ကျပ်သုံးသိန်းအောက် ကန်တော့ခံပစ္စည်းများရပြီ
ပို့စ်တင်ချိန်
- 3/22/2014 11:53:00 AM
ရွာလည်တဲ့ စာ
ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေးဆိုတော့ တိုင်းလုံးကျော်လည်း ခွင်လေးတွေ တွေ့ရင် ဒီလိုပဲ ခြေနိုင်လက်နိုင်ပေါ့ဗျာ။ ဟဲဟဲ။ ဒါကလည်း အမြတ် လိုချင် တာထက် ကူညီတဲ့ သဘောပါပဲ။ အားလုံးလည်းအဆင်ပြေ စေပေါ့ဗျာ။ ကောင်းပါတယ်။ မဟုတ်ရင် ပြည်သူက သို့လောသို့လော နဲ့ ပြောစရာ ဖြစ်နေ မယ်လေ။ ဒီတော့ ဇဝေဇဝါနဲ့လိပ်ပြာမသန့် မဖြစ်ရအောင် တိုင်းလုံးကျော်ကူညီတာပါ။ အရင်းမရှိအဖျား မရှိဖြစ်နေလားဗျ။ သိပြီးသားတွေ ဖြစ်ပါမယ်။ တိုင်းလုံးကျော်တို့ သမ္မတကြီး ခမျာ မကြာခဏဆိုသလိုပြည်သူအတွက် လုပ်သင့်တာတွေ ပြောပါတယ်။ အကြံပေးပါတယ်။ ဟိုတစ်ခါ နွားနို့သောက် ခိုင်းတုန်းက ဝိုင်းလှောင်လိုက်ကြ၊ အမျိုး မျိုး ဝေ ဖန်လိုက်ကြနဲ့။ စေတနာနဲ့ကို မတန်တာပါဗျာ။
ဟောအခုကြည့် ကျပ်သုံးသိန်းထက်ကျော်တဲ့လက်ဆောင်ကို လက်ခံ ရင် လာဘ်ပေးလာဘ်ယူလို့သတ်မှတ်မယ်လို့ ဝန်ကြီးဌာနတွေကို တရား ဝင်အ ကြောင်းကြား တယ် လို့ ကြားသိရပါသဗျ။ ကဲ ဘယ်လောက်စနစ်ကျလဲဗျာ။ လက် ဆောင်ဆိုတာကလည်း သိတဲ့အတိုင်း ဂုဏ်နဲ့ဒြပ်နဲ့ လက်ဆောင်ခြင်း တစ်ခု ပေါက်ဈေးကအစားစားဗျ။ ဒါကလည်း အခြေအနေပေါ်မူတည်တယ်။ ကန်တော့ခံပုဂ္ဂိုလ်ပေါ် မူတည်တယ်။ ဒီ တော့ လာဘ်လာဘ်ပေးလာဘ်ယူ မဖြစ်အောင် တိုင်းလုံးကျော်က ကြားကနေ စီစဉ်ပေး ချင်တာပါ။ ဖွယ်ဖွယ်ရာရာ လှလှပပလေး ဖြစ်စေရမယ်ဗျာ။
ဒီတော့ မယူနိုင်ဘူးပြတ်ပြတ်ငြင်းရင်တော့ ထားပါတော့။ တကယ်လို့ အသက်အားဖြင့် ဂုဏ်အားဖြင့် ကန်တော့ ချင်တယ်ဆိုရင် ဟဲဟဲတိုင်းလုံးကျော်ဆီမှာ အပြီးအစီး သုံးသိန်းကျပ်တိတိဗျာ။ မစွန်းစေရဘူး။ ကဲ အာမခံနဲ့ရောင်းမယ်။ ကြိုက်သလို တွက်နော်။ ပါကင် စက္ကူဖိုးကအစ အဲမုန့်ပုံးက အစပေါ့။ ကွက်တိဖြစ်နေစေ ရမယ်။ အကြံကောင်းတယ် မဟုတ် လားဗျ။ တွက်ချေကိုက်မှာ သေချာတယ်။ သုံးသိန်းတန် လက်ဆောင်တွေ တစ်ခါ၊ နှစ်ခါ၊ သုံးခါ ခဏခဏမကန့်တော့ရလို့ မှ မပြောထားတာပဲကိုနော်။
ဗျာ လက်တစ်လုံးခြား။ ဦးလေး ရယ် ဒါ လက်တစ်လုံးခြားလားဗျာ။ မကြာခင်သင်္ကြန်လာမယ်။ လူကြီးတွေပဲ ကန်တော့ရမှာပေါ့။ နောက် ကဆုန်လ နေ ထူးနေ့မြတ် ကန်တော့ရမှာပေါ့ဗျာ။ ဟော နောက်ဝါဆိုလ အလှူလေးနဲ့အတူ ပေါ့။ လာဦးမယ်။ သီတင်းကျွတ် အမ လေး နန်းစတော့ကုသိုလ်ဗျာ။ ဟင့်အင်း လာဘ်ပေး လာဘ် ယူတို့ရန်သူလေ။ ရန် သူတော့ ဘယ်အဖြစ်ခံမလဲဗျာ။ ဒါ ညောင်စေ့လောက်လှူ ကျွန်းသစ်တွေရ အဲ ညောင်ပင်ကြီးလောက် ရဖို့လေ။ မျိုးစေ့ချတာပေါ့ဗျာ။
ဗျာ ကြိတ်ပေးတာ ဟင့်အင်းဒါ တော့ သားမသိဘူး။ ဗျာ — ဘဏ်ကနေ ဒါလည်းသား မသိဘူးဗျ။ ဗျာ ဂေါက်ကွင်း ဟင့်အင်းရောက်ဖူးဘူးဗျ။ ဗျာ –ဗျာ ဗျာ—– ခင်ညားတို့က လည်းဗျာ။ ဟို တန်ဖိုးနည်းနည်းနဲ့ အာ ဟာရဖြစ်မယ့် နွားနို့သောက်ခိုင်းတုန်းက တော့ အညိုးညိုး ဒါကျမှ စောဒကလာ တက်နေတယ်။ သွားမသိဘူး ကန်တော့ ချင်ရင် တိုင်းလုံကျော်နဲ့ဆက်သွယ် သုံး သိန်းမကျော်စေဘဲ အားလုံအိုကေစေရမယ်။ ဟင်း ဘာရမလဲ–နာတွ–ဟေး ဟေး။
လေယာဉ်ပျံတစ်စီး အလိုရှိသည်
အချိန်ကကပ်နေပါပြီ။ ဒီတော့ တိုင်းလုံးကျော်လည်း လက်ကျန်ခရီးသည်စာရင်းကို ပြန်စစ်ရပါတယ်။ ဟိုလူကြီးရော ပါပြီးလား၊ ပါပြီ။ ဟိုငနဲကြီးရော ပါပြီလား။ ပါပြီ။ ဟို ဆရာကြီး ရောပါပြီလားပါပြီ။ ဟိုပုဂ္ဂိုလ်ကြီးရော ပါပြီလား။ ဟုတ်ကဲ့။ နေဦးဟ ဟိုအဘ ကျန်သေးတယ်။ အလို ဒီအဘလည်း ကျန်နေသေးပါလား။ ဒါနဲ့ တိုင်း လုံး ကျော် လည်း မြန်မြန်တက်ကြဖို့ ဆော်သြ ရတာပေါ့။ အချိန်က ကပ်နေပြီလေ။ တကတဲသွားမယ်ဆိုတာတောင် ဟိုဟာ စားမပြီး ဒီဟာစားမပြီးနဲ့။ အဲလိုဗျာ။ ခက်တယ်။ ဒါနဲ့ လူစုံတော့ တိုင်းလုံး ကျော်လည်း လေယာဉ်မှူးကို ခရီးစဉ် ညှိ။ အခြေအနေပြောပြပြီး လိုက်နှုတ် ဆက်လိုက်ပါတယ်။ ပျော်ပါစေ အဘ။ ကောင်းကောင်း နားခဲ့ပါ ဆရာကြီး ခင်ဗျာဘာညာပေါ့။ ဟဲဟဲ။ ဒါနဲ့ တိုင်းလုံးကျော်လည်း လေယာဉ်ပေါ်က ဆင်းပြီး အောက်ကနေပဲ လက်တွေဘာတွေ ဝှေ့ယမ်းပြပေါ့လေ။
ဟေးဟေး။ ဒီလိုနဲ့ ဒီလိုနဲ့ တာဝန် ပြီးလို့ အိပ်နေတဲ့ တိုင်းလုံးကျော်ဖုန်း မြည်သံကြောင့် လန့်နိုးပါတယ်။ ”အေး ပြောဘာလဲကွ” ”ဆရာ အရေးကြီးလို့ပါ” ”အေးဘာ လဲ မြန်မြန်ပြောကွာ ဒီမှာ အိပ်နေတာ” ”ဒီလိုပါဆရာ ညနေက လေယာဉ်လေ အဲဒါ ပျောက်သွားလို့” ”ဟေမင်းဟာ သေချာလား။ တကယ်လား” ”ဟုတ်ပါတယ် ဆိုမှဗျာ ဘာ အဆက်အသွယ်မှာကို မရတော့တာ” တစ်ဖက်ကအသံလည်းဆုံးရော တိုင်းလုံးကျော်လည်း အမောတကောနဲ့ အိမ်ပေါ်က ပြေးဆင်းမိတယ်။ လမ်းပေါ်ကိုပါ။ ဒီ တိုင်းေ တာ့ မဟုတ်ဘူးဗျ။ ပါးစပ်ကလည်း အော်မိတာပေါ့။ ဟာသွားပြီသွားပြီ တစ်စီးလုံးပျောက်သွားပြီပါသွားပြီသွားပြီ တစ်စီးလည်းပျောက် နေပြီ။ ဟာသွားပြီ သွားပြီ အား လုံး ပျောက်သွားပြီ။ ဒါနဲ့ တိုင်းလုံးကျော်လည်း လမ်းမှာတွေ့ သမျှလူတွေ လိုက် ပြောတာပေါ့။
ဟေ့လူ ဟေ့လူ ကြားပြီးပြီလား။ ညနေကလေယာဉ်ပေါ်မှာ ဟိုလူတွေ ပါသွားတယ်။ အဲဒါပျောက်သွားတယ်။ သိလားဗျ။ သိပြီလား။ ဒါနဲ့ လူတွေလည်း တိုင်းလုံးကျော်ဆီက သတင်းအရ ဖယောင်း တိုင်လေးတွေ ထွန်းပြီး ဆုတောင်းစာ လေးတွေ ကပ်ထားတယ်။
ဘာတဲ့။ Never come back home တဲ့။ ဖြစ်ရမယ်။ ဒီလိုနဲ့ အားလုံးပျော်နေကြတုန်း ဝေါဆိုအိပ်ပရက်(စ်) ကားကြီးတစ်စီး လမ်းပေါ်ဝင်ချလာတယ်။ လူလယ်ခေါင်မှာ ကားကြီးရပ်လိုက်ပြီး ဗြုန်းဆို တံခါးပွင့် လူတွေဆင်းလာတယ်။
ဟင်ဟာ အလို အမလေး ဘုရား ဘုရား — ပါသွားတယ်ဆို။ ပျောက်သွား တယ်ဆို။ လေယာဉ်ကြီးနဲ့ဆို။ အခုတော့ အခုတော့၊ ကြည့်ပါဦးဗျာ။ ကားပေါ် ကနေ ဆင်းလာ လိုက်တာ ဟိုအဘရော၊ ဟိုဆရာရော၊ ဟိုလူကြီးရော အကုန် ပါလား။ ဘယ်နှယ့်ဖြစ်ပါလိမ့်မယ်။ ဒါနဲ့ တိုင်းလုံးကျော်လည်း မသိချင်ယောင် ဆောင်ပြီး တစ်ယောက် ကို မေးကြည့်တယ်။
”အဘ ဟဲဟဲ ဝမ်းသာလိုက်တာ အဘရယ် သားကသတင်းကြားတော့ စိတ်ပူနေတာ” ”မင်းစိတ်ပူတာကလည်း ပျော်နေသလိုကြီးပါလား” ”ဟုတ်ပါဘူး အဘရယ် ဒါနဲ့ အဘတို့ ဘယ်လိုဖြစ် တာလဲဗျ” ”အေး ဒီလိုကွ လေယာဉ်က ပျံပြီးနေပြီ။ နောက်မှ အောက်က အခါ တော်ပေး ဆရာတွေက ဘာညာကွိကွ တွက်ချက်ပြီး လှမ်းတားလို့ ငါတို့အနီး ဆုံးလေးဆိပ်မှာဆင်းပြီး ပြန်လာတာ လေ”တဲ့။ သေစမ်း။ တော်တော်စွမ်းတဲ့ အခါတော်ပေး တွေပါလား။ တိုင်းလုံး ကျော် သေချာတွက်ချက်စီစဉ်ပြီး အပိုင် လုပ် မှပဲ အဟီးးးးး လွဲပါပေါ့လား။ ဟင့် ရွှတ်-။
တိုင်းလုံးကျော် ငိုနေတုန်းမှာပဲ တော်တော်ဒေါသကြီးတဲ့ အညာသားအဘက ”ဟဲ့ကောင် နင့်အကြံ ဒါအကုန် ပဲလား။ လာစမ်း။ အဲအကောင်ကို ဖမ်းကြစမ်းဟေ့–ဖမ်းကြ ဟ– ငါတို့ကို အပျော်ကြံတဲ့အကောင် –ရာရာသသ ငါတို့ကအခါတော်ပေးတွေနဲ့ကွ။ သနား တယ် ပျင်းတောင် ပျင်းသေးတယ်ဟေ့ ပျင်းတောင်ပျင်းသေး တယ်”လုပ်တော့ တိုင်းလုံကျော်လည်း သူတို့လက်ချက်သိနေသူဆိုတော့ ငယ်သံပါအော်ပြီးပြေး ရပါတော့တယ်ဗျို့။
အမလေး အမလေး ပြေးပြေးပြေး — ဒုန်း —အမလေး နာသွားတဲ့နဖူး ကြောင့်တိုင်းလုံးကျော်မျက်လုံးဖွင့်ကြည့် တော့ အလို ငါကားပေါ်မှာ အိပ်မက် မက်နေတာပါလား။ ကားပေါ်မှာ သတင်း စာဝယ်ဖတ်ရင်း မလေးရှားလေယာဉ် ပျောက်ဆုံးမှုသတင်းကို စိတ်မှာစွဲပြီး ဘယ်နှယ့်တွေ မက်မှန်း မသိပါဘူးဗျာ။ ဘုရားဘုရား တော်ပါသေးရဲ့ဗျာ။ ကံ ကောင်းလို့ အိပ်မက်ထဲမှာတောင် အဖမ်း မခံရတာ။ အမယ်မင်း လွဲချက်ကတော့ အိပ်မက်ထဲမှာတောင် တိုင်းလုံးကျော်တို့ ကံဆိုးနေတုန်းပါလားကွယ်တို့…။
ဗျာ။ ဘယ်သူတွေကို လေယာဉ် ပေါ်တင်ပေးလိုက်တာလဲ ဟုတ်လား။ ဟင့်အင်းဟင့်အင်း မပြောဘူး။ အသေ သတ်မပြောဘူး။ ဘာ သိတယ်ဟုတ် လား။ သိရင်စိတ်ထဲမှာ ထားနော်။ ပြီးမှ တိုးတိုးလေးလူတိုက်ကြည့်မယ်။ တူနေ လားလို့ ဟီးဟီး။ ဒီတိုင်းတော့လာ မမေးနဲ့ဗျာ။ သွား သေတောင်မပြောဘူး။ ဒါပဲ။
တိုင်းလုံးကျော်
Popular Myanmar News Journal