နေဝင်ချိန် ဘဝမလှသူများ

ပို့စ်တင်ချိန် - 3/04/2014 08:13:00 PM





သန်လျင်မြို့နယ်ရှိ သဘာဝ တရားရိပ်သာတွင် ခိုလှုံနေရသည့် သက်ကြီးရွယ်အိုများ (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)သန်လျင်မြို့နယ်ရှိ သဘာဝ တရားရိပ်သာတွင် ခိုလှုံနေရသည့် သက်ကြီးရွယ်အိုများ (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)သန်လျင်မြို့နယ်ရှိ သဘာဝ တရားရိပ်သာတွင် ခိုလှုံနေရသည့် သက်ကြီးရွယ်အိုများ (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)သန်လျင်မြို့နယ်ရှိ သဘာဝ တရားရိပ်သာတွင် ခိုလှုံနေရသည့် သက်ကြီးရွယ်အိုများ (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)
အသက် ၇၁ နှစ်အရွယ် ဒေါ်တင်နွဲ့တယောက် ကျောတခင်းစာ ရရှိထားတဲ့ ကုတင်လေးပေါ်မှာ မနက်က ဝေစုရခဲ့တဲ့ အသားတုံးနှစ်တုံး၊ အာလူးတဖတ်ပါတဲ့ ဟင်းတပွဲနဲ့ ထမင်းကြမ်းတခဲကို ညနေစာ စားဖို့ ပြင်ဆင်နေပါတယ်။

ဒေါ်တင်နွဲ့မှာ သွေးချို၊ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ဘယ်ဘက် ခြေတဘက်က ဒူးအထိ ဖြတ်ထားရပြီး ကိုယ်ခန္ဓာ အောက်ပိုင်း သွေးကြောတွေ ပိတ်နေလို့ လမ်းမလျှောက်နိုင်တော့တာ အခုဆို ခြောက်လလောက် ရှိနေပါပြီ။

“သူများအိမ်မှာ ကပ်နေရတယ်။ ရောဂါကြောင့် ခြေထောက်ဒဏ်ရာ ရသွားတော့ အဲဒီအိမ်က လက်မခံတော့ဘူး။ အဘွား နေရေး၊ စားရေး ခက်နေတဲ့ အချိန်မှာ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက ဒီကို ပို့ပေးခဲ့တာပါ” လို့ ဒေါ်တင်နွဲ့က ပြောပါတယ်။

သားသမီး ကျောထောက်နောက်ခံမရှိ၊ အစ်ကိုဖြစ်သူရဲ့ သားသမီးတွေက ထောက်ပံ့ပေမယ့် သူတို့ စောင့်ရှောက်မှုနဲ့လည်း မရပ်တည်နိုင်လို့ ၁၉၆၈ ခုနှစ်ကစပြီး ဒေါ်တင်နွဲ့ဟာ သူများအိမ်မှာ အိမ်အကူအလုပ် လုပ်ကိုင် နေထိုင်ခဲ့ရပါတယ်။ အသက် အရွယ်နဲ့ ဖိစီးလာတဲ့ ရောဂါအမျိုးမျိုးကြောင့် အလုပ်မလုပ်နိုင်တော့ဘဲ ခိုကိုးရာမဲ့ နေစရာ၊ စားစရာ မရှိဖြစ်နေတဲ့ ဒေါ်တင်နွဲ့ကို ရပ်ကွက်သူ ရပ်ကွက်သားတွေက သန်လျင်မြို့နယ်မှာ ရှိတဲ့ သဘာဝ ဓမ္မရိပ်သာကို ပို့ပေးလိုက်ကြခြင်းပဲ ဖြစ်ပါတယ်။

စားဝတ်နေရေး အဆင်မပြေကြတဲ့ မိသားစုတွေမှာ နေထိုင်နေတဲ့ သက်ကြီးရွယ်အိုတွေမှာ ကျန်းမာရေး ချို့တဲ့လာပြီဆိုရင် ကျန်းမာရေး စောင့်ရှောက်မှုတွေ မရရှိကြတော့ဘဲ တချို့သက်ကြီးရွယ်အိုတွေဟာ မိသားစုရဲ့ စွန့်ပစ်မှုတွေ ခံစားနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က တောင်ဒဂုံ ၁၇ ရပ်ကွက်နားမှာ ကျန်းမာရေး မကောင်းတော့တဲ့ အသက် ၆၀ ကျော် အရွယ် အဘိုးအို တဦးကို အတူနေ မိသားစုတွေက လာရောက် စွန့်ပစ်ခဲ့ကြောင်း ရပ်ကွက်နေ ဒေသခံ တဦး ဖြစ်သူ ဦးကိုဦးက
ပြောပါတယ်။

“ကျနော်တို့ တွေ့ရတော့ အဘိုးကြီးက တုန်ချိနေပြီ ဘယ်မှ သွားနိုင်တော့ဘူး။ ညကတည်းက ထားသွားပုံရတယ်။ သူ့ကို မေးကြည့်တော့ နေခဲ့တဲ့နေရာ တချို့ကို မှတ်မိတယ်။ သူ့ကို အဲဒီနေရာ ပြန်ပို့ပေးမယ်ပြောတော့ သူ မသွားချင်တော့ဘူးလို့ ပြောတယ်။ ကျနော်တို့လည်း နီးစပ်ရာ အဘိုး၊ အဘွားတွေ ထားတဲ့နေရာတွေ စုံစမ်းတယ်။ တချို့က အသက်ကန့်သတ် ထားတယ်။ တချို့က တခြား ကန့်သတ်ချက်တွေ ရှိလို့ အဆင်မပြေဘူး။ နောက်မှ အကန့်အသတ်တွေ မလိုဘဲ ထောက်ခံသူ ရှိရင် ရတဲ့ သန်လျင်က သဘာဝတရားရိပ်သာကို ကျနော်ကိုယ်တိုင်ပဲ သွားပို့လိုက်တယ်” လို့ သူက ဆိုပါတယ်။

သက်ကြီးရွယ်အို အများစုဟာ သူတို့ ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်တုန်းက မိသားစုရဲ့ အလေးပေးမှုတွေကို ခံခဲ့ရပေမယ့်၊ အသက်အရွယ်ရလာလို့ ၀င်ငွေမရှာနိုင်တော့တဲ့ အချိန်မျိုးမှာတော့ မြေးထိန်း၊ ကျောင်းကြို၊ ကျောင်းပို့သူများ အဖြစ်နဲ့ သူတို့ရဲ့ အသုံးဝင်မှုကို ပြသနေကြရ ပါတယ်။

“ကျန်းမာနေတုန်းကတော့ မြေးတွေ အလုပ် လုပ်ပေးနိုင်တယ်။ တကယ်တမ်း မကျန်းမမာ ဖြစ်လာရင် အဘိုးတို့က မိသားစုမှာ လူပိုတယောက် ဖြစ်လာပြီ။ ဆေးကုနိုင်တဲ့ မိသားစုမျိုး ဆိုရင်တော့ သိပ် ကိစ္စမရှိပေမယ့် တနေ့လုပ်မှ တနေ့စားရတဲ့ မိသားစု မျိုးအတွက် အဘိုးတို့လို ကျန်းမာရေးမကောင်းတဲ့ အသက်ကြီးသူတွေဟာ ၀န်ထုပ်ဝန်ပိုး ဖြစ်လာတာပဲ” လို့ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ဦးထွန်းကြည်က ဆိုပါတယ်။

အာရှနိုင်ငံတွေထဲက ဂျပန်နိုင်ငံမှာဆို အစိုးရဘက်က နှစ်စဉ် သိသိသာသာ များပြားလာတဲ့ သက်ကြီးရွယ်အို အဘိုး၊ အဘွား တွေအတွက် ဘ၀အာမခံချက်တွေ အဖြစ် ငွေကြေး စတဲ့ ဘိုး၊ ဘွား ထောက်ပံ့ရေးတွေ တတတ်တအား လုပ်ဆောင်လာတာ
သတင်းတွေအရ သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘိုး၊ ဘွား စောင့်ရှောက်ရေးအတွက် လူမှုဝန်ထမ်း ဦးစီးဌာနက လုပ်ဆောင်ပေးနေပေမယ့် သိသိသာသာ အားနည်းနေတာ တွေ့ရတယ်။

အစိုးရက ဖွင့်လှစ်ထားတဲ့ ပြည်သူ့ဆေးရုံ တွေမှာတောင် တနေ့ထက် တနေ့ ကျန်းမာရေးကြောင့် ဆက်ပြီး ဆေးမကုနိုင် တော့လို့ မိသားစုတွေက စွန့်ပစ်သွားကြတဲ့ အဘိုး၊ အဘွား ပြဿနာတွေကို ပုဂ္ဂလိက ဘိုး၊ ဘွား စောင့်ရှောက်ရေး အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဖြေရှင်းနေရတယ်လို့ သိရပါတယ်။

“ခိုကိုးရမဲ့ အဘိုး၊ အဘွားတွေကို ဆေးရုံတွေမှာ ထားထားသွားလို့ ကျနော်တို့ဆီ ဆက်သွယ်ပြီး လာပို့ကြတယ်။ ရန်ကုန်ဆေးရုံကြီး၊ အင်းစိန်ဆေးရုံ၊ အနောက်ပိုင်းဆေးရုံ၊ အောင်ဆန်းဆေးရုံလို ဆေးရုံတွေကလည်း ဆက်သွယ် ပို့တာတွေ ရှိတယ်။ အဓိကက ဆေးရုံက ဆက်လက်ခံလို့ မရတော့တဲ့ အခြေအနေတွေပေါ့။ ကျနော်တို့ကို ဆက်သွယ်ရင် ကျနော်တို့က သွားခေါ်ပေးတယ်” လို့ သဘာဝတရားရိပ်သာမှာ စေတနာရှင် လုပ်အားပေးနေသူ တဦးက ပြောပြတယ်။

မြန်မာနိုင်ငံမှာ နေ့စဉ်နဲ့အမျှ လူဦးရေ ထူထပ် များပြားလာတာဟာ သက်ကြီးရွယ်အို တိုးပွားလာမှုကို မီးမောင်း ထိုးပြနေသလို ဖြစ်နေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

သက်ကြီးရွယ်အိုနဲ့ ပတ်သက်ပြီး တိတိကျကျ စာရင်းဇယားများ အခုချိန်ထိ မရှိသလို၊ ခိုကိုးရာမဲ့ သက်ကြီးရွယ်အို အရေအတွက် ဘယ်လောက်ရှိနေပြီ ဆိုတာကိုလည်း သုတေသနပြု စစ်တမ်း ကောက်ယူထားတာမျိုး မြန်မာနိုင်ငံမှာ
မရှိသေးပါဘူး။

သက်ကြီးရွယ်အိုတွေအတွက် နေရေး၊ စားရေး အပြင် နောက်ထပ် ခြိမ်းခြောက်မှုတခုက မကျန်းမမာ ဖြစ်လာတဲ့ အခါမှာ ကျန်းမာရေး ကုသစရိတ် မရှိတာပါပဲ။

၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေး နှစ်အတွက် ကျန်းမာရေး ဘတ်ဂျက်ကို အရင်နှစ်တွေထက် လေးဆအထိ တိုးမြှင့်ခဲ့ပေမယ့် တကယ်တမ်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျန်းမာရေး စောင့်ရှောက်ပေးမှု အခြေအနေကတော့ ထင်သလောက် ထိရောက်မှု
မရှိသေးဘူးလို့ သတင်းတွေက အခုချိန်ထိ ဖော်ပြရေးသားနေဆဲပါ။

ပုဂ္ဂလိက ဘိုး၊ ဘွားစောင့်ရှောက်ရေး နေရာတွေ၊ ဂေဟာတွေ ဒီနောက်ပိုင်း အများအပြား ပေါ်ပေါက်လာပေမယ့် ဘိုး၊ ဘွားတွေရဲ့ နေထိုင်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေတွေကတော့ အခုချိန်ထိ လုံလုံလောက်လောက်
မရှိသေးပါဘူး။

အသက်အရွယ် ကြီးလာပြီး နေရေး၊ စားရေး အဆင်မပြေဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး မကောင်းတော့တဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၆၀၀ ကျော်ကို ကူညီစောင့်ရှောက်ပေးထားတဲ့ ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်က သဘာဝ ဓမ္မ ရိပ်သာမှာလည်း အနယ်နယ်အရပ်ရပ်က သက်ကြီးရွယ်အို ဘိုး၊ ဘွား လေး၊ ငါးဦးလောက်ဟာ နေ့စဉ် ရောက်ရှိလာကြတယ်လို့ သိရပါတယ်။

“တချို့က မိသားစု စွန့်ပစ်ပြီး ရပ်ကွက်အကူအညီနဲ့ ရောက်လာတာပါ။ တချို့က ဆေးရုံတွေမှာ ထားခဲ့ပြီး ပြန်စရာနေရာ မရှိလို့ ရောက်လာကြတာပါ။ ရောက်လာတဲ့ အဘိုး၊ အဘွားအများစုက ကျန်းမာရေးချို့တဲ့ နေကြတယ်။ လေဖြတ်တာတွေ များတယ်”
လို့ တရားရိပ်သာ တာဝန်ရှိသူ ဒေါ်ခင်စန်းဦးက ပြောပါတယ်။

သဘာဝဓမ္မ ရိပ်သာမှာ သက်ကြီးရွယ်အို ဘိုး၊ ဘွားတွေ အပြင် နေထိုင်စရာ အခက်အခဲ ဖြစ်နေတဲ့ တီဘီ ဝေဒနာရှင်တွေ၊  HIV/AIDS ဝေဒနာရှင်တွေ၊ စိတ်ကျန်းမာရေး ဝေဒနာရှင်တွေနဲ့ တခြားရောဂါ ဝေဒနာရှင်တွေ အပါအ၀င် နေရေး၊ စားရေး အခက်အခဲ ရှိနေတဲ့သူတွေကိုပါ လက်ခံ စောင့်ရှောက်ထားတာ ဖြစ်ပါတယ်။

သဘာဝဓမ္မ ရိပ်သာဟာ ပြည်တွင်း၊ ပြည်ပ စေတနာရှင်တွေရဲ့ လှူဒါန်းမှုနဲ့ပဲ ရပ်တည်နေရတဲ့အတွက် အဘိုး၊ အဘွားတွေရဲ့
ကျန်းမာရေး စောင့်ရှောက်မှုတွေကိုတော့ လုံလုံလောက်လောက် မပေးနိုင်သေးဘူးလို့ သိရပါတယ်။

“ကျန်းမာရေး စောင့်ရှောက်မှုက ရိပ်သာအတွင်းမှာ သင်ပေးထားတဲ့ သူနာပြုတချို့ပဲ ရှိတယ်။ အထွေထွေ ဆရာဝန်တွေ ကတော့ တပတ်တကြိမ်လောက်ပဲ လာနိုင်တယ်။ စေတနာရှင် ဆရာဝန်တွေ တနေ့ တယောက်လောက်တော့ လိုအပ်ပါတယ်” လို့ ဒေါ်ခင်စန်းဦးက ဆိုပါတယ်။

သဘာဝဓမ္မ ရိပ်သာမှာ ရောက်ရှိနေတဲ့ အသက် ၁၀၇ နှစ်အရွယ် အသက်အကြီးဆုံး အဘွားဒေါ်ရွှေရည် အတွက်ကတော့ အခုချိန်မှာ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး အတွက်သာ ကြိုးစားနေရတယ်လို့ သိရတယ်။

သား၊ သမီး၊ ဆွေမျိုး ဘယ်သူတွေဆိုတာလဲ မသိတော့တဲ့ အဘွားဒေါ်ရွှေရည်ဟာ တောင်ဥက္ကလာပ မြို့နယ်အတွင်းက ဓမ္မာရုံတခုမှာ ခေတ္တခန မှီခိုနေထိုင်ရင်း ရပ်ကွက်သူ၊ ရပ်ကွက်သားများရဲ့ ကောင်းမှုနဲ့ သဘာဝဓမ္မရိပ်သာကို ရောက်ရှိ လာတာ အခုဆို ခြောက်နှစ်ခန့် ရှိပြီလို့ သိရပါတယ်။

အခုဆို ဒေါ်ရွှေရည်ရဲ့ ကျန်းမာရေးအခြေအနေကို သဘာဝတရားရိပ်သာမှာ အခြေအနေအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ သက်ကြီးရွယ်အို အချင်းချင်းကပဲ စောင့်ရှောက်ပေးနေကြတာ တွေ့ရပါတယ်။

ဒေါ်ရွှေရည်ဟာ သူ့ဘ၀ ဖြစ်စဉ်တွေကို ကောင်းကောင်း မပြောပြနိုင်ပေမယ့် နေ၀င်ချိန် သူ့ဘ၀ကိုတော့ ဒီတရားရိပ်သာမှာ အေးအေးချမ်းချမ်း ဖြတ်သန်းသွားဖို့ ဆုံးဖြတ်ထားကြောင်း သူ့အမူအရာတွေက သက်သေပြနေပါတယ်။

ဖေးကူစောင့်ရှောက်မှုတွေနဲ့သာ လှုပ်ရှားသွားလာနိုင်တော့မယ့် အဘွားဒေါ်ရွှေရည်လို အဘိုး၊ အဘွားတွေ အတွက်ကတော့ အခုလို စောင့်ရှောက်မှုတွေ အများအပြား လိုအပ်တယ်ဆိုတာ သိသာနေပါတယ်။

အဘွား ဒေါ်တင်နွဲ့က “အဘွားတို့ဘ၀က သေဖို့စောင့်နေရတဲ့ အခြေအနေပဲ ရှိပါတော့တယ်။ အခုတော့ နေရေး၊ စားရေးကို ဆရာတော်ရဲ့ ကျေးဇူးကြောင့် အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်နေပါပြီ။ သေရေးအတွက် အေးချမ်းဖို့ပဲ ကျန်တော့တယ်” လို့ မျက်ရည် စီးကျရင်း အသံတိုးတိုးနဲ့ ဆိုပါတယ်။

ဧရာဝတီ