ကိုယ်ကျင့်သိက္ခာ ထိန်းကြပါ

ပို့စ်တင်ချိန် - 3/15/2014 06:33:00 PM


Written by:
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)
မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုပြပွဲတစ်ခုကို တွေ့ရစဉ်
Ethic လို့ခေါ်ကြတဲ့ ကိုယ်ကျင့်သိက္ခာက လူတစ်ဦးချင်းဘ၀အစကနေ အဆုံးတိုင် ထိန်းသိမ်းကြရမယ်။ အချို့က အစပိုင်းမှာ ကိုယ်ကျင့်သိက္ခာရှိခဲ့ကြပေမယ့် နောက်ပိုင်းမှာ အကြောင်းကြောင်းကြောင့် ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းခဲ့သူတွေ ရှိခဲ့ကြသလို အချို့ကတော့ အစပိုင်းမှာ ကိုယ်ကျင့်သိက္ခာမကောင်းပေမယ့် နောက်ပိုင်းမှာ ကိုယ်ကျင့်သိက္ခာ ကောင်းလာသူတွေလည်း ရှိတယ်။ ဘ၀အစပိုင်းကနေ အဆုံးတိုင် ကိုယ်ကျင့်သိက္ခာ ကောင်းမွန်သူတွေကတော့ နည်းပါတယ်။

စာရေးသူရဲ့မိဘတွေက ပညာမတတ်ကြပေမယ့် စာရေးသူကို ပညာတတ်ဖြစ်စေလိုတာကြောင့် ပညာအမွေရအောင်ယူဖို့ ပြောခဲ့တယ်။ အဲဒီစကားတစ်ခွန်းက စာရေးသူရဲ့စိတ်မှာ အမြဲစွဲမှတ်နေပြီး စာနဲ့အသိပညာတွေတိုးအောင် အချိန်ကိုတန်ဖိုးထား လေ့လာဆည်းပူး သင်ယူခဲ့တယ်။

“ပညာသမာ အာဘာနတ္ထိ” ဆိုတဲ့ ပညာနဲ့ တူသောအရာ ဘယ်အရာမှမရှိဆိုတာနဲ့  “Knowledge is Power”ဆိုတဲ့  အသိပညာရဲ့ စွမ်းအားက မြင့်မားတယ်ဆိုတာတွေက စာရေးသူကို စိတ်ဓာတ်စွမ်းအားတွေ မြင့်မားစေခဲ့တယ်။ ခေတ်ကာလကိုပဲ အပြစ်ဖို့ရမလား။ အုပ်ချုပ်သူတွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ပဲ ဆိုရမလား၊ ဒီကနေ့ခေတ်မှာ ကိုယ်ကျင့်သိက္ခာမဲ့သူတွေ များလာတယ်။  မိမိနိုင်ငံနဲ့ နိုင်ငံသားတွေကို အတိဒုက္ခရောက်၊ ဆင်းရဲတွင်းနက်အောင် လုပ်ခဲ့ကြတယ်တဲ့ဗျာ။ မကြားဝံ့မနာသာ ကိုယ်ကျင့်သိက္ခာ ပျက်လာကြပုံက။ ဒါကြောင့် သက်တော်ရှည် ပဏ္ဍိတာရာမ ရွှေတောင်ကုန်း ဆရာတော်ကြီးက “သစ်သီးကို လေးစိတ်စိတ်လိုက်ရင် သုံးစိတ်က ပုပ်နေပြီ။ ကောင်းတာ တစ်စိတ်ပဲကျန်တယ်။ ပုပ်တဲ့သုံးစိတ်ထဲမှာ ကိုယ်မပါ ပါစေနဲ့။ ကောင်းတဲ့ တစ်စိတ်ထဲမှာပဲ ပါပါစေ။ ကောင်းတဲ့တစ်စိတ်မှာသော်မှ အကောင်းဆုံးဖြစ်ပါစေ” လို့ သြ၀ါဒပေးထားတယ်။

လူတစ်ဦးချင်းက မိမိရဲ့ဘ၀ပေးအခြေအနေအရ နေရာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံနဲ့ ထိတွေ့အလုပ်လုပ်နေကြရတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ ရှိကြရမယ့် ကိုယ်ကျင့်သိက္ခာကိုတော့  Business Ethics လို့ သုံးကြတယ်။ လူမှုရေးနယ်ပယ်မှာကျတော Social Ethics လို့ သုံးကြတယ်။ နိုင်ငံရေးနယ်ပယ်မှာကျတော့ Political Ethics လို့ သုံးကြတယ်။ မိမိရောက်ရှိ ကျင်လည်နေကြရတဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းကြရတာ ဖြစ်တယ်။

ကစားပွဲတွေအားလုံးရဲ့ အဆုံးစွန်မျှော်မှန်းချက်က အောင်မြင်မှုရရှိစေဖို့ ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်မှုကို ကိုယ်စားပြုတာက ရုပ်ဝတ္ထုချမ်းသာကြွယ်ဝမှုဖြစ်တယ်။ လူတစ်ဦးချင်းစီက ရုပ်ပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝမှု လောဘတွေကနေ စိတ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်သိက္ခာတွေ ပျက်ယွင်းလာကြရတာ ဖြစ်တယ်။ဒါကြောင့် မိမိတို့တစ်ဦးချင်းစီရဲ့လုပ်ဆောင်ချက်တွေကို ပြန်လည်စဉ်းစား သုံးသပ်ကြည့်ကြပါ  .  .  .

ဒီကနေ့ စီးပွားရေးနဲ့ လူမှုရေးနယ်ပယ်တွေမှာ အသုံးများလာကြတဲ့ ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းမှုနဲ့ အလားတူ စကားလုံးအစုအဖွဲ့တစ်ခုကCorporate Social Responsibility ဖြစ်တယ်။

Corporate Social Responsibility ရဲ့ သဘောတရားက စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ကြရာမှာ အစုအဖွဲ့လိုက် လူမှုရေးတာဝန်တွေ ရယူနိုင်ကြရမယ်ဆိုတဲ့ သဘောဖြစ်တယ်။ ဒီကနေ့ မျက်မှောက်ကာလမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးတွေက တစ်ခုနဲ့ တစ်ခု အပြန်အလှန် ဆက်နွှယ်နေကြတယ်။ ဒီသုံးခုမှာ ငွေကြေးနဲ့ အသိပညာပါ ပါသွားပြီးဖြစ်တယ်။ နည်းပညာပါ ထည့်လိုက်ရင် ပိုမိုပြည့်စုံသွားမယ်။ ဒါတွေကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်စေဖို့ Corporate Social Responsibility နဲ့ ထိန်းချုပ်ထားဖို့ လိုအပ်တယ်ဆိုတဲ့ သဘောဖြစ်တယ်။

နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ အဘက်ဘက်မှာ စောင့်ထိန်းအပ်တဲ့ ကိုယ်ကျင့်သိက္ခာ တစ်နည်း အစုအဖွဲ့လိုက်လူမှုရေးတာဝန်တွေ ကျေပွန်ကြရမှာဖြစ်တယ်။

သက်ဆိုင်ရာအစိုးရတွေအနေနဲ့ နိုင်ငံကို အုပ်ချုပ်ကြရာမှာ နိုင်ငံသားတွေပိုင်ဆိုင်တဲ့ သယံဇာတ ပစ္စည်းတွေကို အ၀ိဇ္ဇာဖုံး အတ္တလွန်ကဲပြီး အကျင့်ပျက်ခြစားရင် ဒါကကိုယ်ကျင့်သိက္ခာ ချွတ်ယွင်းမှုဖြစ်သွားတယ်။ ၁၉၆၀ ပြည့်နှစ် က အခုအခေါ် နယ်သာလန်နိုင်ငံ ယခင်အခေါ် ဒတ်ခ်ျနိုင်ငံမှာ စာရေးသူတို့နိုင်ငံလို သဘာဝဓာတ်ငွေ့တွေ အလျှံအပယ် ထွက်ရှိခဲ့တယ်။ အဲဒီအချိန်က နိုင်ငံကိုအုပ်ချုပ်တဲ့ အစိုးရကနေ အကျင့်ပျက်ခြစားပြီး နိုင်ငံဘဏ္ဍာ ငါ့ဘဏ္ဍာအမှတ်နဲ့ ကိုယ်ပိုင်ငွေအဖြစ် ရယူလိုက်တာကို ဒတ်ခ်ျရောဂါဖြစ်တယ် (Dutch Disease) လို့ ခေါ်ဝေါ် သမုတ်ခဲ့ကြတယ်။ ဒီဖြစ်ရပ်က မြန်မာနိုင်ငံနဲ့ ဆင်တူတယ်လို့ ဆရာကြီး ဒေါက်တာဦးမြင့်ရဲ့ ဆောင်းပါးမှာ ဖတ်လိုက်ရတယ်။

နိုင်ငံတကာနဲ့ဆက်သွယ်ပြီး ကုန်သွယ်မှုတွေလုပ်ဆောင်ရာမှာ မိမိနိုင်ငံအတွင်း ၀င်လာမယ့် သွင်းကုန်တွေကို ထိန်းပြီး မိမိနိုင်ငံကသာ အခြားနိုင်ငံကို ကုန်ပစ္စည်းတွေ တစ်ဖက်သတ်တင်ပို့ခဲ့တာကလည်း ကုန်သွယ်မှု ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းတာ ဖြစ်တယ်။

၁၉၅၀ ပြည့်နှစ်က ဂျပန်နိုင်ငံကနေ ဒီပုံစံကျင့်သုံးလုပ်ဆောင်ခဲ့ရာမှာ မိမိနိုင်ငံအတွက် စုဆောင်းငွေ ပိုလျှံစေမှု ဖြစ်စေခဲ့တယ်။ ဒီလုပ်ရပ်မှာ ဂျပန်နိုင်ငံက သူ့နိုင်ငံအကျိုးအတွက် ဆောင်ရွက်ခဲ့တာဖြစ်ပြီး စာရေးသူတို့ နိုင်ငံမှာ အာဏာရှိသူနဲ့ အခွင့်ထူးခံလူတန်းစားတွေ ပေါင်းစားတဲ့ ဗိုက်ရာဂရာ စီးပွားရေးရောဂါ (Viagra Economic Disease) ဖြစ်လာစေခဲ့တယ်။ လူနည်းစုတွေမှာ ငွေတွေ အလျှံအပယ်ကြွယ်ဝပြီး လူများစုက ဆင်းရဲတွင်းနက်ကာ နိုင်ငံအတွင်းမှာ ဆင်းရဲချမ်းသာကွာဟမှု မြင့်မားလာစေခဲ့တယ်။

အထက်မှာဆိုခဲ့တဲ့ Dutch Disease နဲ့ Viagra Economic Disease  နှစ်ခုပေါင်းလိုက်မှုကနေ စာရေးသူတို့နိုင်ငံက Least Developed Country လို့ခေါ်တဲ့ အဆင်းရဲဆုံးနိုင်ငံဖြစ်လာပြီး Chronic Poverty Disease လို့ ခေါ်တဲ့ နာတာရှည် ဆင်းရဲနွမ်းပါးမှုရောဂါ စွဲကပ်စေခဲ့တယ်။

စာရေးသူတို့ မြန်မာစကားမှာ ဒူးနေရာ ဒူး၊ တော်နေရာ တော် ဆိုတာရှိတယ်။ သဘောက အရာရာတိုင်းက နေရာမှန် သူ့နေရာနဲ့သူ ရှိရမယ်ဆိုတာဖြစ်တယ်။ အဖွဲ့အစည်းတိုင်းမှာ ခေါင်းဆောင်လုပ်သူက ခေါင်းဆောင်မှု အရည်အချင်းရှိသူ ဖြစ်ရမယ်။ နိုင်ငံတွေမှာလည်း မိမိနိုင်ငံတိုးတက်ရေးအတွက် အနာဂတ်အမြင်ရှိသူ ဖြစ်ရမယ်ဆိုတဲ့ လူမှန်နေရာမှန် ရှိစေရမယ်ဆိုတာဖြစ်တယ်။ မော်တော်ကား မမောင်းတတ်သူက ယာဉ်မောင်းနေရာမှာထိုင်ပြီး မော်တော်ကားကို မောင်းရင် မော်တော်ကားပေါ်ပါလာသူတွေအားလုံး ဒုက္ခဖြစ်စေနိုင်တယ်။ အလားတူပဲ နိုင်ငံတွေမှာ နိုင်ငံခေါင်းဆောင် အရည်အချင်းမရှိသူ၊ အနာဂတ်အမြင်မရှိသူ၊ ကိုယ်ကျင့်သိက္ခာမရှိသူက ခေါင်းဆောင်နေရာယူရင် နိုင်ငံနဲ့ နိုင်ငံသားတွေကို အောက်ဆုံးအဆင့် ရောက်ရှိစေတာဖြစ်ပြီး ဒါကို Peter Principle (Not being right man in the right place) လို့ ခေါ်ကြတယ်။ လူမှန် နေရာမှန်မဖြစ်ရင်၊ ကိုယ်ကျင့်သိက္ခာလည်း မထိန်းနိုင်ရင် ပိုဆိုးသွားစေနိုင်တယ်။ ကောင်းမွန်တဲ့ဘ၀ရဲ့ ထူးခြားချက်တွေမှာ ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေရဲ့ ကောင်းမွန်စေမှု၊ ဥာဏ်ရည် ဥာဏ်သွေးကောင်းမွန်စေမှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထူးခြားကောင်းမွန်စေမှုတွေနဲ့ ကိုယ်စားပြုနေတယ်လို့ ဆိုတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ တစ်ဦးချင်းစီရဲ့ပါဝင်မှုရှိတဲ့ ကစားနည်းတစ်မျိုးလို့ တင်စားပြောကြတယ်။ ကစားပွဲတွေအားလုံးရဲ့ အဆုံးစွန် မျှော်မှန်းချက်က အောင်မြင်မှုရရှိစေဖို့ ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်မှုကို ကိုယ်စားပြုတာက ရုပ်ဝတ္ထုချမ်းသာကြွယ်ဝမှု ဖြစ်တယ်။ လူတစ်ဦးချင်းစီက ရုပ်ပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝမှု လောဘတွေကနေ စိတ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်သိက္ခာတွေ ပျက်ယွင်းလာကြရတာ ဖြစ်တယ်။

ဒါကြောင့် မိမိတို့တစ်ဦးချင်းစီရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်စဉ်းစားသုံးသပ် ကြည့်ကြပါ။ ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းနိုင်မှု ဘယ်အတိုင်းအတာအထိ ထိန်းနိုင်ကြသလဲဆိုတာကို ဆန်းစစ်ကြည့် ကြစေလိုတယ်။ စာရေးသူရဲ့ နယ်သင်တန်းတွေနဲ့ ဟောပြောပွဲတွေမှာ မိမိနိုင်ငံသားတွေ ဆင်းရဲနေတယ်။ မိမိရဲ့ကိုယ်ကျင့်သိက္ခာကို ချိုးဖျက်ပြီး ရယူထားတာတွေကို ပြန်လည် လှူဒါန်းပေးဝေခဲ့ပေးပါ။ သေရင် ရုပ်ဝတ္ထုချမ်းသာကြွယ်ဝမှုကို မိမိနဲ့တစ်ပါတည်း သယ်ယူသွားလို့ မရနိုင်ဘူးဆိုတာပါပဲ။ နှုတ်ကြောင့်လည်း မသေပါစေနဲ့၊ လက်ကြောင့်လည်း မကြေပါစေနဲ့လို့ ဆိုချင်ကြောင်းပါ။



Opinion
News Eleven