မိုင်တိုင်အမှတ်၂၇/၇ ယာဉ်တိုက်မှုမှ အမျိုးသမီးတစ်ဦး သေဆုံးမှုအား တာဝန်ရှိသူများ ဖြေရှင်းပေးခြင်း မရှိသေး

ပို့စ်တင်ချိန် - 3/13/2014 11:18:00 AM


ရန်ကုန်၊ မတ်လ ၁၂။

၁.၄.၂၀၁၃ ရက်တွင် မြဝတီ – ရန်ကုန်လမ်းပိုင်း၏  မိုင်တိုင်အမှတ် ၂၇/၇တွင် ယာဉ် ၂ စီးတိုက်မှုကြောင့် သေဆုံးသွားသော မလှိုင်ဝင်းမော်၏ အမှုမှာ တစ်နှစ်ပြည်တော့မည် ဖြစ်သော်လည်း တာဝန်ရှိသူများက တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်း မရှိသောကြောင့် မတ်လ ၁၂ ရက်က MJN ရုံး၌ မိဘများက ရှင်းပွဲ တစ်ခုပြုလုပ်ခဲ့သည်။

သေဆုံးသွားသော မလှိုင်ဝင်းမော်၏ မိခင်ဖြင့်သူ ဒေါ်သန်းစိန်က “အဲ့ဒီလမ်းမှာ သေဆုံးတဲ့ လူတွေရှိရင် သေဆုံးတဲ့ သူတွေရဲ့ ပစ္စည်းကိုယူတယ် နာမည်ကိုပြောင်းပြီးတော့လည်း အမှုဖျောက်တယ်။ အန်တီ ဘားအံသွားတဲ့ အခါမှာ ဆေးရုံးမှာ တွေ့ခဲ့တဲ့ မြို့ခံတစ်ယောက်က ပြောတာပါ။ သူက ဘာပြောလဲဆိုရင် အန်တီရယ် အဲ့ဒီကိစ္စတွေကို ကျနော်တို့ကို ဖော်ထုတ်ပေးပါတဲ့ ကျွန်မသမီးမှာ ပါလာတဲ့ ပစ္စည်းနဲ့ ငွေသားတွေလည်း ပျောက်နေတယ် အခုထိ ပြန်မရသေးဘူး ကျွန်မကိုပြောခဲ့တဲ့ စကားတွေကို ဘယ်တော့မှ မမေ့တော့ဘူး။ ကျွန်မသမီးကပြောတယ် အမေသမီးအောင်စစ်သည် ကားနဲ့ပြန်လာနေပြီး ရှေ့ဆုံးခုံက ခုံနံပါတ်(၁)နဲ့နော် အမေလာကြိုပါနော်ဆိုတဲ့ စကားလေးကတော့ အန်တီနားထဲမှာ တသက်လုံး အန်တီမေ့ပျောက်လို့ရမှာမဟုတ်တော့ဘူး အဲ့ဒါကတော့ အန်တီအတိကျ အခိုင်အမာပြောရဲတယ် သမီးထွက်လာတဲ့ အချိန်ကနေစပြီး တစ်လမ်းလုံးး ကွန်တက်ရှိခဲ့တယ်”ဟုပြောသည်။

မလှိုင်ဝင်းမော်သည် မြဝတီ – ရန်ကုန်ခရီးစဉ်ပြေးဆွဲနေသော ဘားအံမြို့နယ် စစ်မှုထမ်းဟောင်းများ အဖွဲ့၏ လက်အောက်ရှိ အောင်စစ်သည် မှန်လုံယာဉ် အမှတ်(၆ခ/၂၅၂၇)ဖြင့် ပြန်လာခဲ့ရာ မိုင်တိုင်အမှတ် ၂၇/၇ အရောက် တဖက်မှ လာနေသော Canter ယာဉ်အမျိုးအစားဖြင့် တိုက်ခိုက်မိရာ ရှေ့မျက်နှာကနေ ပျဉ်းချောင်းထိုးဖောက်မိပြီး ဦးနှောက်များထွက်ကျ သေဆုံးခဲ့သည်။

၎င်းမသေဆုံးမီ ပါရှိလာသော ပစ္စည်းများမှာ သေဆုံးသွားတဲ့အချိန်၌ အားလုံးပျောက်ဆုံးသွားသည်။ ယင်းပစ္စည်းများမှာ ငွေသား ၆သိန်း၊ လူကြီးဝက် ငါးမူးသားခန့် MC ဟန်းချိန်းတစ်ခု၊ ကာလတန်းဖိုး ၃သိန်း၊ တစ်မတ်သားခန့်ရှိ သံကွင်းဆက် ဟန်းချိန်းတစ်ခု၊ ကာလတန်ဖိုး ၁သိန်းခွဲ၊ ပုလဲရွှေကွတ်နားဆွဲတစ်ရံ၊ ကာလတန်ဖိုး ၁သိန်းခွဲ၊ WCDMA (09448040423)၊ ကာလတန်ဖိုး ၃သိန်း၊ အားလုံးစုစုပေါင်း ကာလတန်ဖိုး ၁၅သိန်းပျောက်ဆုံးခဲ့သည်။

သေဆုံးသွားသော မလှိုင်ဝင်းမော်သည် နောက်လတွင် ၁နှစ်ပြည့်ပြီး ဖြစ်သော်လည်း အောင်စစ်သည် မှန်လုံယာဉ် အမှတ်(၆ခ/၂၅၂၇)၏ ယာဉ်ပိုင်ရှင် ဒုဗိုလ်ချုပ်ကြီးမင်းသိန်းသည် တစ်စုံတစ်ရာမျှ လာရောက် ဖြေရှင်းပေးခြင်း မရှိကြောင်းကိုလည်း မိခင်ဖြင့်သူ ဒေါ်သန်းစိန်ကပြောသည်။

ယင်းအမှုအား စစ်ဆေးမှုများ လုပ်ဆောင်နေသော ဘားအံမြို့နယ်မှ သက်ဆိုင်ရာ ဌာနများကလည်း တိကျသည့် အဖြေများ မရရှိသေးကြောင်း သိရသည်။ ဒုဗိုလ်ချုပ်ကြီးမင်းသိန်း ပိုင်သော (၆ခ/၂၅၂၇)အောင်စစ်သည် ယာဉ်သည် သက်တမ်း ကုန်ဆုံးနေသည်ကိုလည်း စာရွက်စာတန်းများ၏ ဖော်ပြချက်အရ သိရသည်။

၎င်းကုန်ဆုံးရက်မှာ ၃၀.၁၁.၂၀၁၂ဖြင့်ပြီး ယခု ယာဉ်တိုက်မှုမှာ ၁.၄.၂၀၁၃ရက်ကဖြစ်သည်။

ချစ်မင်းထွန်း

The Myanma Age