သားသတ်သမား
ပို့စ်တင်ချိန်
- 3/16/2014 10:52:00 PM
ကျွန်တော်က သားသတ်သမား..။ လုပ်တာက သားသတ်တဲ့အလုပ်..။ ငယ်စဉ်ကတည်းက အကောင်ငယ်လေးတွေကို သတ်ရာမှာ ကျွန်တော် ၀ါသနာထုံခဲ့သည်။ အကောင်ငယ်လေးတွေ သွေးသံရဲရဲ နှင့် မြင်ရလျှင် ကျွန်တော့်မှာ ပျော်လို့မဆုံး..။ မိဘနှစ်ပါး ငယ်စဉ်ကတည်းက ဆုံးပါးသွား တာကြောင့် ကိုယ့်ဝမ်းစာအတွက် ဒီသားသတ်ရုံမှာ အလုပ်လုပ်လာခဲ့တာ အခုဆိုရင် ဒီမြို့ထဲမှာ သားသတ်မယ် ဆိုရင် ကျွန်တော် မပါလျှင် မပြီးသလောက်..။ ဒီ့အတွက် ကျွန်တော် ကိုယ့်ကိုယ်ကို ဂုဏ်ယူမိသည်။ ကျွန်တော် လုပ်ချင်တာနဲ့ လုပ်နေရတာနဲ့ ဆန္ဒနဲ့လက်တွေ့ တစ်ထပ်တည်းချသည်ဟု ကျွန်တော်ထင်မိသည်။
နွားတွေ..၊ ၀က်တွေ သတ်ရတာ ကျွန်တော့် အတွက်တော့ သာမာန်အလုပ်သာ ဖြစ်သည့်အတွက် ဘာခံစားမှုမှ မရှိ..။ သူတို့တွေက ကိုယ်ချွတ်ပေးမှ ဒီဘ၀က ကျွတ်ကြရတာလေ..။ ဒီ့အတွက် သူတို့တွေ ကျွန်တော့်ကို တောင် ကျေးဇူးတင်သင့်သေးသည်။
"ဒီကောင်ကြီးကို တစ်ပိသာ အတွဲတွေ လုပ်ထားလိုက်.."
ဝက်တစ်ကောင်ကို သတ်ပြီး ရောင်းချဖို့အတွက် တပည့်တွေကို ခေါ်ပြီး အတွဲခိုင်းလိုက်သည်။ ဒီနေ့တော့ ၀က် ၂ကောင်နှင့် နွားတစ်ကောင် ပေါ်ဖို့ရှိသည်။ အခုထိ ၀က်နှစ်ကောင် ပေါ်လို့ ပြီးသွားပြီ..။ နွားတစ်ကောင် ပေါ်ဖို့သာ ကျန်တော့်သည်။ နွားတစ်ကောင် ပေါ်ရတာ မခက်..။ ကြိုးတုတ်ပြီး လည်ပင်းမှာ ရှိတဲ့ သွေးကြောလှီးချ လိုက်ရင် ပြီးပီ..။ ၀က်တွေက တစ်ခါတစ်လေ အရမ်းအော်လွန်းသည်။ ပြီးတော့ သူတို့ရဲ့ နှလုံးကို ဓါးနဲ့ထိုးရတာ နည်းနည်းခက်သည်။ နှလုံးနေရာတွေက ၀က်တစ်ကောင်နဲ့ တစ်ကောင် မတူ..။ ဒါမျိုးက လုပ်သက်ရှိမှသာ သိပြီး တစ်ချက်တည်းနဲ့ ကိစ္စပြီးနိုင်သည်။
"ကဲ… ကျန်တဲ့ကောင်ကို ဆွဲခဲ့တော့…"
ကျန်တဲ့နွားတစ်ကောင်ကိုပေါ်ဖို့ တပည့်တွေကို လှမ်းသတိပေးလိုက်သည်။ ကျန်တဲ့ တစ်ကောင်ကို မြန်မြန် ပေါ်ပြီး အိမ်မှာ ကိုယ်ဝန် နေ့စေ့လစေ့ နှင့် ဇနီးသည်ထံ အမြန်ပြန်ရအုံးမည်။ သားဦးမို့ အတွေ့အကြုံမရှိပဲ ကြောက်နေရှာသော ဇနီးသည်နားမှာ ပြန်ပြီး အချိန်ပေးပြီး အားပေးနေဖို့လိုသည်လေ..။
"ဆရာ.. အခုပေါ်မယ့် အကောင်က ဇီးကြီးနဲ့…"
"ဟင်…."
"ဟုတ်တယ်ဆရာ.. ကျွန်တော်တို့ ဒီကောင်မ မွေးပြီးမှပဲ ပေါ်လိုက်ရအောင်.."
"မင်းက ဆရာလား..ငါက ဆရာလား.."
"ဒါပေမယ့်… ဒီကောင်မက နက်ဖန် သဘက်ခါလောက်ဆို မွေးတောင် မွေးတော့မှာ ဆရာ.."
"တိတ်… ဆွဲခေါ်လာခဲ့…. ဘာဇီးရှိရှိ… ငါဒီနေ့ ဈေးထဲ အမဲဖြန့်ပေးဖို့ ကတိပေးထားတယ်…"
"ဆရာ..စဉ်းစား…."
"ငါ စကားနှစ်ခါ မပြောဘူး ဆိုတာ မင်းသိတယ်နော်…"
"ဟုတ်…"
စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားသော တပည့်ကို ကြည့်ရင်း စိတ်တိုမိသည်။ အလိုလိုနေရင်း သနားဖို့လောက် စဉ်းစားနေတဲ့ကောင်..။ တိုးတက်မယ့်ကောင်မဟုတ်ဘူး..။ စီးပွားရေး လုပ်ရတာ ကတိက အရေးကြီးသည်။ ကတိပျက်ရင် နောင် ဘယ်ဖောက်သည်မှ ရမည် မဟုတ်..။
အသံတွေကြားရတာတော့ ဟိုနွားမကို တော်တော် ဆွဲထုတ်နေရသည် ထင်သည်။
"ဟိုကောင်တွေ သွားကူလိုက်အုံး… ဟိုဂရုဏာရှင်ကြီးကို.."
ခဏကြာတော့ လူလေးယောက်လောက် အတင်း ၀ိုင်းဆွဲလာတဲ့ နွားမကိုတွေ့လိုက်ရသည်။
"တော်တော်ကို ဆွဲထုတ်လာရတယ် ဆရာ.. ဇီးနဲ့ မို့လို့ ဇီးဇောကပ်နေလားမသိဘူး.."
"မသိရင်မှတ်ထား…. အဲ့ဒါ သေမှာ ကြောက်လို့ ဖြစ်နေတာ…ခုချိန်မှာ သူ့ကလေးတောင် သူသတိရမှာ မဟုတ်ဘူး.."
ကျွန်တော် နွားမကို တစ်ချက်ကြည့်လိုက်သည်။ သူမမျက်ဝန်းမှာ မျက်ရည်တွေ ရှိနေသည်။ သူ့မျက်ဝန်းတွေက ကျွန်တော့်ကို အသနားခံတဲ့ အကြည့်..။ ခဏလေး နေဖို့ အချိန်ပေးပါအုံးဆိုတဲ့ အကြည့်…။ အို… သေခါနီး နွားတိုင်း မျက်ရည်ကျနေတာပဲလေ.. အထူးအဆန်းမှ မဟုတ်တာ..
ကျွန်တော် လုပ်နေကျအတိုင်း သူ့လှည်ပင်းက သွေးကြောတွေပေါ် ကျွန်တော့် ဓါးသွားနဲ့ ခုတ်ဖြတ်လိုက်သည်။ တပွက်ပွက်ထွက်လာသောသွေး.. တစ်ဆန့်ဆန့် ဖြစ်နေသော ခေါင်း.. ရုန်းကန်နေသော ခြေလက်များ.. မြင်နေကျ မြင်ကွင်းဖြစ်သည့်အတွက် ကျွန်တော့် အတွက်တော့ အထူးအဆန်းမဟုတ်…။ ထိုအချိန်မှာပင်…. ထူးဆန်းတာ တစ်ခုက ဖြစ်လာသည်။
"ဟာ… ဒီကောင်မ ကလေးပါ မွေးပီဟေ့..ဒုက္ခပဲ"
"ဟင်…"
တစ်ဆန့်ဆန့် အသက်ငင်နေသော နွားမမှ ကလေးမွေးတာ ကျွန်တော့်ဘ၀တွင် ပထမဆုံး မြင်တွေ့ဖူးချင်းဖြစ် သည့် အတွက် အံ့သြထူးဆန်းစွာပင် ကြည့်နေမိသည်။ မွေးဖွားလာသော နွားပေါက်လေးမှာ ကံကောင်းထောက်မ စွာ အသက်ရှိသေးသည်။ နွားပေါက်လေး မွေးဖွားပြီးသည်နှင့် လှုပ်ရှား ရုန်းကန်နေသော နွားမကြီး ခန္ဒာကိုယ် တစ်ခုလုံး ငြိမ်ကျသွားသည်။
"ကဲ..ကဲ.. ဒီကံကောင်းလေးကို..ခြံထဲပြန်ယူသွားလိုက်.."
"ဆရာ..ဆရာ.. လာကြည့်ပါအုံး.."
"ဘာဖြစ်လို့လဲ.."
"နွားပေါက်လေးက သူ့အမေ နွားမကြီး နို့ကိုစို့နေတယ်…"
"ဟင်…."
မြင်လိုက်ရတဲ့ မြင်ကွင်းက ရင်နင့်စရာကောင်းလှသလို ဒီမြင်ကွင်းကိုလည်း ကျွန်တော့် စိတ်ထဲကနေ ဘယ်တော့မှ မေ့ပျောက်နိုင်တော့မည်မဟုတ်..။ ကျွန်တော် ကိုယ်တိုင် ကျွန်တော့် လက်နဲ့ ပေါ်ခဲ့တဲ့ အသက်မရှိတော့တဲ့ နွားမကြီးရဲ့ နွားကို အားရပါးရ စို့နေရှာသော နွားပေါက်လေး…။
"ဆရာ.. ဆရာ့ အမျိုးသမီး…ဗိုက်နာနေလို့တဲ့...အကြောင်းကြားခိုင်းလိုက်လို့…မွေးတော့မယ်ထင်တယ်…"
"ဟင်…."
ကျွန်တော် မြင်နေတဲ့မြင်ကွင်းသည်ချက်ချင်းပင် ပြောင်းလဲသွားသည်။ သေဆုံးနေတဲ့ နွားမကြီးနဲ့
နွားပေါက်လေးနေရာမှာ ကျွန်တော့် ဇနီးသည်နဲ့ မွေးဖွားလာမည့် ကလေးငယ်လေးကို မြင်ယောင်မိသည်။ အသက်မရှိတော့တဲ့ မိခင်ရဲ့ နို့ရည်သောက်သုံးနေတဲ့ ကလေးငယ်လေး….
"ဘုရား..ဘုရား…"
လက်ထဲမှာ ကိုင်ထားတဲ့ ဓါးကို လွတ်ချမိလိုက်သည်။
"ငါ ဘာတွေ လုပ်လိုက်တာလဲ…"
"ငါ…ငါ…. မလုပ်သင့်တာကို လုပ်လိုက်မိပြီ…"
သူများအလှည့်တုန်းက မစဉ်းပဲ လုပ်ခဲ့ပြီး ကိုယ့်အလှည့်ကျတော့ ဘယ်လိုခံစားရမလဲ ကျွန်တော် မတွေးကြည့်ရဲတော့..။ ကျွန်တော် ချက်ချင်းပဲ ဆုံးဖြတ်ချက်ချလိုက်သည်။ ငါ..ငါ…. ဒီသားသတ် အလုပ်ကို တစ်သက်လုံး စွန့်လွှတ်လိုက်ပြီး အခုချိန်ကစပြီး တစ်ခြား အလုပ်နဲ့ ငါအသက်မွေးတော့မယ်..။ ငါ တစ်သက်လုံး ဘယ်သူ့ အသက်မှ မသတ်တော့ဘူး..။
ဆုံးဖြတ်ပြီးသည်နှင့် ချက်ချင်း အိမ်ကို ကျွန်တော် အမြန်ပြန်ပြေးသည်။ လမ်းတစ်လျှောက်လုံး ကျွန်တော့် ပါးစပ်ကနေ တောက်လျှောက် ရွတ်နေမိသည်က..
"မိန်းမ ဘာမှ မဖြစ်ပါစေနဲ့… ကလေးလည်း ဘာမှ မဖြစ်ပါစေနဲ့ ဘုရား…"
ဆရာအောင်ထွန်းဦး