မရွှေ့ရန် ရေလောင်း မလောင်း၍ ရွှေ့
ပို့စ်တင်ချိန်
- 3/19/2014 05:20:00 PM
ရေးသားသူ- အေးသူစံ
ဝန်ကြီးဌာန ၃၆ ခုရှိသည့်အနက် မြန်မာနိုင်ငံ၌ အစိုးရ၀န်ထမ်းပေါင်းကိုးသိန်း၏ အပြောင်းအရွှေ့ကို ကိုင်တွယ်ရာတွင် အဓိကအချက်နှစ်ချက်ရှိသည်။ ပြစ်ချက်ရှိသူဝန်ထမ်းများကို ဝေးလံခေါင်ဖျားဒေသသို့ အပြစ်ပေးသည့်အနေဖြင့် ပို့ဆောင်တာဝန်ထမ်းဆောင်စေခြင်းနှင့် နှစ်အပိုင်းအခြားသတ်မှတ်၍ အပေးအယူသဘောဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်းတို့ဖြစ်သည်။
တရားဝင်ထုတ်ပြန်ထားခြင်းမဟုတ်သော်လည်း ၀န်ထမ်းအပြောင်းအရွှေ့မူဝါဒတွင် ယင်းနှစ်ချက်ကို အဓိကကျင့်သုံးနေကြောင်း အစိုးရ၀န်ထမ်းအသိုင်းအ၀ိုင်းကဆိုသည်။ ထို့ကြောင့် အလှည့်ကျ အပြောင်းအရွှေ့ တာဝန်ထမ်းဆောင်သည့်စနစ်က အပေးအယူနှင့် မသမာမှုများစွာ ရှိနေခြင်းဖြစ်သည်။
အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို မျှော်လင့်ခဲ့သူများထဲတွင် အစိုးရ၀န်ထမ်းနှင့် ၎င်းတို့၏မိသားစုများလည်း ပါဝင်ကြသည်။ သို့သော် နေရာဒေသမရွေး တာဝန်ထမ်းဆောင်ရမည်ဟူသော သဘောတူညီချက် လက်မှတ်ရေးထိုးထားသော အဆက်အသွယ်မရှိသည့်၊ ငွေကြေးမတတ်နိုင်သည့် ၀န်ထမ်းများမှာ စည်းကမ်းချက်အတိုင်းပင် ပို့သည့်နေရာသွားကြရသည်။ မသွားနိုင်ပါက တစ်ခုတည်းသော ရွေးစရာလမ်းမှာ အလုပ်မှနုတ်ထွက်ကြရရုံသာဖြစ်သည်။
‘‘လွန်ခဲ့တဲ့သုံးနှစ်လောက်က မန္တလေးမှာတာဝန်ကျနေချိန် ဘူးသီးတောင် မောင်တောကို သွားရမယ်လို့ လူကြီးကခေါ်တယ်။ အဲဒီအချိန်မှာ စီးပွားရေးကလည်း အဆင်မပြေဘူး။ အိမ်ကလည်းငှားနေရတယ်။ မိန်းမကလည်း ကလေးမီးဖွားထားတာ မကြာသေးဘူး။ တစ်ယောက်ချိန်းပေးပါလို့ ပြောတယ်။ လူကြီးက မရဘူးသွားရမယ်လို့ သုံးလေးခေါက်ပြောလာတော့ ကျွန်တော်လည်း အလုပ်ပဲထွက်လိုက်ရတယ်’’ဟု လာဘ်လာဘမပေးနိုင်ဘဲ အလုပ်မှနုတ်ထွက်လိုက်ရပြီး ယခုတောင်ကြီးတွင် ဆိုင်ကယ်ကယ်ရီဆွဲနေသူ ယခင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ၀န်ထမ်းဟောင်းတစ်ဦးကပြောသည်။
နှစ်အပိုင်းအခြားအလိုက် ဝေးလံဒေသတွင် တစ်နှစ်၊ နှစ်နှစ် တာဝန်ထမ်းဆောင်ပြီးပါက မိမိနှစ်သက်ရာဒေသကို တောင်းခံပြောင်းရွှေ့နိုင်သည် ဆိုခြင်းကြောင့် ၀န်ကြီးဌာနစကား ယုံစားသူဝန်ထမ်းများအတွက် လက်တွေ့တွင် ထင်သလိုဖြစ်မလာပါ။ နှစ်နှင့်ချီ၍ အမေ့လျော့ခံထားရသူများလည်း ရှိနေပြန်ပါသေးသည်။
‘‘ရာထူးတိုးလည်းမဟုတ်၊ ပြစ်ဒဏ်ထိတာလည်း မဟုတ်၊ အဲဒီလိုနဲ့ ဒီကိုပြောင်းပေးတာ။ ပို့လိုက်ပြီဆိုရင်လည်း တမေ့တမောထားဖူးတာကို ကြုံရတယ်။ ဒီမှာပဲ လေးနှစ်ခွဲလောက် တာဝန်ထမ်းဆောင်သွားတဲ့ ကျွန်တော့်ဝန်ထမ်းတွေ ဒီနှစ်ဆန်းပိုင်းကမှ ပြန်ပြောင်းသွားရရှာတယ်။ ကျွန်တော်ဆို ၂ နှစ်ခွဲတောင် ကျော်သွားပြီ။ အပြောင်းအရွှေ့မှာ ကျန်နေခဲ့တုန်းပဲ’’ဟု ကချင်ပြည်နယ် ပူတာအိုရှိ အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးကပြောကြားသည်။
အကပ်ကောင်းသူ၊ ငွေကြေးပံ့ပိုးပေးနိုင်သူ၊ လူကြီးနှင့်အဆင်ပြေသူတို့မှာတော့ မည်မျှဝေးသည့်ဒေသဖြစ်ပါစေ၊ ရန်ကုန်မြို့အပါအ၀င် အဓိက အချက်အချာမြို့ကြီးများကနေ တစ်ဖ၀ါးမှမခွာ သက်တောင့်သက်သာ အလုပ်လုပ်နေနိုင်ပါသည်။ ဝေးလံခေါင်ဖျား လမ်းပန်းဆက်သွယ်ရေးခက်ခဲသော်လည်း ၀င်ငွေရလမ်းဖြောင့်ဖြူးပြီး အကြံအဖန်ကောင်းသည့် ဒေသများတွင်မူ လုပ်ချင်သူဝန်ထမ်းများ ပြုံတိုးနေတတ်ပြီး လာဘ်ပေးလာဘ်ယူမှုအပါအ၀င် မပြောင်းရွှေ့ရန် မျိုးစုံကြိုးစားကြသည်များလည်း ရှိတတ်ကြသည်။
‘‘ကျွန်မ မဲဆန္ဒနယ်ကွန်ဟိန်းဆိုရင် တော်ရုံနဲ့မြို့ပေါ်ပြန်မပြောင်းချင်ကြဘူး။ ဘယ်လိုပြောရမလဲ။ ပိုက်ဆံရှာရလွယ်တော့လေ’’ဟု ရှမ်းပြည်နယ် ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုကဆိုသည်။
‘‘ကျွန်မဆရာမအဖြစ်နဲ့ မန္တလေးတိုင်းထဲမှာ တာဝန်ကျတုန်းက နာမည်စာရင်းသာရောက်လာပြီး လူမရောက်တဲ့သူတွေအများကြီးပဲ။ အပြောင်းအရွှေ့ကို ၂နှစ်ပြည့်မှ စဉ်းစားပေမယ့်လည်း ၂ နှစ်ပြည့်တိုင်းလည်း ပြောင်းရဖို့မသေချာဘူး။ စာရင်းရှိပြီး ရောက်မလာတဲ့သူတွေနေရာမှာ ဆရာမတွေ ထပ်ခန့်တယ်။ စာရင်းထဲကလူတွေကတော့ မြို့ပေါ်မှာ အခြေမပျက်အလုပ်လုပ်တုန်းပဲ’’ဟု စာရေးဆရာမခင်ခင်ထူးက ၎င်းမူလတန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်စဉ်က အတွေ့အကြုံများကို ပြောပြသည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လူတိုင်းမသွားချင်သည့် နေရာများ၊ အထူးသဖြင့် ပဋိပက္ခဒေသများ၊ စစ်ပွဲများဖြစ်နေသည့် ဒေသများသို့ ပြစ်ချက်ရှိသည့်ဝန်ထမ်းကို ပြောင်းရွှေ့လိုက်ခြင်းမှာ ကာယကံရှင်ဝန်ထမ်းအတွက်ရော ဒေသအတွက်ပါ ကောင်းကျိုးလုံးဝမဖြစ်လာနိုင်ကြောင်း ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းက ပြောသည်။
‘‘အပြစ်ရှိလို့ ပို့ရအောင် ကျွန်တော်တို့ ရခိုင်ပြည်နယ်က အပြစ်ရှိတဲ့သူတွေကို အပြစ်ပေးတဲ့နေရာလားလို့ အစိုးရကို ကျွန်တော် လွှတ်တော်မှာမေးဖူးတယ်။ သူတို့ကတော့ မဟုတ်ပါဘူး၊ ပေါ်လစီအရပါလို့ဖြေတယ်။ အပြစ်ပေးလို့ ဒီလာရတယ်ဆိုကတည်းက ၀န်ထမ်းကလည်း ပိုပြီးအဆင်မပြေဖြစ်တော့ ကျွန်တော်တို့ဒေသ မိအေးနှစ်ခါနာတာပေါ့ဗျာ’’ဟု ၎င်းကဆိုသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတွင် ၎င်းတာဝန်ကျစဉ် ရန်ကုန်ရှိ ရဲမှူးကြီးတစ်ယောက် အမှုတစ်ခု ထိန်းသိမ်းကိုင်တွယ်ရာ ပြဿနာပိုကြီးသွားသည့်အတွက် အပြစ်ပေးသည့်အနေဖြင့် စစ်တွေသို့ ပြောင်းရွှေ့လိုက်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာနပိုင် အစိုးရသတင်းစာများက ဖော်ပြခဲ့ဖူးသည့် သာဓကရှိခဲ့ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေကပြောသည်။
‘‘ဒါတွေတကယ်ဖြစ်ခဲ့တာပဲ။ အစိုးရရဲ့ ၀န်ထမ်းအပြောင်းအရွှေ့ဟာ အတော်ရှုံ့ချည်နှပ်ချည်နိုင်တယ်။ ၀န်ကြီးဌာနကလည်း တစ်ခုနဲ့တစ်ခုမတူကြပြန်ဘူး။ တပ်ထဲမှာတောင် အကြံအဖန်ကောင်းတဲ့ တပ်ကိုလိုချင်လို့ တပ်ရင်းမှူးအဖြစ်နဲ့ပြောင်း၊ စစ်ဆင်ရေးပြီးရင် နောက်တပ်တစ်တပ်နဲ့ပြန်ချိန်းတဲ့အခါ အကြံအဖန်ကလည်း ဆက်ရချင်တော့ တပ်ရင်းမှူးအဖြစ်နဲ့ပဲ နောက်တပ်ကို ပြန်သွားချင်လို့ ကက(ထူး)ကို လာဘ်ပေးတဲ့သူတွေတောင် ကြုံဖူးတာပဲ။ တပ်မှာတောင် ဒီလိုဆို အရပ်ထဲမှာတော့ ပြောမနေနဲ့တော့’’ဟု ၎င်းကပြောသည်။
အရွှေ့အပြောင်းရှောင်လိုသူများအတွက် နေရာ၊ ဌာနအလိုက် နှုန်းထားဂါရ၀အသီးသီးရှိသလို သက်ဆိုင်ရာဝန်ထမ်း၏ ခြေတံလက်တံ မည်မျှရှည်သည်ကလည်း အပြောင်းအရွှေ့မူဝါဒကို ပြောင်းလဲစေနိုင်သည်။
သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်တွင် ဝေးလံခေါင်ဖျားသောဒေသများတွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများအား ထောက်ပံ့ကြေး နှစ်သောင်းတိုးပေးခဲ့ပြီး ထပ်တိုးထောက်ပံ့ကြေး သုံးသောင်းကို ဒုတိယအကြိမ် ပေးအပ်ထားသည်။
ဝေးလံဒေသများတွင် တာဝန်ထမ်းဆောင်ပါက ခံစားခွင့်လစာ နှစ်ဆပေးသော်လည်း အစစအရာရာ ဈေးနှုန်းကြီးမြင့်ပြီး ပိုက်ဆံရှိ၍ပင် ၀ယ်မစားနိုင်သည့် ဒေသများတွင်မူ မိသားစုကိုပင် ခေါ်ထားဖို့အဆင်မပြေ။
‘‘ပိုက်ဆံရှိပြီး အငတ်နေရတယ်ဆိုတဲ့ ဒေသမျိုးဆိုတာ ပူတာအိုပေါ့။ အစစအရာရာ ရှားပါးဈေးကြီးလှပါတယ်။ လမ်းကြောင်း (ကားလမ်း)ပြတ်သွားတဲ့အချိန်ဆိုရင် ကြက်ဥက တစ်ထောင်ဖိုးသုံးလုံးပဲ။ ကားလမ်းဆိုတာကလည်း ၁၂ လလုံးလုံး သွားလို့အဆင်ပြေတဲ့ လမ်းမျိုးမဟုတ်ဘူး။ မိုးရာသီဝင်တယ်ဆိုတာနဲ့ပဲ လမ်းကြောကပြတ်ပြီလေ။ ဒီကြားထဲ မြစ်ကြီးနားနဲ့ ပူတာအိုကြားက ကားလမ်းဆိုတာက အညိုရောင်ကိုဖြတ်သန်းခဲ့ရတဲ့လမ်းလေ။ ဒေသထွက်ဆန်တောင် တစ်ထောင်ဖိုး သုံးဘူးအထိ ဖြစ်သွားခဲ့ဖူးသေးတယ်လေ။ ပြောချင်တာကတော့ မိသားစုကို ထိထိရောက်ရောက်ပြန်ထောက်ပံ့မပေးနိုင်တာ’’ဟု ပူတာအိုအစိုးရ နည်းပညာသင်တန်းကျောင်းအုပ်ကြီးကဆိုသည်။
ဝေးလံဒေသတွင် တာဝန်ထမ်းဆောင်လိုစိတ်နည်းပါးသူများတွင် မြေပြန့်မှ ၀န်ထမ်းများသာမက ဒေသခံတိုင်းရင်းသားအချို့လည်းပါဝင်ကြောင်း ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အနီးရှိ ဒွန်းကျေးရွာတွင် မူလတန်းပြဆရာမအဖြစ် ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဆရာမတစ်ဦးကပြောသည်။
‘‘ကျွန်မတို့လို ပြည်မကလာတဲ့ဆရာမတွေကို မြို့နယ်ပညာရေးမှူးတွေက ခက်ခဲတဲ့ဒေသတွေဆီကိုပဲ တာဝန်ချလေ့ရှိပါတယ်။ လခနှစ်ဆရလို့ မိသားစုကို
ထောက်ပံ့နိုင်ပေမယ့် တစ်နှစ်တစ်ခါပြန်ဖို့ကိုတောင် လမ်းစရိတ်က အရမ်းဈေးကြီးတဲ့အပြင် သွားရတဲ့လမ်းကလည်း အရမ်းအန္တရာယ်များလွန်းတဲ့အတွက် တော်တော်စဉ်းစားရတာတွေရှိပါတယ်။ ၂ နှစ်ပြည့်ရင် ပြောင်းပေးမယ်လို့ မူလက ကတိစကားတွေရှိထားပေမယ့် တကယ်တမ်းတော့ အဲဒီလိုပြောင်းပေးတာ အရမ်းရှားပါတယ်’’ဟု ၎င်းကပြောသည်။
ဗဟိုချုပ်ကိုင်မှုပုံစံဖြင့် အလုပ်နေရာများကို အစိုးရကသာ စီစဉ်ခန့်ထားနေပြီး ပေးထားသည့်လစာက ၀န်ထမ်း၏ စားဝတ်နေရေးကို လုံလောက်အောင်မပံ့ပိုးနိုင်သမျှ ယခုပြဿနာများကိုဖြေရှင်းရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း ရန်ကုန်ကလေးဆေးရုံကြီး၏ ပါမောက္ခဌာနမှူး ဒေါက်တာရဲမြင့်ကျော်(စာရေးဆရာလင်္ကာရည်ကျော်)ကပြောသည်။
‘‘အရင် လွန်ခဲ့တဲ့ ၂၆ နှစ်က အလုပ်စလုပ်တုန်းကဆို ကိုယ်သွားမယ့်နေရာ မဲနှိုက်ရတဲ့ခေတ်ရှိဖူးတယ်။ ပေါက်တဲ့နေရာသွား၊ ဆရာတို့နှိုက်ရတဲ့မဲမှာ ရန်ကုန်- မန္တလေးမပါဘူး။ ၀င်ဝင်ချင်းလူက မြို့ပေါ်မှာမနေရဘူးပေါ့။ တော်တော်ပတ်သက်မှုများတဲ့သူတွေမဲက နယ်မှာစာရင်းပေါက်နေပေမယ့် ရန်ကုန်မှာပဲ ဆက်လုပ်နေကြတာတွေရှိတယ်။ ဒါကြီးက ပြုပြင်ဖို့ကြိုစားနေလည်း မောရုံပဲရှိမှာပဲ။ စနစ်ကိုက ယိုယွင်းနေတာ’’ဟု ၎င်းကဆိုသည်။
မတ်လ ၁၇ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် အစိုးရအာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီက အစီရင်ခံစာဖတ်ကြားရာတွင် ကယားပြည်နယ်တွင်း တာဝန်ကျဆရာဝန်တစ်ဦး သုံးကြိမ်ခန့်ခေါ်ယူထားသော်လည်း ယနေ့အထိ လာရောက်တာဝန်ထမ်ဆောင်ခြင်းမရှိသေးဟု ဆိုသည်။
ဝန်ထမ်းအပြောင်းအရွှေ့မူဝါဒကို ၀န်ကြီးဌာနများကသာ အဓိကချုပ်ကိုင်ထားပြီး အပြောင်းအရွှေ့များတွင် မသမာမှုများပုံစံအမျိုးမျိုးဖြင့် ရှိနေသည်။ နှစ်ပြည့်သော်လည်း ၀န်ကြီးဌာနက မေ့ထားခံရ၍ နောက်ဆုံးတွင် အလုပ်မှ နုတ်ထွက်သွားသော ၀န်ထမ်းပေါင်းများစွာအတွက် ကျွမ်းကျင်ဝန်ထမ်းများလိုအပ်နေသည့် နယ်စွန်နယ်ဖျားဒေသများကို များစွာထိခိုက်စေသည်။
အစိုးရ၏ ၀န်ထမ်းအပြောင်းအရွှေ့ ကတိအတိုင်းသာ အလှည့်ကျ တာဝန်ထမ်းဆောင်ရသည့်စနစ်ပီပြင်ပါက ညွှန်ကြားချက်အမိန့်များပေါ်တွင်သာ ကတိတည်ပါက တစ်နှစ်ဖြစ်စေ၊ နှစ်နှစ်ဖြစ်စေ၊ တာဝန်ကျဝန်ထမ်းများက မျှော်လင့်ချက်အပြည့်ဖြင့် ထမ်းဆောင်ကြမည်သာဖြစ်ကြောင်း ပူတာအိုနည်းပညာအထက်တန်းကျောင်းအုပ်ကြီးက အကြံပြုသည်။
‘‘အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဒီလိုဝေးလံဒေသမှာ တာဝန်သာထမ်းဆောင်နေရတယ်။ ငါ့ကို ဘယ်အချိန်မှ ပြန်ပြောင်းပေးမှာလဲ...အကြာကြီးထားမှာလားဆိုတဲ့ နောက်ဆံတင်းနေတဲ့စိတ်နဲ့ ဘယ်လိုများ တာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်နိုင်မှာလဲ’’ဟု ၎င်းကဆိုသည်။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal