိုဟင်ဂျာဟု ဖြေကြားလို သူများ ကိုသန်းခေါင်စာရင်း ကောက်ယူမှုမပြုခြင်းအပေါ် အလွန်စိုးရိမ်လျက် ရှိကြောင်း" ဖော်ပြထားသည်ကို တွေ့ရှိရသည်။
ရိုဟင်ဂျာ အသုံးအနှုန်းကြောင့်ဖြစ်ပေါ်လာမည့် အခြေအနေအပေါ်"ဒါဟာ သန်းခေါင်စာရင်း အကျိုးရလဒ်နဲ့ တိုက်ရိုက်မသက်ဆိုင်ပါဘူး။ ဒီအသုံးအနှုန်းကြောင့် နိုင်ငံမှာအကြမ်းဖက်မှုတွေဖြစ်ပေါ်လာမှာကို မလိုလားပါဘူး။
ဒါကြောင့်ဒီအသုံးအနှုန်းကို ရှောင်ရှားဆောင်ရွက်တာဟာ နိုင်ငံအတွက် ဒါမှမဟုတ် လူ့အဖွဲ့အစည်းတစ်ရပ်လုံး အတွက်၊ ကုလသမဂ္ဂ အပါအဝင်နိုင်ငံတကာ အဖွဲ့အစည်းတွေအတွက် ရေရှည်မြော်တွေး စဉ်းစားပေးရမယ့် မျှတတဲ့ဆုံးဖြတ်ချက်တစ်ရပ်ပဲဖြစ်တယ်ဆိုတာ ပြည်သူ လူထုသိစေချင်ပါတယ်"ဟု ဒုတိယဝန်ကြီးဦးရဲထွဋ်က ပြောကြားခဲ့သည်။
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ အစ္စလာမ်ကိုယ်စားလှယ် ဟာဂျီဦးအေးလွင်ကလည်း "ကျွန်တော့်အမြင်ကတော့ သမိုင်းကြောင်းတွေ၊ ဥပဒေတွေ ဘယ်လိုပဲရှိရှိ လောလောဆယ်အခြေအနေမှာ မိမိတို့ရဲ့ ပြည့်ဝတဲ့လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးရဖို့ ပိုပြီးအရေးကြီးပါတယ်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနဲ့ တိုင်းပြည်အေးချမ်းရေးကိုပဲ လောလောဆယ် ဦးစားပေးဆောင်ရွက်သင့် ပါတယ်။ အဲဒီလိုဆောင်ရွက်စေလိုတာဟာ မိမိတို့ရဲ့ ရချင်တဲ့ အခွင့်အရေးကို စွန့်လွှတ်ဖို့ပြောတာ မဟုတ်ပါဘူး။
တစ်ချိန်ချိန်မှာ အေးချမ်းတည်ငြိမ်သွားတဲ့အခါ ရသင့်ရထိုက် တယ်လို့ ထင်တဲ့ဟာကို တရားဥပဒေကြောင်းအရ နည်းလမ်းတကျ ပြန်ပြီး ဆောင် ရွက်နိုင်ပါတယ်။ ဦးစားပေးပေါ့။ ဦးစားပေးကတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ တည်ငြိမ်အေးချမ်းရေး။ ဒါမှလည်းအားလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်မယ်"ဟု ၎င်း၏အမြင်ကို သုံးသပ်ပြောပြခဲ့သည်။
MOI Webportal Myanmar