တာဝန်သိတတ်စွာ ရင်းနှီးမြှုပ်နှံရေး ဘာကြောင့် အရေးကြီးသလဲ

ပို့စ်တင်ချိန် - 3/14/2014 08:44:00 PM


Jessica Mudditt

Anthem Asia ၏ ညွှန်ကြားရေးမှူး မစ္စစ်ဂျိုးဇက်ဖင်းပရိုက်(စ်)နှင့် တွေ့ဆုံခြင်း

ဂျိုးဇက်ဖင်းပရိုက်စ် (Josephine Price) သည်၊ လွန်ခဲ့သော ၂ နှစ်အကြာက တည်ထောင်ခဲ့သော ရင်းနှီး မြှုပ်နှံရေးအုပ်စုတစ်ခုဖြစ်သည့် Anthem Asia ၏ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်ပြီး၊ Anthem Asia သည် တာဝန်သိတတ်စွာ ရင်းနှီးမြှုပ်နှံရေးနှင့်ပတ်သတ်သော ကုလသမဂ္ဂစည်းမျဉ်းများကို လိုက်နာလျက်ရှိ သည်။ Anthem Asia သည် မြန်မာနိုင်ငံတွင် ပြီးခဲ့သောနှစ် စက်တင်ဘာက ပထမဆုံးအကြိမ် ရင်းနှီး မြှုပ်နှံမှုကို ပြုလုပ်ခဲ့သည်။ အမေရိကန်ဒေါ်လာတစ်သန်း ရင်းနှီးမြှုပ်နှံထားသော ဟင်္သာစီးပွားရေးစင်တာ ဟု အမည်ရသည့် ရုံးခန်းငှားရမ်းမှုကုမ္ပဏီကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ မူလက ရှေ့နေတစ်ဦးဖြစ်သူ မစ္စ ပရိုက်စ်သည် Anthem Asia ကို ပူးတွဲတည်ထောင်ခြင်း မပြုရသေးမီကာလများ၌၊ အာရှရှိဖွံ့ဖြိုးစဈေး ကွက်များတွင် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများအား ဆယ်စုနှစ် သုံးခုခန့် လုပ်ကိုင်ခဲ့သည်။ တာဝန်သိတတ်စွာ ရင်းနှီးမြှုပ်နှံရေးမှာ မြန်မာနိုင်ငံတွင်လည်း အရေးပါပုံကို မစ္စပရိုက်စ်က မဇ္ဈိမ စီးပွားရေးအပတ်စဉ် (Mizz- ima Business Weekly) ကို ပြောပြခဲ့သည်။

တာဝန်သိတတ်စွာ ရင်းနှီးမြှုပ်နှံမှု ဆိုတာ ဘာပါလဲ။

ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လာရင် တာဝန်သိတတ်မှု (responsible) နဲ့ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ရေရှည်တည်တံ့ခိုင်မြဲမှု (sustainable) ဆိုတာတွေနဲ့ပတ်သက်ပြီး၊ အထူးဝေါဟာရတွေ အများကြီးသုံးပြီး အဓိပ္ပါယ်ဖွင့်ဆိုကြလေ့ရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ဆိုလိုတဲ့ sustainable ရဲ့ အဓိပ္ပါယ်ကို စပြောခွင့်ပြု ပါ။ အဲဒါဟာ သူတို့ရင်းနှီးမြှုပ်နှံထားတဲ့ နယ်ပယ်အသိုင်းအ၀ိုင်းမှာ တန်ဖိုးကို ဖန်တီးပေးတဲ့ စီးပွားရေး လုပ်ငန်းဖြစ်ပြီးတော့ အဲဒီလုပ်ငန်းတွေဟာ ရေရှည်တည်တံ့ကြပါတယ်။ ကျွန်မတို့က စီးပွားရေးဆန်ဆန် ချဉ်းကပ်တာပါ။ ကျွန်မတို့ဟာ NGO အဖွဲ့တစ်ခု မဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ ငွေရှာချင်ပါတယ်။ ဒါ ပေမဲ့ အဲဒါကို တာဝန်သိစွာနဲ့ လုပ်ချင်တာပါ။

တခါတရံမှာ လူတွေက၊ sustainable ဆိုတာ ရင်းနှီးမြှုပ်နှံမှုတွေဆီကနေ ပြန်ရလာမယ့် အကျိုးအမြတ် ကို လျှော့ယူတာလို့ ယူဆကြပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သတ်တဲ့ ပတ်ဝန်းကျင်နဲ့ လူမှုရေးအကျိုး သက်ရောက်မှုတွေကို လူတွေက တဖြည်းဖြည်းနဲ့ စပြီး အကဲဖြတ် တွက်ချက်လာကြလိမ့်မယ်လို့ ကျွန်မ တို့ ယုံကြည်ပါတယ်။ ဆိုလိုတာကတော့ sustainable ဖြစ်တဲ့ (ရေရှည်တည်တံ့တဲ့) ရင်းနှီးမြှုပ်နှံမှုတွေ မှာ မြင့်မားတဲ့ ရေရှည်တန်ဖိုးတစ်ရပ် ရှိသင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘေးထွက်ဆိုးကျိုး အလားအလာလျော့ကျသွားလို့ပါပဲ။ ကမ္ဘာမြေကြီးကနေ အရာဝတ္ထုတွေကို ထင်သလို ရယူလို့ မဖြစ်ပါဘူး။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းအောင် ထင်တိုင်းကြဲလို့ မရပါဘူး။ အခုအချိန်မှာတော့ ရကောင်း ရတာ တွေ ရှိပါလိမ့်မယ်။ ဒါပေမဲ့ အမြဲတမ်းတော့ အဲဒီလိုရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ရေရှည်တည်တံ့မယ့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဆိုတာ ပိုပြီးကောင်းမွန်တဲ့ စီးပွားရေးပုံစံတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆို တော့ ဘေးထွက်ဆိုးကျိုး အလားအလာတွေ အများကြီး ပိုလျော့သွားလို့ပါ။

အခု ခင်ဗျားပြောသွားတာက၊ ဗြိတိန်အတိုင်ပင်ခံပုဂ်္ဂိုလ် John Elkington ၁၉၉၄ ခုနှစ်မှာထွင်ပြီး သုံးနှုန်းသွားတဲ့ “tripe bottom line”ဆိုတဲ့ အယူအဆနဲ့ ဆင်တူပုံရပါတယ်။ ခင်ဗျားရဲ့သဘော ထားက အကျိုးအမြတ်နဲ့ပတ်သတ်ပြီး အစဉ်အလာအယူအဆတွေထက်ကို ပိုပြီးတော့ ထည့်သွင်း စဉ်းစားမယ့် သဘောမျိုးလား။

အဲဒီသဘောမျိုး ဟုတ်ပါတယ်။ အဲဒါဟာ ကုမ္ပဏီတစ်ခုရဲ့ ပတ်ဝန်းကျင်အကျိုးဆက်၊ လူမှုရေးအကျိုး ဆက်နဲ့ ကော်ပိုရေးရှင်းစီမံအုပ်ချုပ်ပုံ (corporate governance)တွကို တိုင်းတာဖို့ စံနှုန်းတွေထဲက တစ် ခုပါပဲ။ အဲဒါကို ဘယ်လိုရယူမလဲဆိုတာနဲ့ပတ်သတ်ပြီး ရာနဲ့ချီပြီး အရေအတွက်ရှိတဲ့ ပညာရပ်စာတမ်း တွေ ရှိနေပေမဲ့၊ အဲဒါကို ဘယ်သူက ဘယ်လို ဆောင်ရွက်နေတယ်ဆိုတာကို ရှင်တို့ ကြည့်လိုက်မယ်ဆို ရင် လက်တွေ့ဆောင်ရွက်မှုတွေဟာ ပညာရှင်တွေ အကြံပြုတာထက် ပိုပြီး အတွေ့ရနည်းတယ်ဆိုတာ သိလာပါလိမ့်မယ်။

တာဝန်သိတတ်စွာ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး အောင်မြင်တဲ့ဥပမာတစ်ခုအကြောင်း ကျေးဇူးပြု ပြီး ပြောပြနိုင်မလား။

ကုန်ပစ္စည်းကဏ္ဍမှာ၊ လယ်သမားတွေ သီးနှံအထွက်တိုးဖို့နဲ့ သူတို့ရဲ့သီးနှံတွေ ဈေးကောင်းရဖို့အတွက် လယ်သမားတွေနဲ့ အလုပ်လုပ်နေကြတဲ့ ကုမ္ပဏီကြီးအချို့ ရှိပါတယ်။ ယေဘုယျပြောရမယ်ဆိုရင်၊ လယ် သမားတစ်ယောက်ဟာ မျိုးစေ့တွေဝယ်ဖို့အတွက် များပြားလှတဲ့အတိုးနှုန်းနဲ့ ငွေချေးရလေ့ရှိလို့ ကြောက် စရာကောင်းလှတဲ့ ငွေချေးယူမှုဝဲဂယက်ထဲမှာ သံသရာလည်နေတတ်ပြီးတော့၊ သူတို့ရဲ့သီးနှံတွေကိုဈေး နှိမ်ဝယ်ယူမယ့် ကြားလူဆီကို ရောင်းချရလေ့ရှိပါတယ်။ အဲဒါကြောင့် လယ်သမားတွေဟာ ဆင်းရဲခြင်း သံသရာထဲကနေ ရုန်းထွက်လို့မရဘဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အချို့ကုမ္ပဏီကြီးတွေဟာ လယ် သမားတွေရဲ့ သီးနှံအထွက်တိုးလာရေးနဲ့ လယ်သမားတွေဆီက သီးနှံကို သင့်တော်တဲ့ သတ်မှတ်ဈေး နှုန်းနဲ့ တိုက်ရိုက် ၀ယ်ယူရေးတို့ကို လုပ်ဆောင်နေကြပါတယ်။ အဲဒါဟာ ပိုပြီးတာရှည်ခံတဲ့ စီးပွားရေးဖြစ် ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လယ်သမားတွေရဲ့လုပ်ငန်းဗဟုသုတ ပိုမိုပြည့်စုံလာမှာဖြစ်ပြီး၊ မြေ သြဇာ စတဲ့ပစ္စည်းတွေကိုလည်း ပိုပြီး ထိထိရောက်ရောက် အသုံးပြုလာနိုင်မှာ ဖြစ်လို့ပါပဲ။ အဲဒါဟာ ပိုပြီး အကျိုးကျေးဇူးများတဲ့ စက်ဝန်းတစ်ခုကို ဖန်တီးလိုက်တာပါပဲ။ အရှေ့တောင်အာရှတ၀ှမ်းမှာ လယ်သမား တွေနဲ့တွဲပြီး ပိုပြီးတာရှည်ခံမယ့် စီးပွားရေးဆောင်ရွက်မှုမျိုးတွေ အများကြီးရှိပါတယ်။

Anthem Asia လုပ်နေတဲ့ ကဏ္ဍတွေထဲက တစ်ခုကတော့ ခရီးသွားလုပ်ငန်းဖြစ်တယ်လို့ သိရပါ တယ်။ မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ပတ်သတ်ပြီး ခင်ဗျားတို့အနေနဲ့ ဘာတွေဆောင်ရွက်မှာပါလဲ။

အခုလက်ရှိအဆင့်မှာတော့ ခရီးသွားလုပ်ငန်းနဲ့ပတ်သတ်ပြီး ကျွန်မတို့ အတွေ့အကြုံတွေဟာ အကန့် အသတ်ရှိနေပါတယ်။ ဒါပေမဲ့ အဲဒါဟာ ကြီးကျယ်တဲ့ ကဏ္ဍတစ်ခုဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်မတို့ ယုံ ကြည်ပါတယ်။ အခက်အခဲဖြစ်မှာကတော့၊ များပြားလှတဲ့ ကမ္ဘာလှည့်ခရီးသွားအရေအတွက်ကို ဘယ်လို စီမံမလဲဆိုတာပဲဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ လာရောက်ကြမှာပါ။ ဒေသတွင်း စီးပွားဘက်တွေနဲ့ အတူတူအလုပ်လုပ်နေကြသူတွေ၊ ဒေသခံအသိုင်း အ၀ိုင်းတွေအပေါ်မှာ စာနာနားလည်တတ်သူတွေနဲ့ ကျွန်မတို့ အလုပ်လုပ်ချင်ပါတယ်။ ကမ္ဘာလှည့်ခရီး သည်တွေအနေနဲ့လည်း အဲဒါကို ကြိုက်နှစ်သက်လိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ အဲဒါဟာ စီးပွါး ရေးဆန်တဲ့ အာရုံကို ဖြစ်ပေါ်စေပြီးတော့ ပိုမိုပြီး ရေရှည်တည်တံ့ပါလိမ့်မယ်။ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ဒေါ်လာတွေအားလုံး မြန်မာနိုင်ငံထဲက ထွက်မသွားစေသင့်သလို ဒေသခံတွေအတွက် အကျိုးမရှိတဲ့ အနေအထားမျိုးလည်း မဖြစ်သင့်ပါဘူး။

သဘာဝပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်မလဲဆိုတာရယ်၊ ခရီးသွားကဏ္ဍထဲက ၀န် ထမ်းတွေကို ပိုကောင်းတဲ့သင်တန်းတွေ ပို့ချဖို့ရယ် စတဲ့ ကိစ္စရပ်တွေ အမျိုးမျိုးအတွက် ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြမလဲဆိုတာကို ပြီးခဲ့တဲ့နှစ်ပတ်လောက်တုန်းက ကျွန်မတို့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်း ပခဲ့ပြီးတော့၊ အစိုးရအဖွဲ့ဝင်တွေ၊ ဖွံ့ဖြိုးရေးအေဂျင်စီတွေနဲ့ စကားပြောခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ ပူးပေါင်းလုပ်ကိုင်လိုစိတ် အရမ်းပြင်းပြနေပြီးတော့၊ အတူတကွလုပ်ဆောင်ကြမယ့် လုပ်ငန်းအဖွဲ့တစ်ခု ဖြစ်လာရေးအတွက် ကြိုးပမ်းနေတယ်လို့ ကျွန်မ ယူဆပါတယ်။ အဲဒါဟာ အပြုသဘောဆောင်ပါတယ်။

မြို့ပြင်တွေမှာ ဟိုတယ်ကြီးတွေဆောက်ရတာမှာ အကြောင်းမလှတဲ့ အကျိုးဆက်တွေရှိတာကတော့ ထင်ရှားပါတယ်။ ဒါပေမဲ့ ကျွန်မ ထပ်ပြောပါဦးမယ်။ ကျွန်မတို့ဟာ NGO အဖွဲ့အစည်းတစ်ခု မဟုတ်ပါ ဘူး။ ကျွန်မတို့ရဲ့တာဝန်က ကျွန်မတို့လုပ်နေတာတွေကို မှန်မှန်ကန်ကန်လုပ်ဖို့နဲ့ အန္တရာယ်ကင်းအောင် ကြိုးစားဆောင်ရွက်ဖို့ပါပဲ။ ကျွန်မတို့လုပ်နေတာက ကမ္ဘာကြီးကိုပြောင်းလဲပစ်ဖို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့နဲ့ ထိတွေ့ဆက်ဆံနေရတဲ့အရာတွေကို နည်းနည်းလေး ပြောင်းလဲပစ်ဖို့ပါပဲ။

အမြတ်များများရနိုင်မယ့် လမ်းကြောင်းမျိုးတွေ၊ ပိုပြီးလွယ်ကူနိုင်တဲ့ မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာ၊ ဖောက်သည်ဖြစ်လာနိုင်သူတွေအနေနဲ့ မှန်ကန်တဲ့အရာတွေပြုလုပ်ဖို့ ခင်ဗျားတို့ ဘယ်လိုသိမ်း သွင်းစည်းရုံးမလဲ။

အဲဒါဟာ ကမ္ဘာပေါ်က တခြားနေရာတွေမှာနဲ့ ခြားနားမှုမရှိပါဘူး။ ကျွန်မတို့အနေနဲ့ ဖောက်သည်တွေကို ကွန်ယက်တွေကနေတစ်ဆင့် ရှာတာပါ။ ကျွန်မတို့ ဘာတွေလုပ်တယ်ဆိုတာကို လူတွေကို ပြောပြပါ တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ဇွတ်စည်းရုံးပြီး ရောင်းတာမျိုး ကျင့်သုံးလို့ရတယ်ဆိုတာကို ကျွန်မ အမှန် တကယ် မယုံကြည်ပါဘူး။ ဒီမှာ အသိုင်းအ၀ိုင်းထဲကို ပြန်ပြီးပေးတဲ့ ထုံးစံလည်းရှိပါတယ်။ ကျောင်းတစ်ခု ဆောက်လုပ်တည်ထောင်တာမျိုး ဖြစ်ဖြစ်၊ ကောင်းမှုတစ်ခုခုလုပ်တာမျိုးဖြစ်ဖြစ်ပေါ့။ ခုနကပြောတဲ့ဟာ ကို တရုတ်လိုနိုင်ငံမျိုးတွေမှာ ရှင်စမ်းသပ်ကြည့်သင့်ပါတယ်။ ဒီမှာတော့ ရေရှည်တည်တံ့ခိုင်မြဲမယ့်ရင်းနှီး မြှုပ်နှံရေးအယူအဆကို အများကြီး သိရှိနားလည်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် သတိပြုရမှာက ကျွန်မတို့ ဟာ အသေးစားနဲ့အလတ်စား စီးပွါးရေးတွေကိုပဲ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ အကြီးစားနဲ့ ရှုပ်ထွေး တဲ့ စီးပွါးရေးလုပ်ငန်းတွေကို ပစ်မှတ်ထားနေတာ မဟုတ်ပါဘူး။

တရုတ်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့လို နိုင်ငံတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် စပြီး လမ်းပွင့်လာတုန်းက အခြေအနေတွေနဲ့ အခုဖွံ့ဖြိုးစဈေးကွက်ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ဘယ်လိုနှိုင်းယှဉ်ကြည့်လို့ ရနိုင်ပါသလဲ။

ကြုံတွေ့ရတဲ့ စိန်ခေါ်မှုအများအပြားကတော့ ဆင်တူကြပါတယ်။ တရားဥပဒေစိုးမိုးမှုမရှိသေးတာတွေ၊ ကန်ထရိုက်စာချုပ်တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သိပ်ပြီး နားမလည်ကြသေးတာတွေ၊ ငွေစာ ရင်းကိုင်တွယ်မှု ညံ့ဖျင်းတာတွေ၊ အရေအတွက်အလွန်နည်းတဲ့ လူတချို့လောက်ကပဲ အခွန်ဆောင်ကြ တာတွေ စတဲ့ ပြဿနာတွေ ရှိတာ တူညီကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ထူးခြားတာက တော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု တစ်ချိန်တည်း လုပ်ဆောင်ခြင်းပါပဲ။ တရုတ်နိုင်ငံဟာ နိုင်ငံရေးကိုဖွင့်မပေးဘဲ စီးပွားရေးကိုသာ ဖွင့်ပေးခဲ့ပါတယ်။ ဗီယက်နမ်မှာလည်း အဲဒီ အတိုင်းပါပဲ။ အင်ဒိုနီးရှားနိုင်ငံဟာလည်း ပွင့်လင်းလာခဲ့ပြီး၊ အဲဒီနောက်မှာ အင်ဒိုနီးရှားမှာ တော်လှန်ရေး တစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီအရာနှစ်ခု နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှု ဒီမှာ တစ်ချိန်တည်း ပေါ်ပေါက်နေတယ်ဆိုတဲ့အချက်ဟာ ကောင်းတဲ့အရာတစ်ခု ဖြစ်ပါ တယ်။ ဒါပေမဲ့ အရမ်းလည်း ရှုပ်ထွေးပါတယ်။ ဘာလို့လည်းဆိုတော့ စည်းမျဉ်းစည်းကမ်းတွေ မရေမရာ ဖြစ်နေလို့ပါ။ နိုင်ငံရေးစကားစစ်ထိုးမှုတွေ ဆက်ရှိနေသလို၊ စီးပွားရေးဥပဒေသစ်တွေ ဖော်ဆောင်ဖို့လဲ ကြိုးစားနေကြပါတယ်။

မကြာသေးခင်က ရိုက်တာသတင်းတစ်ပုဒ်တွင် အာရှမှာ အာဖဂန်နစ္စတန်ပြီးရင် မြန်မာနိုင်ငံဟာ အဆင်းရဲဆုံးနိုင်ငံလို့ ဖော်ပြထားခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၀င်ငွေအလယ်အလတ်ရှိတဲ့နိုင်ငံ တစ်ခု ဘယ်အချိန်မှာဖြစ်လာလိမ့်မယ်လို့ ခင်ဗျား ထင်မြင်ယူဆထားပါသလဲ။

မြန်မြန်ဆန်ဆန်တော့ ဖြစ်မလာနိုင်ပါဘူး။ အနည်းဆုံး ၁၀ နှစ်ကနေ ၁၅ နှစ်အထိ ကြာနိုင်ပါတယ်။ ပြီး တော့ “၀င်ငွေအလယ်အလတ်” ဆိုတဲ့ အနေအထားကလည်း အတော်လေးဆင်းရဲနေတုန်းပဲဆိုတာကို သတိပြုသင့်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အင်မတန်နိမ့်ကျတဲ့ အောက်ခြေကနေ စတင်နေရတာပါ။ ဘာ ပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ငွေမည်းတွေ အများအပြား ရှိနေတယ်ဆိုတဲ့အချက်က မြန်မာ့စီးပွားရေး အရွယ် အစားကို ခန့်မှန်းအကဲဖြတ်ရ အလွန်ခက်စေပါတယ်လို့ ကျွန်မပြောချင်ပါတယ်။

Mizzima Business Weekly တွင် ဖော်ပြခဲ့သော “Why Sustainable Investment Matters” ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။