လက်ပံတောင်းတောင် စီမံကိန်း၏ စွန့်ပစ်ကျောက် တန်ချိန်တစ်ဘီလျံမှ ထွက်ပေါ်လာသော အက်စစ်ပျော်ရည်သည် ကြီးမားသောအန္တရာယ် ဖြစ်လာနိုင်ကြောင်း ESIA အစီရင်ခံစာတွင် ဖော်ပြ၊ မိုင်းကျင်းရေပုပ် အန္တရာယ်ကြောင့် နောင်နှစ် ၃၀ အကြာတွင် ချင်းတွင်းနှင့် ဧရာဝတီမြစ်အား ကြီးမားစွာ ဒုက္ခပေးနိုင်ဟု သီးခြားဆောင်းပါးတစ်ခု၌ ဖော်ပြထား

ပို့စ်တင်ချိန် - 3/15/2014 10:51:00 AM



(လက်ပံတောင်းတောင်စီမံကိန်း စွန့်ပစ်မြေစာများအား စုပုံထားသောနေရာနှင့် ထိစပ်နေသော ဒေသခံများ၏ လယ်မြေများအား တွေ့ရစဉ် (ဓာတ်ပုံ - ဖြိုးဝေ))
လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း၏ အဓိကဆိုးကျိုးများအနက် စွန့်ပစ်ကျောက်များမှ ထွက်ပေါ်လာသည့် အက်ဆစ်ပျော်ရည်သည် စီမံကိန်းဧရိယာ၏ မြေပေါ်နှင့် မြေအောက်ရေတို့အား အလွန်အမင်း ဆိုးရွားသော အန္တရာယ် ဖြစ်လာစေနိုင်ကြောင်း သြစတြေးလျနိုင်ငံ Knight Pie’sold-KP) က ရေးသားထားသည့် ပတ်ဝန်းကျင်နှင့် လူမှုထိခိုက်ခြင်းဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာ(ESIA)အရ သိရသည်။

စီမံကိန်းမှ မိုင်းသက်တမ်းနှစ် (၃၀) အတွင်း ခန့်မှန်းတစ်ဘီလျံတန် ကြေးနီများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စွန့်ပစ်ကျောက်များ ဖယ်ရှားမှု အချိုး ၀ ဒသမ ၉၉ အရ စွန့်ပစ် ကျောက်တစ်ဘီလျံတန် ထွက်ရှိလာမည် ဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံအခြေစိုက် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ ကြေးနီသတ္တု တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ စွန့်ပစ်ကျောက်များမှ ဖြစ်ပေါ်လာသော သတ္တုဓာတ်ပါသည့် အက်စစ်ပျော်ရည်သည် စီမံကိန်းဧရိယာ၏ မြေပေါ်နှင့် မြေအောက်ရေတို့အား ပတ်ဝန်းကျင်ဆိုင်ရာ အလွန်အမင်း ဆိုးရွားသော အန္တရာယ်တစ်ခု ဖြစ်စေနိုင်ပြီး ယင်းအပြင် စီမံကိန်းဧရိယာမှ ထွက်ရှိလာနိုင်ဖွယ်ရှိသော ရေသည်လည်း အန္တရာယ် ဖြစ်စေနိုင်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

အဆိုပါ အန္တရာယ်ဖြစ်စေမည့် ပစ္စည်းပမာဏ အမြောက်အမြားကို စွန့်ပစ်မြေစာပုံ (WRD) တွင် ပုံထားသော်လည်း ဟင်းလင်းပွင့် သတ္တုတွင်း၌လည်း ယင်းအန္တရာယ်ရှိနေကြောင်း ဖော်ပြထားသည်။

အက်စစ်ဖြင့် သတ္တုရည်ဖျော်ထုတ်ခြင်းသည် မိုင်းပိတ်သိမ်းပြီးနောက် ထူးထူးခြားခြား စီမံခန့်ခွဲရမည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ EMP ၏ အပိုင်း (၈)ပါ လိုရင်းဖော်ပြချက်အတိုင်း သင့်လျော်သော စီမံခန့်ခွဲမှု အတိုင်းအတာများကို ARD အား မဆောင်ရွက်နိုင်ခဲ့လျှင် စီမံကိန်း၏ ပတ်ဝန်းကျင်ဆိုင်ရာ အလွန်ဆိုးရွားသည့် ချို့ယွင်းချက် ဖြစ်လာနိုင်ပါသည်။

အထက်ပါ လိုအပ်ချက်များကို ဂရုတစိုက် ဆောင်ရွက်ခြင်းမပြုပါက တည်ဆောက်ရေးလုပ်ငန်း စတင်သည်မှ လည်ပတ်ထုတ်လုပ်ပြီး မိုင်းပိတ်သိမ်းချိန်အထိ ယင်းအင်္ဂါရပ်များမှာ မိုင်းပိတ်သိမ်းခြင်း အပြီးတွင် အန္တရာယ်အကြွင်းအကျန် အမွေအဖြစ် ကျန်ရစ်သွားမည်ဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ စွန့်ပစ်ကျောက်တုံးပုံတွင် စွန့်ပစ်မည့် ကျောက်တုံးများကို ဘူမိဓာတု အရည်အသွေး စစ်ဆေးရာ၌ စစ်ဆေးသည့် ကျောက်တုံးများ၏ ၇၁ ရာခိုင်နှုန်းသည် ရေ၊ လေတို့နှင့် ထိတွေ့ပါက အက်ဆစ်ရေများကို ဖြစ်စေနိုင်ပါပြီး ၁၈ ရာခိုင်နှုန်းသည် အခြားဓာတ်သတ္တုများ ပါဝင်သည်ကို တွေ့ရှိရကြောင်းနှင့် အဆိုပါကျောက်တုံးများနှင့် ထိတွေ့သည့်ရေတွင် အက်ဆစ်ဓာတ် များလာသည်နှင့်အမျှ သတ္တုမော်လီကျုများ ပိုမိုဖျော်ထုတ် လာနိုင်ကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

အလားတူပင် စီမံကိန်း၏ အခြားသော ဆိုးကျိုးများဖြစ်သည့် စီမံကိန်းအတွင်းရှိ လယ်မြေနှင့် နေအိမ်များ ဆုံးရှုံးခဲ့သည့် ဒေသခံများနှင့် ဖြစ်ပွားနေသော ပြသနာများအား အမြန်ဆုံးဖြေရှင်းရန်နှင့် ပြန်လည်နေရာချထားရေး အရေးယူစီမံချက်အား ပြီးဆုံးသည်အထိ တာဝန်ယူသင့်ကြောင်း အစီရင်ခံစာတွင် အကြံပြုထားသည်။

ထို့ပြင် စီမံကိန်းပတ်ဝန်းကျင်ရှိ လူမှုအဖွဲ့အစည်းများနှင့် သဘောထား ကွဲလွဲခြင်းသည် မြန်မာဝမ်ပေါင် ကုမ္ပဏီအတွက် ကျေးရွာသားများ၏ ယုံကြည်ကိုးစားမှုနှင့် လည်ပတ်ထုတ်လုပ်ရန် လူမှုရေးပိုင်းဆိုင်ရာ ခွင့်ပြုချက်တို့ရရှိရန် လိုအပ်ကြောင်းနှင့် အခြားသော အဓိကဆိုးကျိုးဖြစ်နိုင်သည့် အချက်များအား အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ ကြေးနီထုတ်လုပ်မှု ဒီဇိုင်းကို ESIA မှ အခြေခံစစ်တမ်း ထုတ်ခဲ့ရာ ကြေးနီသတ္တုရိုင်း (ore) နှင့် သတ္တုတွင်းစွန့်ပစ်မြေစာ(waste) များ တူးဖော်ထုတ်လုပ်မည့် ဟင်းလင်းပွင့် သတ္တုတူးဖော်ခြင်း၊ ကြေးနီသတ္တုရည် ထုတ်လုပ်ရန် သင့်တော်သော အရွယ်အစားသို့ ရောက်အောင် အဆင့်ဆင့်ကြိတ်ခွဲခြင်း၊ ကြေးနီပျော်ဝင်ရည် ထုတ်ခြင်းနှင့် ၎င်းပျော်ရည်မှ လျှပ်စစ်ဖြင့် ဓာတ်ဖြိုခွဲပြီး ကြေးနီသတ္တုစင် ထုတ်လုပ်ခြင်းစနစ်၊ စက်ရုံတစ်ခု တည်ဆောက်ပြီး ကြေးနီသတ္တုစင်များ ထုတ်လုပ်ရောင်းချခြင်း စသည့်အချက်များ ပါဝင်နေပြီး ခန့်မှန်းသတ္တုတွင်း သက်တမ်းမှာ နှစ် (၃၀) ဖြစ်ကြောင်း ဖော်ပြထားသည်။

စီမံကိန်းမှ နေ့စဉ် စုစုပေါင်းသတ္တုရိုင်း ၉၂၅၀၀ တန်ကို ထုတ်လုပ်ပြီး သတ္တုရည် ဖျော်ထုတ်မည့် သတ္တုရိုင်းအပုံ (HLPs) နေရာများ၌ စုပုံတင်သွားမည်ဖြစ်သည်။ ယင်းမှ တစ်နှစ် ကြေးနီတန် ၁၀၀, ၀၀၀ ထုတ်လုပ်မည်ဖြစ်ပြီး မလိုလားသည့် စွန့်ပစ်ကျောက် များဖယ်ရှားခြင်း အချိုးသည် ၁၊ ၀ ဒသမ ၉၉ နီးပါးဖြစ်ပြီး တစ်နှစ်တွင် ၃၀ မက်ထ ရစ်တန် (30Mtpa) စွန့်ပစ်ကျောက်များ (waste rock) ဖယ်ရှားမည်ဖြစ်သည်။ စွန့်ပစ်ကျောက်များကို သတ္တုတွင်းပတ်လည် နေရာသုံးနေရာတွင် စုပုံထားမည်ဖြစ်ပြီး ယင်းသို့ပုံခြင်းကို မိုင်းသက်တမ်း (၁၉)နှစ် အတွင်း ဆောင်ရွက်မည်ဖြစ်သည်။

ထိုသို့ စုပုံခြင်း ၁၉ နှစ်ပြီးနောက် တူးပြီးတွင်းဟောင်း နေရာများကို ပြန်လည်ဖြည့်တင်း သွားမည်ဖြစ်သည်။ စွန့်ပစ်ကျောက်တုံးပုံ (WRDs) သည် အမြင့် ၈၅ မီတာမှ မီတာ ၁၅၀ အမြင့်ထိရှိမည်ဖြစ်ပြီး အဆင့်ဆင့် ကြိတ်ခွဲစက်များသည် ဟင်းလင်းပွင့်တွင်း အတွင်းဘက်၌ ရွေ့လျားသယ်ယူနိုင်ပြီး ကြိတ်ခွဲပြီး သတ္တုရိုင်းကျောက်များကို အဆင့်ဆင့် အပုံပုံစက်များမှ (HLPs) များသို့ သယ်တင်ပေးမည် ဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

လက်ပံတောင်းတောင်စီမံကိန်း လုပ်ဆောင်ခြင်းသည် ဆိုးကျိုးများစွာ ဖြစ်ပေါ်လာနိုင်စေပြီး ဆောက်လုပ်ခြင်းကာလ၊ တည်ဆောက်ဆဲကာလနှင့် ထုတ်လုပ်မှုကာလ စသည့်လုပ်ငန်းစဉ်များ အပါအ၀င် သတ္တုထုတ်လုပ်ငန်းများပြီးစီး၍ မိုင်းပိတ်သိမ်းခြင်း လုပ်ငန်းစဉ် လုပ်ဆောင်သည်အထိ ဆိုးကျိုးများစွာ တွေ့ရနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းကဲ့သို့ ကြေးနီမိုင်းတူးခြင်းကြောင့် ဖြစ်ပေါ်လာသော မိုင်းကျင်းချိုင့်ကြီးများသည် (မြန်မာနိုင်ငံတွင် စံပယ်တောင် ကြေးနီမိုင်းတူးခြင်းကြောင့် ကြီးမားသော ချိုင့်ဝှမ်းကျန်ခဲ့ခြင်း) ရေဖြည့်ပြီး ကျင်းချိုင့်ရေ အိုင်၊ ရေပုပ်ကျင်းဟုခေါ်ဆိုမှုများရှိပြီး အဆိုပါ ကျင်းချိုင့် ရေပုပ်အိုင်များသည် ကြီးမားပြင်းထန်သော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများစွာ ဖြစ်ပေါ်စေကြောင်း သိပံ္ပပညာရှင် ညိုမှိုင်းဝေက ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလထုတ် Myanmar Environmental & Economic Review ဂျာနယ် အတွဲ(၃) အမှတ် (၁)တွင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါရေးသားချက်တွင် ရေပုပ်အိုင်များသည် အက်စစ်များ၊ ငရဲမီးပါသောရေများ၊ အာဆင်းနစ်၊ ကဒ်မီယံ၊ သွပ်နှင့် ဆာဖြူရစ်အက်စစ်များ အများအပြား ပါရှိနေပြီး အမေရိကန်နိုင်ငံရှိ ဘာကလေကျင်းချိုင့်ရေ ပုပ်အိုင်သည် တစ်မိုင်ရှည်၍ မိုင်ဝက်ကျယ်ကာ ပေ ၁၇၈၀ နက်ပြီး မြေဧရိယာစုစုပေါင်း ၆၇၅ ဧကကို ၀ါးမျိုထားပြီး အန္တရာယ်ဖြစ်စေနိုင်သော ဓာတုပစ္စည်းများဖြစ်သည့် ငရဲမီးပါသောရေများ၊ အာဆင်းနစ်၊ ကဒ်မီယံ၊ သွပ် နှင့် ဆာဖြူရစ်အက်စစ်များ အများအပြား ပါဝင်နေသည်။

ဘာကလေရေပုပ်အိုင်တွင် ရေပုပ်ဂါလန် ၂၆ ဘီလျံရှိနေပြီး သတ္တုများ ပျော်ဝင်နေသောကြောင့် အဆိပ်ဖြစ်နေသည်။ ကျင်းချိုင့်ရေ များမြေအောက်ရေသို့ မရောက်စေရန် စိုးရိမ်ရေမျက်နှာပြင်အမှတ် သတ်မှတ်ထားရပြီး စိုးရိမ်ရေမှတ်သို့ မရောက်ရှိရန် ရေသန့်စက်ရုံ တည်ဆောက်ခြင်း၊ ရေလွှဲပြောင်းဆည် တည်ဆောက်ခြင်း စသည့်ကြီးမားသော ကုန်ကျစရိတ်များအား ပြည်ထောင်စု အထူးရန်ပုံငွေမှ စိုက်ထုတ်သုံးစွဲနေရသည်။ အလားတူပင် အမေရိကန်ပြည်ထောင်စုတွင်ပင် တည်ရှိသည့် ကမ္ဘာ့အကြီးဆုံး ဘင်ဂဟန်ကြေးနီမိုင်းသည် မြေပြိုမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာသန်း ဆယ်ဂဏန်းကျော် ဆုံးရှုံးခဲ့ရသည်။

မြန်မာနိုင်ငံတွင်လည်း စံပယ်တောင်၊ ကြေးစင်တောင်၊ လက်ပံတောင်းတောင်တို့ တွင် ကြေးနီမိုင်းတူးဖော်ခြင်းမှ ဖြစ်ပေါ်လာသော ရေပုပ်အိုင်တို့သည် နှစ်ပေါင်း ၃၀ ကြာ လျင် မုံရွာရှိ ချင်းတွင်းမြစ်နှင့်ချင်းတွင်းမြစ်မှ ဧရာဝတီမြစ်ထဲသို့ ရောက်ရှိ၍ ဘာကလေနှင့် ဘင်ဂလန်ကျင်းချိုင့် ရေပုပ်အိုင်များကဲ့သို့ လူများအပါအ၀င် သက်ရှိများ အန္တရာယ်ကြီးမားစွာ ပေးလာမည်ဖြစ်ပြီး အနာဂတ်တွင် မျိုးဆက်များ ဒုက္ခကြုံတွေ့ခြင်းနှင့် ရေပုပ်များ ဧရာဝတီမြစ်အတွင်း ရောက်ရှိပါက မြန်မာနိုင်ငံ၏ ကံကြမ္မာကို စဉ်းစားရမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။



Eleven Media Group