သတင်းများနှင့် အချင်းများခြင်း
ပို့စ်တင်ချိန်
- 3/14/2014 08:13:00 PM
Written by ကျော်ဗလ
မလေးရှား လေယာဉ်ကို မြန်မာတွေ ဗေဒင်နဲ့ မမြင်ခဲ့ကြောင်းငြင်းဆို
Facebook လို့ပြောကြတဲ့၊ တချို့ကလည်း ဖွဘွတ်လို့ ခေါ်နေကြတဲ့ လူမှုကွန်ရက် Website မှာ စစ်တပ်ကလိုလို၊ ပါတီတစ်ခုက ယောင်ယောင် ကယောင်ကတမ်း သံယောင်ဖမ်းတွေရေးပြီး ကျော်ကြားအောင် လုပ်ချင်သူတွေက မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ဗေဒင်ပညာရှင် နှစ်ယောက်ရဲ့ အမည်တွေကို အလွဲသုံးစားလုပ်ပြီး ဖွလွှတ်သွားတာ တွေ့လိုက်ရပါတယ်။
ဆရာစံဇာဏီဘိုနဲ့ ဦးဇေယျာကိုတို့ရဲ့ အမည်တွေကိုသုံးပြီး ဆရာစံဇာဏီဘိုက လေယာဉ်ကို အကြမ်းဖက်သမားတွေ ဖမ်းသွားတာ၊ ခရီးသည်တွေ မသေသေးဘူးလို့ ပြောသလို၊ ဦးဇေယျာကိုကလည်း Black Hole လို့ခေါ်တဲ့ တွင်းနက်ကြီးထဲ ရောက်သွားကြောင်း ပြောတယ်ဆိုတဲ့ သတင်းတွေ တက်လာတယ်။
ဘာပြောပြော မြန်မာဗေဒင် ပညာရှင်တွေက မနောနဲ့ ဟောတာလား၊ အသောနဲ့ ဟောတာလား မရေမရာမသေမချာ ဖြစ်နေချိန်မှာ ဒီမနက်သတင်းက ‘မလေးရှား လေယာဉ်ပျောက်ဆုံးမှု မြန်မာနက္ခတ်ဗေဒင် ပညာရှင်နှစ်ဦး ဟောကိန်း ထုတ်သည့်သတင်း မမှန်’ ဆိုပြီး ခေါင်းကြီးနဲ့ တွေ့လိုက်ရမှ တို့နိုင်ငံက ဗေဒင်ဆရာတွေလည်း တခြားနိုင်ငံ ဗေဒင်နဲ့ နတ်ဆရာတွေလို နာမည်ကြီးရင် ပြီးရောဆိုတဲ့ ‘ရောရောရှိ’ မလုပ်တတ်ကြောင်း ထင်ရှားသွားပါတယ်။
သူများနိုင်ငံက နတ်ဝင်သည် ယောင်ယောင်၊ ဗေဒင်ဆရာ ယောင်ယောင်တွေက လေယာဉ်ကြီးကို ဘာဖြစ်သွားပြီ၊ ညာဖြစ်သွားပြီဆိုပြီး ဗြောင်ကျကျ ဖောရှော လုပ်နေချိန်မှာ မြန်မာဆရာတွေက တစ်ကွက် ပစ်ချက်နဲ့ မရင်းတာကိုပဲ သတ္တိမရှိတာလား၊ သတိရှိတာလား အတွေးပွားမိတယ်။
ကွန်ပျူတာမှားတာ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ
“အချိန်မီ လုပ်ဖို့လိုတာကြောင့် အလျင်စလို လုပ်ရာမှာ ကွန်ပျူတာ ချို့ယွင်းမှုကြောင့် စာရင်းကို သေချာစွာ ပြန်မစစ်လိုက်နိုင်ဘူး။ ဒါပေမဲ့ စာရင်းအမှန်ကို ဒီတစ်ပတ်အတွင်း အပြီးထုတ်ပြန်သွားမယ်” ဆိုတဲ့ ဖြေရှင်းချက်ကြီးနဲ့ ‘အခွန်မဆောင်ရသေးသည့် ကုမ္ပဏီများစာရင်း ယခုသီတင်းပတ်အပြီး ထုတ်ပြန်မည်’ ဆိုတဲ့ သတင်းကိုလည်း ဖတ်လိုက်ရပါတယ်။နောက်ဆုံးတော့ အမှားဟာ ကွန်ပျူတာကြောင့်ဆိုတဲ့ အဖြေပဲ ထွက်လာတယ်။ ကွန်ပျူတာမှာ လက်သုံး စကားတစ်ခု ရှိတာကို မေ့နေပုံရပါတယ်။ အဲဒီစကားကတော့ "Garbage in, garbage out" ဆိုတဲ့ စကားပါ။ အမှိုက်တွေသွင်းရင်၊ အမှိုက်တွေပဲ ထွက်မယ်ဆိုတဲ့ သဘောပေါ့။
ကွန်ပျူတာဆိုတာ လူက ဒေတာလို့ ခေါ်တဲ့ အချက်အလက် အမှန်တွေကို သွင်းပေးမှ၊ မှန်ကန်တဲ့ တွက်ချက်မှုနဲ့ အဖြေအမှန်ကို ထုတ်ပေးနိုင်ပါတယ်။ မှားယွင်းစွာ အဖြေထွက်တာ ကွန်ပျူတာကို အပြစ်ပုံချလို့ မရပါဘူး။ ကွန်ပျူတာထဲကို ဒေတာတွေ မှားယွင်းစွာ သွင်းနေတဲ့ သူတွေမှာပဲ တာဝန်ရှိပါတယ်။ ဒါကြောင့် မှားသွားပါတယ် ကွန်ပျူတာကြောင့် ဆိုတာကတော့သိပ်ပြီး သဘာဝမကျတဲ့ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာမှုလို့ မြင်မိပါတယ်။
ဥပဒေက မည်သို့ပင်ဆိုစေကာမူ
‘ခွင့်ပြုမိန့် မရလျှင်လည်း တံတားနီ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်မည်’ ဆိုတဲ့ သတင်းကိုလည်း စိတ်ထဲမှာ ခိုးလိုးခုလုတော့ ဖြစ်မိတယ်။ ဒါဆိုရင် နောက်ပိုင်း ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ လုပ်ချင်ရာ လုပ်မည်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနိုင်စရာ အကြောင်းရှိပါတယ်။
တံတားဖြူတာတွေ တံတားနီတာတွေဟာ သတ်မှတ်ချင်သလို သတ်မှတ်နိုင်တဲ့ ကိစ္စပါ။ ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ ဖြိုခွင်းမှုတစ်ခုကို အင်အားသုံးပြီး လုပ်ဆောင်ခဲ့ကြောင်း အဲဒီခေတ်က အစိုးရကလည်း ဝန်ခံထားတယ်။ ဒါပေမဲ့ မည်ရွေ့မည်မျှ သေဆုံးရကြောင်းကတော့ ပြဿနာလေးတွေ ဖြစ်နေပါသေးတယ်။ အစိုးရ ဆိုတာကလည်း ဒီလို ပြဿနာမျိုးတွေ ဖြစ်တိုင်း သေဆုံးသူ စာရင်းကို နည်းနိုင်သမျှ နည်းအောင် ထုတ်ပြန်မယ်။ ပြင်ပကလည်း အဲဒီလို သတင်းတွေဆိုရင် အင်းလျားကန်ကြီး တစ်ခုလုံး သွေးရောင် လွှမ်းသွားသလို ပြောကောင်းပြောမယ်။ ဖြစ်ရပ်မှန်ကို မှတ်တမ်း အခိုင်အမာ ယူနိုင်ခဲ့ရလောက်အောင် သတင်းမီဒီယာ ခေတ်ကောင်းချိန် မဟုတ်ခဲ့တော့ စာရင်း အသေအချာကိုလည်း ဘယ်သူမှ ပြောနိုင်မယ် မထင်ပါဘူး။
ဒါပေမဲ့ ဥပဒေက မည်သို့ပင်ဆိုစေကာမူ ဆိုတဲ့စကားနဲ့ ကြိုက်သလောက် ပြဋ္ဌာန်း၊ ကြိုက်သလောက် ဥပဒေထုတ်ပြန် မလိုက်နာနိုင်ဘူးဆိုတဲ့ အပြောမျိုးတွေကတော့ နည်းနည်းလေး ဘောင်ကျော်သလို ဖြစ်နေမယ် ထင်ပါတယ်။
“ကျွန်တော်တို့က ဥပဒေထဲမှာ ပါတဲ့အတိုင်း ခွင့်ပြုမိန့် လျှောက်ထားပါတယ်။ ဒါပေမဲ့ ခွင့်ပြုမိန့် ကျမလာသေးဘူး။ ခွင့်မပြုလည်း အခမ်းအနားကို ဖြစ်အောင် လုပ်သွားမှာပါ” လို့ တစ်ဦးက ပြောသွားတဲ့ စကားကတော့ အစိုးရနဲ့ ဥပဒေကို စိန်ခေါ်နေလို ရှိတယ်လို့ ထင်မြင်မိပါတယ်။
ဖြေဆိုသူတွေပျောက် ဘယ်ရောက်ကုန်သလဲ
‘၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ လေးသောင်းကျော်ပျက်ကွက်’ ဆိုတဲ့ သတင်းကလည်း မြန်မာ့ပညာရေး ဘာလဲ၊ ဘယ်လဲလို့ မေးရမယ့် အနေအထားကို ရောက်နေပါတယ်။
မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကလည်း ဘာကြောင့် ပျက်ကွက်ရတယ် ဆိုတဲ့သတင်းကို အခိုင်အမာ ပြောနိုင်ခြင်း မရှိဘဲ စာရင်း မရရှိသေးကြောင်းတွေပဲ ထပ်လောင်း ပြောကြားနေတာ တွေ့ရတယ်။ တကယ်လို့ လွှတ်တော်မှာ ဘာကြောင့် ဖြေဆိုသူ လေးသောင်းကျော် ပျောက်သလဲလို့များ မေးလာရင် ပညာရေးဝန်ကြီး အသစ်ပူပူနွေးနွေးလည်း ဟိုလိုလို သည်လိုလို ဖြေနေတာနဲ့ လွှတ်တော်ဥက္ကဋ္ဌရဲ့ အဟောက်ခံရမှာ သေချာပါတယ်။
တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ ပြည်တွင်းပြည်ပ စာဖြေဌာနပေါင်း ၁၂၈၇ ခုဖွင့်ထားကြောင်း ပညာရေး ဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းအပြင် ပြည်ပ စာဖြေဌာနလည်း ၁၅ ခု ဖွင့်လှစ်ပေးထားတယ်။ မကျန်းမာသူတွေ အတွက်လည်း ဆေးရုံတွေမှာ စာဖြေဌာနတွေ စီစဉ် ပေးထားသေးတယ်။ ဒီလောက် အဆင်ပြေအောင် လုပ်ပေးထားပါလျက် ဖြေဆိုဖို့ လျှောက်လွှာတင် ထားသူ ၅၈၈,၆၁၂ ဦးအနက် ၅၄၁,၈၁၀ ဦးသာ လာရောက် ဖြေဆိုပြီး၊ ၄၆,၈၀၂ ဦး ပျောက်နေတယ် ဆိုတာက ပညာရေးရဲ့ နောက်ဆုံး ထွက်ပေါက် တစ်ခုဖြစ်တဲ့ ဒီတောင်ကို မကျော်နိုင်တာလား၊ မကျော်ချင်တာလား၊ မကျော်ဝံ့တာလား တစ်ခုခုကြောင့်တော့ ဖြစ်မယ် ထင်တာကြောင့် ပြန်ပြီး သုံးသပ်သင့်ပြီ ထင်ပါတယ်။
သတင်းထဲမှာပဲ ကရင်ပြည်နယ်ရှိ ရွှေ့ပြောင်း လုပ်သားကလေးများရဲ့ တက္ကသိုလ် ဝင်ခွင့် ပျက်ကွက်မှုဆိုတဲ့ စကားလုံးကို စိတ်အထိခိုက်ရဆုံး ဖြစ်ပါတယ်။ သူတို့တွေ ဘယ်ကာလ၊ ဘယ်အချိန်အထိ အခြေမကျ ရွှေ့ပြောင်း နေကြရဦးမယ်ဆိုတာ တွေးမိပြီး မြန်မာ့ပညာရေးကို ရင်လေးမိပါတယ်။
ဒီမိုကရေစီခေတ်မှာ သတင်းမီဒီယာကို ကန့်သတ်မှာလား
ဒီခေတ်မှာ ပုဂ္ဂလိက သတင်းဌာနတွေကို မြေတောင် မြှောက်ပေးထားပြီး အစိုးရ သတင်းစာတွေနဲ့ အပြိုင်ပုဂ္ဂလိက သတင်းစာတွေ ထွက်ပေါ်လာတာကို ကြိုဆိုလိုက်ပါတယ်။ တစ်လောက ပုဂ္ဂလိက သတင်းစာ တစ်နှစ်ပြည့် ထုတ်ဝေတဲ့ ကာလမှာပဲတာ ထွက်ကတည်းက ပါလာခဲ့တဲ့ သတင်းစာ တစ်စောင်က ရပ်နားတော့မယ်ဆိုတဲ့ သတင်းတွေ ကြားရပါတယ်။ ရပ်နားရတဲ့ အကြောင်းအချက်တွေထဲမှာ တစ်ချက်ကတော့ အစိုးရအနေနဲ့ သတင်းတွေကို လက်ဝါးကြီး အုပ်လွန်းတယ်ဆိုတဲ့ ပြောကြားချက် ပါလာတာကိုလည်း သတိထား လိုက်မိပါတယ်။ ဒါကြောင့် အစိုးရက သတင်း ထုတ်ပြန်ပေးမှုတွေမှာ အမှန်တကယ် လက်ဝါးကြီး အုပ်မှုတွေ ရှိနေပြီလားလို့ သံသယ ဖြစ်နေချိန်မှာ ‘ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မီဒီယာများကို သတင်းကန့်သတ် ထုတ်ပြန်’ ဆိုတဲ့ သတင်းကလည်း စိတ်ဝင်စားစရာ ဖြစ်သွားခဲ့ပါတယ်။
အဲဒီသတင်းမှာပဲ “တိုင်းဒေသကြီး အတွင်း နေ့စဉ် ဖြစ်ပွားလျက်ရှိသော မှုခင်းသတင်းများကို ကွန်ပျူတာဌာနမှ ၎င်းတို့နှင့် ရင်းနှီးသူ မီဒီယာအချို့ထံ ရောင်းစားနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သောကြောင့် ပုံနှိပ် မီဒီယာများကို သတင်းထုတ်ပြန် ပေးရာတွင် သတင်းများ ထိမ်ချန်ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိ တစ်ဦးထံမှ သိရသည်” ဆိုတဲ့ သတင်းဟာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေတဲ့ အချက် ဖြစ်စေခဲ့ပါတယ်။
သတင်းမီဒီယာသမားတွေကို အဝင် မခံတဲ့ပွဲ၊ သတင်းမီဒီယာသမားတွေ ဝင်ချင်ရင် မှတ်ပုံကြိုတင် ဆိုတဲ့ပွဲ၊ သတင်းမီဒီယာက ဆိုရင် လက်မခံတဲ့ပွဲ၊ ဟိုလူမလာရ၊ သည်လူကို မဖိတ်ဆိုတဲ့ ကန့်သတ်ပွဲတွေ ကြားမှာ သတင်းအကျင့်ပျက် ခြစားမှုတွေကိုပါ လွတ်လပ်ခါစ သတင်းလောကထဲမှာ ရင်ဆိုင်နေရတဲ့အတွက် မြန်မာ့ သတင်းမီဒီယာ နောင်ရေး ဒီမိုကရေစီနဲ့ ဝေးသေးတယ်လို့ပဲ ကောက်ချက် ချရမလို ဖြစ်နေပါတယ်။
စာရေးဆရာတွေအတွက် အောင်ဘာလေထီ
မတ်လ ၁၂ ရက်နေ့က ကျင်းပသွားတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ နဝမ ပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့မှာ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က အမျိုးသား စာပေဆု ချီးမြှင့်ငွေများကို လာမည့် ၂၀၁၄-၁၅ ခုနှစ်မှာ တိုးမြှင့်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းသွားတယ်လို့ သိလိုက်ရပါတယ်။
လက်ရှိ အမျိုးသား စာပေဆုက ဆု ၁၆ မျိုးကိုပေးပြီး၊ တစ်ဆုကို ၁၀ သိန်း ချီးမြှင့်တယ်လို့ ဆိုပါတယ်။ အမျိုးသား တစ်သက်တာ စာပေဆု ဆိုရင်တော့ ၁၅ သိန်းရတယ်။ စာပေဗိမာန် စာမူဆုကလည်း ပထမ ငါးသိန်း၊ ဒုတိယသုံးသိန်း၊ တတိယ နှစ်သိန်း ပေးတယ်။ အဲဒါကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးက တိုးပေးဖို့ အစီအစဉ် ရှိသလား ဆိုတာကို ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးပိုက်ထွေးက “စာပေဆုများ ချီးမြှင့်ငွေကို တိုးမြှင့်ပေးရန် အစီအစဉ် မရှိသေး” ကြောင်း ပြောကြားသွားပါတယ်။
စာရေးဆရာတွေ ဆိုတာက စာပဲရေးဖို့ စိတ်အားသန်ကြသူတွေပါ။ ဆုရစေ၊ ဆုရလည်း ဘယ်လောက်ပေးစေ၊ ဆုမရ,ရအောင် ရေးမယ်ဆိုတဲ့ စိတ်ထား ရှိကြသူတွေ ဟုတ်မယ် မထင်ပါဘူး။ ပြီးတော့ ဘယ်သူတွေက ပေးတယ်၊ ဘယ်သူတွေက ရွေးတယ် ဆိုတာလည်း စိတ်ဝင်စားလေ့ မရှိကြဘူး။ ဒါကြောင့် ကျမ်းကြီးကျမ်းခိုင်၊ စာကြီးပေကြီးတွေကို မော်ကွန်း တွင်လောက်အောင် ရေးသား နေသူတွေက၊ မနေ့တစ်နေ့ကမှ စာတစ်အုပ်လောက် ရေးပြီး သူတို့ စာတွေကို အကဲဖြတ် ဆုပေးတယ် ဆိုတာတွေလည်း ဂရုမစိုက်တာကြောင့် မြန်မာ့ စာပေလောက ဆုရွေးချယ်ရေး တွေကလည်း ဝေဝါး၊ ထွေပြားနေချိန်မှာ လွှတ်တော် ကိုယ်စားလှယ်ကြီးက ဘာကြောင့် မှန်းလည်းမသိ စာရေးဆရာတွေကို ပေးတဲ့ဆုကြေးကို စိတ်ဝင်စားသွားတယ် ဆိုတာကိုတော့ အံ့သြမိပါတယ်။
မြန်မာနိုင်ငံမှာ စာပေဆုရလို့ Best Seller ဖြစ်သွားစရာ အကြောင်းမရှိပါဘူး။ လူဦးရေ သန်း ၆၀ လောက်ရှိတဲ့ နိုင်ငံမှာ စာရေးသူ တစ်ယောက်ရဲ့ ထုတ်ဝေစာအုပ် အရေအတွက်က အုပ်ရေ ၁၀၀၀ ဆိုတာနဲ့ စာရေးဆရာတွေအတွက် စာမူခမ စို့မပို့လေးတွေပဲ ခံစားနေရချိန်မှာ အမျိုးသား စာပေဆုကြေးကတော့ ထီပေါက်သလို ဖြစ်မှာ သေချာပါတယ်။
ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ဆရာသော်တာဆွေ အမျိုးသား စာပေဆုရတော့၊ ဆရာ့အနေနဲ့ ဘယ်လို ခံစားမိပါသလဲလို့ အင်တာဗျူးတစ်ခုမှာ မေးတာကြုံရတယ်။ ဆရာသော်တာဆွေက “ပျော်တာပေါ့။ အကြွေးတွေ ဆပ်နိုင်တော့မယ်လေ” လို့ ပြောသွားတဲ့ စကားဟာ ဆရာက နောက်ပြောသလို ဖြစ်နေပေမယ့် စာပေလောကနဲ့ စာရေးသူတွေရဲ့ဘဝကို သရော်လိုက်သလို ဖြစ်နေပါတယ်။
ကိုးကား- The Voice Daily, မတ်လ ၁၃ ရက်၊ သောကြာ
(ဤကဏ္ဍတွင် ရေးသားဖော်ပြချက်များသည် စာရေးသူ၏ အာဘော်သာဖြစ်ပြီး The Voice Daily ၏ အာဘော်မဟုတ်ပါ)
The Voice Weekly