ကလေးတွေစကားလုံးမှတ်တတ်ဖို့ရာ မခက်ပါဘူး
ပို့စ်တင်ချိန်
- 3/09/2014 02:01:00 PM
ကစ်ကစ်ဟာ၂နှစ်၃နှစ်အရွယ်လောက်နဲ့ စကားလုံးပေါင်းထောင်ကျော်သိနေတဲ့ “ကလေးပါရမီရှင် Child prodigy” မဟုတ်ခဲ့ပါဘူး။ အဲဒီအရွယ်မှာ စကားလုံးတွေနဲ့ရင်းနှီးအောင် သူ့ကိုသင်ပေးဖို့ကိုလည်း ကျွန်မ,မတွေးမိခဲ့ပါဘူး။ သူ့အတွက် စာလုံးရေးထားတဲ့ကတ်တွေလည်း မလုပ်ပေးခဲ့ဖူးပါဘူး။ ဒါပေမဲ့ သူအသက်၆နှစ်ပြည့်လို့ မူလတန်းတက်ဖို့နှစ်ဝက်အလိုမှာ စာလုံးတော်တော်များများကို သူတတ်နေပြီဖြစ်ကြောင်း ကျွန်မတို့တအံ့တသြသိခဲ့ရပါတယ်။ ကစ်ကစ်ဟာ သူ့ကိုပုံပြောပြဖို့ ကျွန်မကိုမပူဆာတတ်တော့ဘဲ စာအုပ်တစ်အုပ်ကိုကိုင်ပြီး လူကြီးတစ်ယောက်လို စာကိုစိတ်ဝင်တစားသူထိုင်ဖတ်နေခဲ့ပါပြီ။ အသစ်ထွက်တဲ့မစ်ကီမောက်စ်စာအုပ်ကို ကျွန်မယူပြီး ဖတ်ပြဖို့သူ့ကိုပြောတော့ ကစ်ကစ်ဟာ စာလုံးတချို့ကိုခန့်မှန်းပြီး ရွတ်ဖတ်ပြခဲ့ပါတယ်။ သူရွတ်ဖတ်တာကောင်းကြောင်း ရိုးသားစွာကျွန်မချီးမွမ်းခဲ့ပါတယ်။
စာလုံးတွေနဲ့ရင်းနှီးခွင့်ရတဲ့ပျော်ရွှင်မှုကို သူပထမဆုံးအကြိမ်ခံစားခဲ့ရပြီး သူ့တစ်ယောက်တည်းစာဖတ်ရတဲ့ စိတ်ဝင်စားမှုကို သူအာရုံပိုစိုက်လာခဲ့တော့တယ်။ စာဖတ်နေရင်း စာလုံးသစ်တွေနဲ့သူရင်းနှီးခဲ့ပြန်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့လည်ပတ်မှုတစ်မျိုးပါ။ ကစ်ကစ်ရဲ့စာတတ်နှုန်း တိုးတက်လာခဲ့ပါတယ်။ လအနည်းငယ်ကြာပြီးနောက် သူ မူလတန်းစတက်ပါတယ်။ ပြဌာန်းစာအုပ်ထဲကစာတွေကို သူရွတ်ဖိတ်ချိန်မှာ သူ့အတွက်အရမ်းလွယ်ကူသွားခဲ့ပါပြီ။
မှတ်မိပါသေးတယ်… သူ ကျောင်းသူလုပ်တဲ့ပထမနေ့မှာ ကျောင်းကနေ ဖတ်စာအုပ်တွေတစ်ပုံကြီး သယ်ပြန်လာခဲ့ပါတယ်။ အိမ်ရောက်တာနဲ့ စာအုပ်သစ်တွေကို တစ်အုပ်ချင်းစီထုတ်ပြီး စားပွဲခုံပေါ်သူတင်ပါတယ်။ သူ့မျက်နှာပေါ်မှာ အပြုံးရိပ်တွေယှက်သန်းနေခဲ့ပါတယ်။ သူ့ဖေဖေက ပြက္ခဒိန်ဟောင်းတစ်ခုကိုယူပြီး စာအုပ်ဖုံးတွေထုတ်ပေးခဲ့ပါတယ်။ ကစ်ကစ်ဟာဖေဖေ့ဘေးမှာထိုင်ပြီး ဖတ်စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားလှန်လျောဖတ်ရှုနေခဲ့ပါတယ်။ သူရွတ်ဖတ်နေတဲ့အသံကိုနားထောင်ရင်း ကျောင်းသားလေးတွေဖြတ်သန်းရမယ့် “စာလုံးတွေနဲ့ရင်းနှီးခြင်း”ဂိတ်ကို မသိမသာနဲ့ သူလွယ်လွယ်ကူကူဖြတ်သန်းနေခဲ့ပြီဆိုတာ သိလိုက်ရပါတယ်။။ ကစ်ကစ်ဟာ မူလတန်းတက်စမှာပဲ ၃တန်းကျောင်းသားတစ်ယောက်တတ်တဲ့ စာတတ်နှုန်းလောက် စာတွေကိုရွတ်ဆိုနေနိုင်ခဲ့ပါပြီ။ ဒါဟာ “ထူးဆန်းအံ့သြ”မှုလေးတစ်ခုနဲ့တူပါတယ်။ ဆရာမကိုအံ့သြစေခဲ့သလို ကျွန်မကိုလည်းဝမ်းသာစေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ သေသေချာချာသိထားတာက ကစ်ကစ်ဟာသာမန်ကလေးတစ်ဦးပါ။ အချိန်တိုတိုအတွင်းမှာ ရုတ်တရက် သူဒီလောက်စာတွေဖတ်တတ်နေခဲ့တာဟာ အင်မတန်ရိုးရှင်းပြီး သဘာဝကျတဲ့ဖြစ်စဉ်တစ်ခုပါ။ အရေအတွက်ကနေ အရည်အချင်းကိုပြောင်းလဲတဲ့ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုးဖြစ်လာခဲ့တာဟာ ပညာရေးရဲ့အကျိုးရလဒ်ပဲဖြစ်ပါတယ်။ အုပ်ထိန်းသူရဲ့ အမှတ်တမဲ့ပြုလုပ်ဆောင်ရွက်လိုက်တဲ့ တည့်မတ်တဲ့ပညာရေးရဲ့ ရလဒ်ပဲဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်မရဲ့လုပ်နည်းကိုင်နည်းကို အနည်းငယ်ပြောချင်ပါတယ်။ ရည်ရွယ်ချက်က ကစ်ကစ်လို ပိုများတဲ့ကလေးတွေပေါ်ထွန်းလာရေးပါ။ စာတွေကို ပေါ့ပါးလွယ်ကူစွာ အချိန်စောပြီး ဖတ်မှတ်တတ်ဖို့ဖြစ်ပါတယ်။ ဒါဟာ ကျောင်းမနေခင် ဒါမှမဟုတ် ကျောင်းတက်ပြီးစာတွေနဲ့ စရင်းနှီးချိန်ကလေးတွေအတွက် အကျိုးရှိပါတယ်။ ဒါ့အပြင် သူ့တစ်သက်တာသင်ကြားရေးမှာ ပိုအရာရောက်တဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်ပါတယ်။
ကျွန်မရဲ့လုပ်ကိုင်နည်းက အင်မတန်ရိုးရှင်းလွယ်ကူပါတယ်။ ကျွန်မ စာအုပ်တစ်အုပ်ယူပြီး ပထမဆုံးအကြိမ် ကစ်ကစ်ကိုပုံပြောပြချိန်ဟာ ပုံပြင်ကို“ပြော”ခဲ့တာမဟုတ်ဘူး.. “ဖတ်”ခဲ့တာပါ။ ပုံပြင်ပါအကြောင်းအရာကိုလည်း “ကလေးစကား”အဖြစ် ဒါမှမဟုတ် ကျွန်မတို့ပြောနေကျနေ့စဉ်စကားလို ဖတ်မပြခဲ့ဘဲ စာအုပ်ထဲမှာပါတဲ့စာလုံးတွေအတိုင်း တစ်လုံးချင်းသူ့ကို ဖတ်ပြခဲ့တာဖြစ်ပါတယ်။
စာရွက်တစ်ရွက်လိုဖြူစင်နေတဲ့ ကလေးတစ်ယောက်အတွက် စကားလုံးတိုင်းက အသစ်ဖြစ်နေပါသေးတယ်။ “ရိုးရိုး”စကားလုံးဖြစ်ဖြစ်၊ “ဆန်းသစ်”စကားလုံးဖြစ်ဖြစ် သူ့အတွက်က အားလုံးအတူတူပဲလို့ကျွန်မထင်ပါတယ်။ “မြေခွေးကြီး စိမ်ပြေနပြေလမ်းလျှောက်နေသည်” နဲ့ “မြေခွေးကြီး လမ်းဖြည်းဖြည်းလျှောက်နေသည်”ဆိုတဲ့နေရာမှာ စကားသင်စကလေးငယ်တစ်ယောက်အဖို့ ဘယ်ဟာပိုခက်တယ်ဆိုတာကို နားမလည်နိုင်သေးပါဘူး။ စစချင်း ကျွန်မတို့ဘာသွင်းပေးရင် ဘာကိုပဲသူလက်ခံပါတယ်။ တချို့အုပ်ထိန်းသူက ကလေးကိုပုံပြောပြချိန်မှာ ကလေးနားမလည်မှာစိုးလို့ဆိုပြီး စာအုပ်ထဲကစာစကားကို ရိုးရှင်းတဲ့စကားပြောအဖြစ် ပြောင်းလဲပြောပြတတ်ခဲ့ပါတယ်။ တကယ်တမ်းမှာ ဒါတွေကမလိုအပ်ပါဘူး။ ဒါဟာ တရုတ်ဘာသာစကားပြောတဲ့ ကလေးငယ်တစ်ယောက်က အင်္ဂလိပ်စာစတင်ချိန်မှာ အခက်အခဲကြုံရပေမယ့် အင်္ဂလိပ်စကားပြောတဲ့ ကလေးငယ်တစ်ယောက်ဟာ အင်္ဂလိပ်စာသင်ချိန်မှာ ခက်တယ်လို့မခံစားရတဲ့ သဘောတရားလိုပါပဲ စိတ်ပူစရာမလိုပါဘူး။ ကလေးရဲ့သဘာဝအရ အရာရာတိုင်းကို သူတို့စူးစမ်းချင်ကြတယ်။ သူ့ကို “ဖတ်ပြ” ဒါမှမဟုတ် “ပြောပြ”တာပဲဖြစ်ဖြစ် ဆွဲဆောင်နိုင်ခြင်းက သူ့အတွက်အတူတူပါပဲ။
ကစ်ကစ်တစ်နှစ်အရွယ်မှာ ကျွန်မပုံပြင်စဖတ်ပြပါတယ်။ သူ့ကိုဖတ်ပြစက သူနားလည်လား နားမလည်လားမသိခဲ့ပေမယ့် ကျွန်မဖတ်ပြတဲ့အခါတိုင်း သူနစ်နစ်မျောမျော နားထောင်ခဲ့ပါတယ်။ ကြည်လင်တဲ့သူ့မျက်ဝန်းထဲမှာ ပျော်ရွှင်တဲ့အရိပ်အယောင်တွေ ထင်ဟပ်ခဲ့ပါတယ်။ သူ့ကိုဖတ်ပြတဲ့စာအုပ်ကိုပဲ ကျွန်မတို့ထပ်တလဲလဲဖတ်ဖြစ်ခဲ့ပါတယ်။ ဖတ်တိုင်း စာလုံးတစ်လုံးချင်းစီကို လက်ညှိုးညွှန်ပြီး ကျွန်မဖတ်ခဲ့ပါတယ်။ ကစ်ကစ် စကားစပြောတဲ့အရွယ်ရောက်တာနဲ့ ကြက်တူရွေးစကားပြောသင်သလို သူလိုက်ရွတ်ဖတ်ခဲ့ပါတယ်။ တဖြည်းဖြည်း မေမေဖတ်ပြတဲ့ပုံပြင်ကို တစ်ခွန်းချင်း သူအလွတ်ရွတ်ဆိုခဲ့ပါတယ်။ သူကိုယ်တိုင်စာဖတ်နေသယောင်ပုံစံမျိုးနဲ့ မကြာခဏရွတ်ဆိုတတ်ခဲ့ပါတယ်။
ကစ်ကစ် ၁နှစ်၈လသားအရွယ်တုန်းကအဖြစ်တစ်ခုကို ကျွန်မသေသေချာချာမှတ်မိနေခဲ့ပါတယ်။ အဲဒီနေ့က သူ့ဖေဖေရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦး အိမ်ကိုအလည်လာပါတယ်။ ကစ်ကစ်က အဲဒီဦးလေးဘေးမှာရပ်ပြီး ကိုယ့်ကိုယ်ကိုပုံပြောနေခဲ့ပါတယ်။ အာရုံစိုက်ပြီး“ဘဲရုပ်ဆိုး”အကြောင်းကို ဖတ်နေခဲ့ပါတယ်။ ကစ်ကစ်ဟာ လက်ကလေးနဲ့ စာအုပ်ပေါ်ကစာတစ်လုံးတိုင်းကို လက်ညှိုးထိုးပြီး ရွတ်ဖတ်နေခဲ့တယ်။ စာမျက်နှာတစ်ရွက်ပြီးတစ်ရွက်လှန်လျောရင်း စာလုံးတစ်လုံးမကျန် သူ“ဖတ်”နေခဲ့ပါတယ်။ သူ့ဖေဖေမိတ်ဆွေက ဒါကိုတွေ့တော့ ကစ်ကစ်စာဖတ်တတ်ပြီအထင်နဲ့ အံ့သြသွားခဲ့တယ်။ ကျွန်မက မဟုတ်ရတဲ့အကြောင်း ကျွန်မဖတ်ပြခဲ့ဖူးတာတွေကို သူအလွတ်ရွတ်ဆိုနေတဲ့အကြောင်း ရယ်ပြီးပြောပြပါတယ်။ အဲဒီအရွယ်ကစ်ကစ်မှာ စာလုံးတွေကိုသိနိုင်တဲ့အမြင်မရှိသေးပါဘူး။ အဲဒီတုန်းက သူရွတ်ဖတ်တဲ့စကားလုံးနဲ့ သူလက်ညှိုးညွှန်တဲ့စာလုံးဟာ တူသလားဆိုတာကိုလည်း သူမသိခဲ့ပါဘူး။ မေမေဖတ်ပြခဲ့တဲ့ပုံပြင်ရဲ့အသံနဲ့ အမူအရာအတိုင်း စက်ရုပ်တစ်ရုပ်လို သူအတုခိုးနေတာဖြစ်ပါတယ်။
အဲဒီလို“ဖတ်”တဲ့နည်းနဲ့ပဲ ကစ်ကစ်ကိုကျွန်မပုံပြောပြခဲ့ပါတယ်။ အသံနေအသံထားဆွဲဆောင်မှုရှိအောင်ကို သတိထားခဲ့ပါတယ်။ ကစ်ကစ်တဖြည်းဖြည်း အရွယ်ရောက်လာတဲ့အခါ ပုံပြင်“ဖတ်”တာကို “ပြော”တာနဲ့အစားထိုးခဲ့လည်း သူရဲ့နားလည်သဘောပေါက်နိုင်စွမ်းကို ဘာမှမထိခိုက်ခဲ့ပါဘူး။ သူရဲ့စကားလုံးဝေါဟာရကိုတောင် ပိုကြွယ်ဝစေခဲ့ပါတယ်။ သူစကားပြောဆိုချိန်မှာ သင့်တော်တဲ့စကားလုံးတွေကို ရွေးချယ်ပြီး သူပြောတတ်ခဲ့တယ်။ တခြားကလေးတွေလို ထုတ်ဖော်ပြောပြချင်ပေမယ့် ဘယ်လိုပြောရမှန်းမသိတာမျိုး၊ ပြောချင်တဲ့အဓိပ္ပာယ်ကိုပြောဖို့ စကားလုံးမသိတာမျိုးတွေ သူ့မှာအဖြစ်နည်းခဲ့ပါတယ်။
ဒီလိုဖြတ်သန်းနေရင်းနဲ့ စကားလုံးတချို့နဲ့ ကစ်ကစ်စတင်ရင်းနှီးလာခဲ့ပါတယ်။ ဒါဟာ “စာဖတ်ခြင်း”ရဲ့အကျိုးဆိုတာကို ကျွန်မတိတိကျကျယုံကြည်ခဲ့ပါတယ်။ အဲဒီလိုနဲ့ တဆင့်တက်ပြီး စာလုံးတစ်လုံးချင်းကို ကျွန်မလက်ညှိုးညွှန်ပြီးဖတ်ရာကနေ သူညွှန်ပြီးကျွန်မဖတ်တဲ့အဖြစ်ကို ပြောင်းလိုက်ပါတယ်။ သူညွှန်တဲ့နေရာနောက်လိုက်ပြီး ကျွန်မဖတ်ခဲ့ပါတယ်။ ဖြည်းဖြည်းချင်း စကားလုံးရဲ့လုပ်ဆောင်ပုံကို ကစ်ကစ်နားလည်သဘောပေါက်လာခဲ့ပြီး ပုံပြင်နဲ့စကားလုံးတို့ကို အတူဆက်စပ်ခဲ့မိပါတယ်။ စကားလုံးတွေက သူ့အကြည့်ထဲမှာ ပျင်းစရာကောင်းတဲ့အပိုစာလုံးတွေဖြစ်မနေခဲ့တော့ဘဲ စကားလုံးမှာအကြောင်းအရာရှိတယ်၊ စကားလုံးဆိုတာပုံပြင်ပဲ၊ စိတ်ဝင်စားစဖွယ် အဲဒီစကားလုံးတွေဟာ လှုပ်ရှားသက်ဝင်နေတယ်ဆိုတာကို သူတွေ့ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အများပြည်သူနဲ့ဆိုင်နေရာတွေကျွန်မတို့ရောက်ခဲ့ရင် သူ့ကိုစာလုံးတချို့ညွှန်ပြတဲ့အခွင့်အရေးကို ကျွန်မသုံးတတ်ခဲ့ပါတယ်။ ဥပမာ-- ရထားဘူတာတွေမှာ “ဆေးလိပ်မသောက်ရ”ဆိုတာကို ရွတ်ဖတ်ပြပြီး ဒီနေရာဟာလူများတာကြောင့် လေထုညစ်ညမ်းတယ်.. ဒီဆိုင်းပုဒ်က လူတွေကို ဒီနေရာမှာ ဆေးလိပ်မသောက်ရဘူးလို့ ပြောထားတာဖြစ်တယ်လို့ သူ့ကို ကျွန်မပြောပြတတ်ခဲ့ပါတယ်။ တိရစ္ဆာန်ရုံလည်ပတ်ချိန်မှာ လမ်းညွှန်ဆိုင်းပုဒ်တွေကို ကျွန်မတို့အတူဖတ်ခဲ့ပါတယ်။ အဲဒီနောက် ကြည့်ချင်တဲ့တိရစ္ဆာန်ကို ကျွန်မတို့ရှာတွေ့ခဲ့ပါတယ်။ ရှော့ပင်းစင်တာရောက်ချိန်မှာလည်း လမ်းညွှန်ဆိုင်းပုဒ်တွေဖတ်ပြီး ကျွန်မတို့သွားချင်တဲ့အထပ်ဆီ အဆင်ပြေပြေသွားရောက်ခဲ့ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ စာလုံးတွေတွေ့ရင် အသံထွက်ရွတ်ဖတ်ချင်တဲ့အကျင့်တစ်ခု ကစ်ကစ်ရလိုက်ပါတယ်။ သူနဲ့အတူ ဘတ်စ်ကားစီးချိန်မှာလည်း လမ်းဘေးမှာတွေ့သမျှ ဆိုင်နာမည်၊ ကြော်ငြာဆိုင်းပုဒ်ပေါ်ကစာတွေကို သူမနားတမ်းဖတ်ခဲ့ပါတယ်။ သူမဖတ်တတ်တဲ့စာလုံးတွေ့ရင် ကျွန်မကိုမေးတတ်ခဲ့တယ်။ ကျွန်မက စိတ်အားထက်သန်စွာနဲ့ သူနဲ့အတူ အဲဒီဆိုင်းပုဒ်တွေဖတ်ခဲ့ပါတယ်။ ဆိုင်နာမည်ဆန်းဆန်းတွေ့ရင် ကျွန်မတို့ခဏတာလောက် အတူဆွေးနွေးတတ်ခဲ့ပါတယ်။
ကစ်ကစ်ဘယ်အရွယ်မှာ စာတွေဘယ်လောက်တတ်ခဲ့သလဲလို့ ဆန်းစစ်ကြည့်ရမယ်ဆိုရင် ကျွန်မရဲ့မှတ်ဉာဏ်အရ သူ၅နှစ်မပြည့်ခင်မှာ ဖတ်တတ်ခဲ့တဲ့စာလုံးတွေက ဟိုတစ်လုံးဒီတစ်လုံး ဖရိုဖရဲပါ။ သူကိုယ်တိုင် စာအုပ်မကြည့်တတ်သေးပါဘူး။ ကျွန်မကပဲ သူ့ကိုဖတ်ပြခဲ့တာပါ။ ၅နှစ်နောက်ပိုင်းမှာ အချိန်တိုတိုအတွင်းမှာ--မထင်မှတ်တဲ့အဖြစ်တစ်ခုမှာလို့ ပြောလို့ရတယ်.. ဥပမာအနေနဲ့ပြောရရင် မေမေကိုသူပုံပြောခိုင်းတယ်၊ မေမေက အချိန်မရှိသေးဘူး.. သမီးကိုယ်တိုင်အရင်ကြည့်လိုက်နော်လို့ ဆိုလိုက်တယ်။ အဲဒီမှာ စာအုပ်ဖွင့်ပြီး သူကိုယ်တိုင်ကြည့်တယ်။ စာအုပ်ပါအကြောင်းအရာကို သိချင်တဲ့စိတ်ပြင်းပြခဲ့တဲ့အတွက် စာလုံးတွေနဲ့သူမရင်းနှီးခဲ့လည်း ပုံကြည့်လိုက်စာကြည့်လိုက်နဲ့ သူရဲ့စိတ်ဝင်စားစိတ်ကို သူဖြည့်တင်းခဲ့တယ်။ သူ့ကို စာလုံးတွေဒီလောက်တတ်ပြီး ကိုယ်တိုင်စာဖတ်တတ်ကြောင်း ကျွန်မချီးမွမ်းစကားဆိုပြီး သူမဖတ်တတ်တဲ့စာလုံးတချို့ကိုဖတ်ပြခဲ့ပါတယ်။ ဒီလိုနဲ့ ဒီပုံပြင်တစ်ပုဒ်ကို သူစုပ်ယူနှလုံးသွင်းနိုင်ခဲ့ပါတယ်။
ကိုယ်တိုင်စာဖတ်ရင်းနဲ့ ကြီးမားတဲ့ပျော်ရွှင်မှုကိုသူရခဲ့ပြီး မထိန်းနိုင် မသိမ်းနိုင်ဘဲ စာတွေပိုပိုဖတ်လာပြီး ဖတ်တာများလေ သူတတ်တဲ့စာလုံးတွေပိုများလာလေ ဖြစ်ခဲ့ပါတော့တယ်။ ကစ်ကစ် ဒုတိယတန်းအရောက်မှာ သူရဲ့စာဖတ်စွမ်းရည်က အလယ်တန်းကျောင်းသားတစ်ဦးရဲ့အဆင့်မှာ ရှိနေခဲ့ပါတယ်။ အတန်းထဲက ကျောင်းသားတော်တော်များများက ကိုယ်မသိတဲ့စာလုံးတွေအပေါ် အာရုံစိုက်ခွန်အားထုတ်သုံးနေချိန်မှာ ကစ်ကစ်ဟာ ဝတ္ထုရှည်တွေတစ်ပုဒ်ပြီးတစ်ပုဒ် စဖတ်နေခဲ့ပါပြီ။ အသံထွက်အမှားတွေ မကြာခဏသူဖတ်တတ်ခဲ့ပါတယ်။ မဖတ်တတ်တဲ့စာလုံးကို ဖေဖေမေမေတို့ကိုမေးနိုင်ကြောင်း သူ့ကို ကျွန်မအသိပေးခဲ့ပေမယ့် စာအုပ်ဖတ်ချင်ဇောကြောင့် စာလုံးတစ်လုံးကိုမဖတ်တတ်လည်း နားလည်သဘောပေါက်နိုင်တယ်ဆိုရင် ကျွန်မတို့ကို သူမမေးတော့ပါဘူး။ ဒီ့အတွက် ကျွန်မတို့လည်း ဘာမှမဖြစ်ဘဲ သူ့သဘောအတိုင်းရှိစေခဲ့ပါတယ်။ တကယ်တမ်းမှာ စာဖတ်တာများရင် မသိတဲ့စာလုံးတွေကိုလည်း အလိုလိုဖြေရှင်းသွားနိုင်ခဲ့ပါတယ်။
ကစ်ကစ်၁ဝနှစ်အရွယ် မူလတန်းပြီးချိန်မှာ ပြည်တွင်းစာရေးဆရာတချို့ရဲ့ဝတ္ထုတွေ၊ ပြည်ပစာရေးဆရာတချို့ရဲ့ စာအုပ်တွေ၊ ဂန္တဝင်စာအုပ်… စတာတွေကို သူတော်တော်များများဖတ်ပြီးနေခဲ့ပါပြီ။ တခြားကလေးစာပေ၊ မဂ္ဂဇင်းတွေဆို မရေမတွက်နိုင်ခဲ့ပါဘူး။
ကစ်ကစ်ဟာ စာဖတ်များတာကြောင့် နားလည်သဘောပေါက်နိုင်စွမ်းလည်း ကောင်းခဲ့ပါတယ်။ ဒါကြောင့် ကျောင်းသင်ခန်းစာမှာလည်း သူထူးချွန်ခဲ့ပါတယ်။ ပေါ့ပေါ့ပါးပါးသင်ယူနိုင်ခဲ့တယ်။ ဒုတိယတန်းပြီးတာနဲ့ သူဟာတန်းကျော်ပြီး စတုတ္ထတန်းကို တက်ရောက်ခဲ့ပါတယ်။ ဒါတောင် အတန်းထဲမှာ စာအတော်ဆုံးထူးချွန်သူတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။ သူဟာ အတန်းထဲမှာအငယ်ဆုံးပါ။ ဒါပေမယ့် သူ့ရဲ့ရင့်ကျက်မှုနဲ့ အခက်အခဲကိုနားလည်နိုင်စွမ်းအဆင့်က သူ့နဂိုအသက်ထက်ပိုမြင့်ခဲ့ပါတယ်။
အခုခေတ်မူလတန်းကလေးတွေဟာ ကျောင်းသင်ခန်းစာတွေကို လေးလေးပင်းပင်းထမ်းထားရတာဟာ တခြား “ကျောင်းပြင်ပ”စာတွေသိပ်များလွန်းတဲ့အပြင် အဓိကအချက်က မမှန်ကန်တဲ့သင်ကြားရေးစနစ်ကြောင့်ဖြစ်ပါတယ်။ ကလေးတွေစာဖတ်တတ်ဖို့ အခြေခံသင်ကြားတာက ကျောင်းဖတ်စာအုပ်ဖြစ်ပြီး စာလုံးတစ်လုံးတိုင်းကို ရေးဖတ်တတ်ဖို့ ၁ဝခေါက်၊ အခေါက်၂ဝ တစ်ကိုယ်တည်းရေးမှတ်ခိုင်းတာမျိုးလုပ်ခဲ့တယ်။ ဒါဟာ ကလေးတွေပေးဆပ်တဲ့လုပ်အားကို ပိုပင်ပန်းနွမ်းနယ်စေပြီး အကျိုးဖြစ်ထွန်းမှုလည်း နည်းပါတယ်။
ကစ်ကစ်ရဲ့ပညာသင်ကြားရေးမှာ ကျွန်မကိုနက်နက်နဲနဲ အသိတရားရသွားစေတာက သင်ယူတဲ့စကားလုံးသစ်တွေကို နေ့စဉ်ဘဝနဲ့ပေါင်းစပ်တာမျိုး၊ အခြေခံစာဖတ်ခြင်းကနေ ထူထောင်တာမျိုးတွေပြုလုပ်နိုင်ပါတယ်။ ဒါဟာ အကျိုးရလဒ်အင်မတန်ဖြစ်ထွန်းစေတဲ့ သင်ကြားနည်းပဲဖြစ်ပါတယ်။ ကလေးတွေသင်ယူရတာ လွတ်လပ်ပေါ့ပါးသလို လူကြီးတွေလည်းပေါ့ပါးပြီး အကျိုးရလဒ်၂ဆဖြစ်ထွန်းစေပါတယ်။
အုပ်ထိန်းသူတချို့က ကျောင်းနေချိန်မရောက်သေးတဲ့ကလေးငယ်ကို စာဘယ်နှလုံးတတ်အောင်သင်ပေးလိုက်ပြီ၊ အင်္ဂလိပ်မီးနင်းဘယ်နှလုံးတတ်သွားပြီဆိုတာမျိုးကို ဂုဏ်ယူဝင့်ကြွားပြောတတ်ခဲ့ပါတယ်။ သူတို့ရဲ့လုပ်နည်းက စက္ကူကတ်မှာစာလုံးရေးတာမျိုး ဒါမှမဟုတ် အင်္ဂလိပ်မီးနင်းတွေ တစ်အိမ်လုံးကပ်ထားတာမျိုးဖြစ်ပါတယ်။ ဒီလိုလုပ်တာရလို့လားလို့ ကျွန်မအမြဲစိတ်ပူခဲ့ပါတယ်။
*** တစ်ပိုင်းတစ်စဖြစ်ပါတယ်..
Nine Nine Sanay @ နိုင်းနိုင်းစနေ