နှစ်သစ်ကူးမို့ ချစ်ဦးကို ရှာဖွေ
ပို့စ်တင်ချိန်
- 4/17/2014 04:49:00 PM
(ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း ရန်ကုန်သင်္ကြန်မြင်ကွင်းတစ်နေရာ (ဓာတ်ပုံ) အောင်မျိုးသန့်) |
(ဆောင်းပါးရှင် - မောင်တင်ဦး (မြောင်းမြ))
နှစ်သစ်ကူးပြီ
မြန်မာတို့ရဲ့ တစ်နည်း မြန်မာနိုင်ငံသားတို့ရဲ့ မြန်မာ့ရိုးရာစစ်စစ် အတာကူးတဲ့သင်္ကြန်ပွဲက ပြီးဆုံးလို့ သွားခဲ့ပါပြီ။ သူသူ ငါငါ အပျော်ရှာသူရော အပျော်မရှာသူတွေပါ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြတာပါ။ အချို့က ကိုယ်ထိလက်ရောက်၊ စိတ်ပါလက်ပါ ပါဝင်ဆင်နွှဲပါတယ်။ ရေပက်တယ်။ ရေအပက်ခံတယ်။ သီချင်းဆိုတယ်။ ကတယ်။ ခုန်တယ်။ မြူးတယ်။ အချို့က ရေနဲ့ဝေးရာမှာ နေပေမယ့် သင်္ကြန်ကို အဆွေးနဲ့ငေးကြတယ်။ အတွေးနဲ့ လွမ်းနေကြတယ်။ ပိတောက်နံ့ကို ရှူရင်း ပိတောက်ချစ်သူဟောင်းကို သတိရကြတယ်။ လွမ်းမောကြတယ်။
အချို့က သင်္ကြန်ကို ဆန့်ကျင်သလိုပြု ရင်း ဆင်နွှဲကြတယ်။ ယောဂီထဘီလေးဝတ်၊ ယောဂီတဘက်လေး ပခုံးပေါ်တင် ပုတီးလေး လက်ကဆွဲရင်း ဥပုသ်သီလ ဆောက်တည်ကြတယ်။ ဒါကသင်္ကြန်ကြောင့် ပေါ်ပေါက်လာတဲ့ ကောင်းကျိုးရလဒ်ပါ။
ဘာပဲဖြစ်ဖြစ် သင်္ကြန်ဟာ မြန်မာနိုင်ငံသားအားလုံးရဲ့ နှလုံးသားထဲထိ စိမ့်ဝင်နေရာယူထားတဲ့ ယဉ်ကျေးမှုပါ။ အမေရော၊ အဖေရော၊ အဘိုးရော၊ အဘွားရော ပိတောက်ကို ချစ်တတ်တယ်။ သင်္ကြန်ကို ပျော်တတ်တယ်။
နှစ်သစ်ကူးခြင်းဆိုတဲ့ အသိကလည်း လူတွေကို သတိဆွဲမိစေပါတယ်။ တစ်နှစ်တာ ငါဘာတွေလုပ်ခဲ့သလဲ။ ဘာတွေမှန်ခဲ့သလဲ။ ဘာတွေမှားခဲ့သလဲ။ ဘယ်သူ့အတွက်ကောင်း ကျိုးပြုပေးခဲ့သလဲ။ ဘယ်သူ့အတွက် မကောင်းကျိုးပြုမိခဲ့သလဲ။ အမှတ်ထင်ထင် မနေတတ်သူတွေက မိမိလုပ်ခဲ့တဲ့ လုပ်ရပ်အပေါ် နောင်တတွေရကြသလို အနုမောဒနာခေါ်စရာတွေလည်း ပေါ်လာပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တစ်နှစ်ကတော့ ကုန်ဆုံးခဲ့ပါပြီ။ ယနေ့နှစ်ဆန်း ၁ ရက်နေ့ ရောက်ပါပြီ။ ကုန်ဆုံးခဲ့တာဟာ ကျန်ရစ်ခဲ့တာ ဖြစ်ကောင်းဖြစ်ပေမယ့် မမေ့ကောင်းတာတွေက ရင်ထဲမှာ စွဲထင်နေဆဲပါ။
၁၃၇၅ ခုနှစ်မှ ၁၃၇၆ ခုနှစ် အကူးအပြောင်း မကြာစတောင်းကြာစတောင်းမျှသာ ကြာပေမယ့် အပြောင်းအလဲကတော့ တကယ်ဖြစ်ထွန်းလာရမှာပါ။ ပြောင်းလဲလိုသည်ဖြစ်စေ၊ မပြောင်းလဲလိုသည်ဖြစ်စေ သဘာဝကြီး ကတော့ ပြောင်းလဲခဲ့ပါပြီ။ ပြောင်းလဲမှုသဘာဝ ဘီးကြီးကို ဆွဲချည်ထားလို့ မရပါဘူး။ ဟန့်တားထားလို့ မရပါဘူး။ တစ်နှစ်ကတော့ ကူးပြန်ပြီ။ အချစ်သစ်တွေ ထူးလာသလား။ အပြစ်သစ်တွေ ထူးလာသလား။
ဒီမိုကရေစီလုံမပျို
၁၃၇၆ ခုနှစ်ဟာ ဒီမိုကရေစီခရီးကြမ်းတစ်လျှောက် ရုန်းကန်လှုပ်ရှားခဲ့တဲ့ ဒီမိုကရေစီ လုံမပျိုအတွက် လွတ်လပ်စွာပျံသန်းခွင့် ရလေမလားလို့ မျှော်မှန်းဒီဂရီမြင့်တက်လာတဲ့ နှစ်ဖြစ်ပါတယ်။ ၁၃၇၆ ခုနှစ်ဆီမှာ ဒီမိုကရေစီ ရောင်နီလေးသန်းသလို၊ ဒီမိုကရေစီရနံ့လေး သင်းသလို၊ ဒီမိုကရေစီ အထိအတွေ့လေး ခံစားရသလို ဖြစ်လာနေပါတယ်။
လုံမပျို ရင်ဖိုရတဲ့နှစ်လို့ ဆိုရမှာပါ။ ပြည်သူတွေကလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ပြောနေကြပြီ။ လေးပွင့်ဆိုင် ခေါင်းဆောင်လေးဦး (သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်)တို့ တွေ့ဆုံဆွေးနွေးတော့ မလိုလို။ သူတို့ဆွေးနွေးပြီးရင် ဒီမိုကရေစီအခန်းသစ် ဖွင့်လှစ်တော့မှာလိုလို လိုလိုတွေနဲ့ ရင်ဖိုစရာတွေက နှစ်သစ်ထဲမှာ ပျံ့နှံ့နေပါတယ်။ လုံမပျိုကို မျှော်လင့်ချက်တွေ ပေးနေတာလား။ ပုံပြောနေတာလား။ စောင့်ကြည့်နေရဦးမှာပေါ့။
ချစ်ဦးကို ရှာဖွေ
ဒီလို မရေရာမှုတွေထဲမှာ ရင့်ကျက်မှုမရှိလှသေးတဲ့ လောကီသူလေး ဒီမိုကရေစီလုံမပျို ဟာ ချစ်ဦးသူကို ဘယ်လိုရွေးရမလဲ။ ဝေခွဲမရဖြစ်နေပါတယ်။ ဘေးဘီပတ်လည်မှာ ၀န်းရံနေတဲ့ ပိုးပန်းနေသူအားလုံးထဲမှာ အချစ်စစ်က ဘယ်သူ့ဆီမှာ ရှိသလဲ။ လုံမပျိုကို တစ်သက်လုံး ရိုးမြေကျချစ်သွားမယ့် ချစ်ဦးသူက ဘယ်သူလဲ။ ဟန်ရေးတပြပြ၊ ဟန်ရေး တကြွကြွ၊ လှံရေးကစားလှတဲ့ လုလင်ပျိုကိုပဲ ချစ်သူရွေးရမလား။
ကြိုးကြိုးကုတ်ကုတ်နေပြီး အမေ့အလိုကျပါပဲ၊ အဖေ့အလိုကျပါပဲဆိုကာ သားလိမ္မာဟန်ဆောင်ထားတဲ့ ကိုယ်ပိုင်နှလုံးသား ခံစားချက်ကို အမေ၊ အဖေ ပြောသမျှ မှန်၏၊ မှား၏ မဝေဖန်ရဲသူကိုဘဲ ချစ်သူရွေးရမလား။
လုံမပျိုနဲ့ တန်းတူညီမျှ၊ ကျရာတာဝန်အတူတူ မောင်တစ်ထမ်း၊ မယ်တစ်ရွက် လုံမပျို လျှောက်လှမ်းလိုတဲ့လမ်းနဲ့ လုလင်ပျိုသွားလိုတဲ့ခရီး တစ်ခရီးတည်းဖြစ်၊ ရည်မှန်းချက်တူ။ ဒီမိုကရေစီနိုင်ငံကိုမှ ထူထောင်လိုသူကိုပဲ ချစ်သူရွေးမလား။
လုံမပျိုကတော့ စိတ်ကူးတွေယဉ်၊ အိပ်မက်တွေမက်၊ ကြိတ်မှိတ် ရင်တွေခုန်နေချိန်ပေါ့။ လုံမပျိုနံဘေးမှ ချစ်ခွင့်ပန်နေတဲ့ လုလင်တို့ရဲ့ အပြုအမူ၊ အနေအထိုင်၊ အရည်အချင်းတွေကလည်း သူမသာ၊ ကိုယ်မသာ။
နောက်ဆုံး လုံမပျို သူ့ရင်နဲ့ခံစားမိတဲ့အတိုင်း နှလုံးသားနဲ့ ဦးနှောက်က စည်းချက်ညီညီ ဆုံးဖြတ်ပေးတဲ့အတိုင်း နှစ်သစ်ကူးမှာ ချစ်ဦးကိုရှာဖွေဖို့ စိတ်ပိုင်းဖြတ်လိုက်ချိန်မှာ အမေက စာအုပ်တစ်အုပ် လက်ထဲလာထည့်ပေးပါတယ်။ စာအုပ်က ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ။
လုံမပျို ရွေးချင်တာရွေးမရအောင် ဥပဒေ၊ ပုဒ်မတွေနဲ့ ပိတ်ဆို့ထားတာ တွေ့ရပါတယ်။ လုံမပျို နင်ကြိုက်တဲ့ချစ်သူကို လွတ်လွတ်လပ်လပ် ရွေးလေတဲ့။ ပြီးမှ ငါတို့သဘောကျတဲ့သူတော့ ဖြစ်ရမယ်တဲ့။ ငါတို့သဘောမကျရင်တော့ နင်တို့ချစ်ခြင်းကို ခွဲရမှာပဲတဲ့။ အမေက စာအုပ်ကြီးကလေသံအတိုင်း တစ်ပြားမှ မလျှော့ဘဲ တင်းတင်းရင်းရင်းကြီး ပြောလာပါတယ်။
လုံမပျိုခမျာ စိတ်ထဲက ချစ်သူကိုပုံဖော်ကြည့်လိုက်ပါတယ်။ သေချာပေါက် စာအုပ်ကြီးနဲ့မကိုက်၊ အမေ အဖေ အကြိုက်နဲ့လည်း မညီ။ လုံးဝငြင်းပယ်ခံရမယ့် ချစ်သူဆိုတာ စိတ်ထဲက သိလိုက်ပါတယ်။ အဖေ အမေတို့ က ရှေးရိုးစွဲသမားကြီးတွေ တစ်သွေး၊ တစ်သံ၊ တစ်မိန့်သမားတွေ။ ပြန်ပြောတာမကြိုက်၊ ပြန်လည်ဝေဖန်တာ ခွင့်မပြု။ အတွန့်တက်တာ နားမထောင်ချင်ဘူး။ စာအုပ်ကြီးထဲကအတိုင်း တစ်သဝေမတိမ်း လိုက်နာတာပဲလိုချင်တဲ့ မိဘတွေ။
လုံမပျို ဘာလုပ်ရမလဲ။
နှစ်သစ်ကူးမို့ ချစ်ဦးကိုရှာဖွေ . . . ဆို တဲ့သီချင်းကို အသံမထွက်ဘဲ ညည်းနေရင်း ၁၃၇၆ ခုနှစ်ကို ကြိုဆိုရမှာလား။ လျစ်လျူ ရှုထားရမလား။ ဝေခွဲမရမီ လုံမပျိုအားကိုးရတဲ့ မိတ်ဆွေပြည်သူတွေကို မျက်နှာငယ်နဲ့ အကူအညီတောင်းမိတယ်။ ပြည်သူတွေက လုံမလေး သဘောကျလုပ်ဖို့ အပြည့်အ၀ ထောက်ခံကြတယ်။ အားပေးကြတယ်။ စာအုပ်ကြီးကို လက်မခံနဲ့။ တစ်သက်ပန် ဒုက္ခတွေ့သွားမယ်။ လာမယ့်ဘေး ပြေးတွေ့။ နှစ်သစ်မှာ အချစ်စစ်ကိုရှာ။ ထာဝရပေါင်းရမှာက လုံမလေး။ အားပေးသံတွေ သောသောညံညံ။ လုံမလေး အားတက်ပါဘိ။ ဘာပဲဖြစ်ဖြစ် အရဲစွန့်ရတော့မှာပဲ။
နောက်ဆုံး . . . လုံမလေး ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါတယ်။ ဒီနှစ်မှာတော့ ဒီမိုကရေစီမင်းသားလေးကိုပဲ နှစ်သစ်ကူးရဲ့ အချစ်ဦးအဖြစ် ရွေးချယ်လိုက်ပါတော့မယ်။ ပြည်သူတို့ ထောက်ခံအားပေးကြပါ။
Eleven Media Group