အိုးအကောင်းစားတွေ ကောက်ရိုးနဲ့ အလဲခံနေရတယ်

ပို့စ်တင်ချိန် - 3/30/2014 03:43:00 PM


(ဆောင်းပါးရှင် - မောင်စံပေါ)
(၁)
၂၀၁၄ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး ပြီးဆုံးခဲ့ပါပြီ။ ဖြေနိုင်ကြတယ်ဆိုတဲ့သတင်း ကြားရတော့ ကျောင်းသားတွေအတွက်ရော မိဘတွေအတွက်ပါ ၀မ်းသာရပါတယ်။
ဒီနေ့ခေတ် ကလေးတွေခမျာမှာ ငယ်ဘ၀ရဲ့ လှပတဲ့အချိန်တွေကို ကလေးပီသစွာ ကျော်ဖြတ်ခွင့် မရရှာကြပါဘူး။ သူတို့လေးတွေရဲ့ အချိန်တွေ တော်တော်များများကို ကျောင်းစာက ၀ါးမျိုခြင်း ခံလိုက်ရတာကိုး။ ကျောင်းမှာသင်တဲ့အချိန်၊ ကျူရှင်မှာသင်တဲ့အချိန်၊ ဂိုက်ရှိရင် ဂိုက်ကသင်တဲ့ စာကူကျက်တဲ့အချိန်၊ ကိုယ့်ဘာသာ လေ့လာကျက်မှတ်ချိန်။
မိဘတွေအနေနဲ့ ဟိုးငယ်ငယ်ကလေး ပုလုကွေးဘ၀ကနေ ပျိုးထောင်ခဲ့ကြရတာ ရလဒ်တစ်ခု ထွက်ပေါ်လာတော့မယ့် အချိန်ပေါ့။ ငါးလား၊ ဖားလား ကွဲကွဲပြားပြား ထင်ရှားတော့မယ့် အချိန်လို့ဆိုရင် မှားမယ်မထင်ပါဘူး။
ပညာရေးစနစ်နဲ့ ပတ်သက်လို့ စာမေးပွဲစနစ်နဲ့ ပတ်သက်လို့ ဘယ်လိုပဲ ဘာတွေဝေဖန်ဝေဖန်၊ ပိုကောင်းအောင် အကြံပြုတာပါဆိုတဲ့ စာလွှာတွေဘာတွေရေးရေး လက်ရှိအချိန်မှာ ရွေးစရာက ဒါပဲရှိပါတယ်။
တက္ကသိုလ်တက်ဖို့ဆိုရင် တက္ကသိုလ်ဝင်တန်း အောင်ရမယ်။ လူကြိုက်များတဲ့ တက္ကသိုလ် ၀င်ခွင့်ရဖို့ဆိုတာက အမှတ်များမှ ဖြစ်မှာ။
(၂)
အမှတ်များမှ လိုင်းကောင်းကောင်းရမှာဆိုတဲ့ အစွဲနဲ့ သရဲဖြစ်ခဲ့တာ ဆိုရင်တော့ နှစ်ကာလကြာလို့ သရဲကနေ အဆင့်မြင့်တက်ပြီး သဘက်ဖြစ်နေလောက်ပါပြီ။ ဒီစာမေးပွဲကို ဖြတ်ကျော်ခဲ့တာ ဆယ်စုနှစ်တွေ များခဲ့ပြီ။ ကျောင်းသားလူငယ် ကလေးတစ်ဦး ရှိခဲ့ဖူးပါတယ်။ ၁၉၇၇ ခုနှစ်မှာ ၁၀ တန်းစာမေးပွဲ ဖြေခဲ့တယ်။ တန်းစဉ်ဘာဘာသာမှ ကျူရှင်လုံးဝမယူခဲ့တဲ့ကောင် ဆယ်တန်းဆိုတဲ့ စာမေးပွဲကြီးနဲ့ တွေ့ချိန်မှာ စိတ်ပြောင်းခဲ့တယ်။ စာသင်သားကာလ တစ်သက်တာမှာ တစ်ဘာသာတည်းသော ဘာသာကို တစ်ကြိမ်တစ်ခါတည်းသော ကျူရှင်ယူခြင်းနဲ့ ယူခဲ့ပါတယ်။ အဲဒါမြန်မာစာ။
မြန်မာစာကို ချစ်မြတ်နိုးတာလည်း ပါပါတယ်။ ဆယ်တန်းအမှတ်ကောင်းဖို့မှာ မြန်မာစာက အခရာဆိုပြီး သဘောပိုက်ခဲ့မိတာလည်း ပါပါတယ်။ စာမေးပွဲကို ထူးချွန်စွာ အောင်မြင်သူတွေရဲ့ ထိပ်ဆုံးက ပိရမစ်သေးသေးလေးရဲ့ အထွတ်အဖျားမှာ နေရာရဖို့ မြန်မာစာအမှတ်ကောင်းဖို့ အရေးကြီးပါတယ်။
အဲဒီခေတ် မြန်မာစာမေးခွန်း (၁)နဲ့ (၂) က အမှတ် ၄၀ ဟာ လုံးဝအမှတ်ပြည့်ရနိုင်တဲ့ အမှတ်တွေပါ။ ကျန်တဲ့စကားပြေ၊ ကဗျာ၊ စာစီစာကုံး စတာတွေနဲ့ ပေါင်းလိုက်ရင် မင်းဘယ်ပြေးမလဲ ဂုဏ်ထူးရယ်လို့ ခပ်ဟဟ ခပ်ဟားဟားလေး မေးလို့ရပါတယ်။
ဒါနဲ့ ဂုဏ်ထူးအတိတ် ဂုဏ်ထူးနိမိတ်ဆောင်ပြီး မြန်မာစာဂုဏ်ထူးနဲ့ အောင်ရော့လဟယ် ကြုံးဝါးရင်း မြန်မာစာကို စာပေးစာယူနဲ့ ကျူရှင်တက်ခဲ့ပါတယ်။ တစ်ခါတလေမှာ တစ်ခုခုမှားတတ်တဲ့ ဘ၀ရဲ့ အကြောင်းအရာတွေထဲမှာ ၁၀ တန်းအောင်စာရင်း ရလဒ်လည်း ပါခဲ့ပါတယ်။ ငါးဘာသာ ဂုဏ်ထူးစာရင်းမှာ မြန်မာစာ မပါခဲ့ပါဘူး။ ၅၇ မှတ်နဲ့ ကျန်ခဲ့ပါတယ်။ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ အင်္ဂလိပ်ဆိုပြီး မြင်ရပေမယ့် မရွှင်လှခဲ့တာ အမှန်။
(၃)
လစဉ် နယ်စာတိုက်ကို ရောက်လာတဲ့ မြန်မာစာ ပို့ချချက်တွေမြင်ရင် အင်မတန်ပျော်ပါတယ်။ အပျော်လည်း ဖတ်ပါတယ်။ အတည်လည်း ဖတ်ပါတယ်။ လေးလေးစားစားနဲ့လည်း မှတ်သားပါတယ်။ ၁၀ တန်းမှာ မြန်မာစာ အမှတ်ကောင်းကောင်းနဲ့ ဂုဏ်ထူးထွက်ရေးဆိုတဲ့ ရည်မှန်းချက် နယ်နိမိတ်ဘောင်ကို အများကြီး ကျော်လွန်ခဲ့ပါတယ်။ မြန်မာစာကို ချစ်ခင်မြတ်နိုးစွာ၊ သင်ကြားပို့ချပေးတဲ့ ဆရာများကို ချစ်ခင်လေးစားစွာ နာယူသင်ကြားခဲ့တာပါ။
အဲ့ဒီတုန်းက စာစဉ်တစ်အုပ်မှာ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ရေးခဲ့တဲ့ စာကလေးတစ်စုကို မှတ်မိနေပါတယ်။
“ကောက်ရိုးနဲ့လဲရင်တော့ အိုးကွဲပဲရမယ်။ အဖိုးနည်းတယ်လို့ ၀ယ်မိရင်လည်း အခက်ကြုံရတတ်တယ်။ အမျိုးနည်းတယ်လို့ ကျယ်မိရင်လည်း အရှက်အပုံ ရတတ်တယ်” တဲ့။
(၄)
လောကကြီးမှာ ညီမျှခြင်းရှိပါတယ်။ ကောင်းတာလိုချင်ရင် ကောင်းတာပေးရမယ်။ ပစ္စည်းကောင်းကောင်းသုံးချင်ရင် ဈေးကြီးကြီးပေးရမယ်။ ကိုယ်ကပေးနိုင်တာ နည်းနည်းလေးနဲ့ ရွေးချယ်စရာ ရှားလှပါလားလို့ သွားပြီးကြီးကျယ်နေလို့ မရပါဘူးလို့ သဘောပေါက်ခဲ့ပါတယ်။
(၅)
ငယ်ငယ်က ဉာဏ်တစ်ထွာတစ်မိုက်နဲ့ဆိုတော့ လောကကြီးရဲ့ စရိုက်သဘာဝကို မေ့ထားမိတယ်။ ညီမျှခြင်းကို ဘယ်သူတွေရေးသလဲဆိုတာ အတွေးထဲမှာတောင် ယောင်ပြီးမစဉ်းစားခဲ့ဖူးတဲ့ မေးခွန်းပါ။
(၆)
သစ်တောသယံဇာတတွေ ပျောက်ပျက်ကုန်တယ်။ ရောင်းရတဲ့ငွေကြေး၊ ပေးချေတဲ့နှုန်းထားရဲ့ ဂဏန်းတွေ မလှပခဲ့ဘူး။ သစ်ရောင်းရငွေနဲ့ ပြန်သွင်းလာတဲ့ စားသုံးရန်မသင့်ဟုဆိုသော စားအုန်းဆီတွေကို ဈေးကြီးပေးပြီး ၀ယ်စားကြရတယ်။ ရေရှည်မှာ လူ့ကျန်းမာရေး ထိခိုက်တယ်။ အဆင့်နိမ့် လောင်စာဆီတွေ ဈေးကြီးပေးပြီး ၀ယ်သုံးရတယ်။ ရေရှည်မှာ ကားကျန်းမာရေး ထိခိုက်တယ်။
စားသောက်ကုန် ကောင်းကောင်းမွန်မွန်တွေ ပုဆိုးခြုံပြီးတော့ရော ပေါ်ပေါ်ထင်ထင်ရော တောက်လျှောက်ထွက်ခဲ့တယ်။ ပြန်ဝင်လာတဲ့မုန့်တွေက ဓာတုဆေးဝါးတွေ ပါလို့ပါ။ စက်ပစ္စည်း ဆိုတာတွေကလည်း နဘေနဲ့လိုက်အောင် တစ်ရက်နဲ့ စုတ်ပြတ်သွားတာတွေက ရှိရဲ့။ ပိုဆိုးတာက အလုံးအရင်းနဲ့ ၀င်လာတဲ့ မူးယစ်ဆေးဝါးတွေ။ တချို့ မဟာကုန်သည်ကြီးများက ငွေကြေးအစား ဆေးပြားလေးတွေ တန်ဖိုးသင့်ပြီး ယူရလက်ခံရတာ ပိုကိုက်တယ်ဆိုပဲ။ နှစ်ခါမြတ်သမို့ နှစ်ကျပ်ကွက်လို့ ဆိုပါတယ်။
ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ၊ ဓာတ်သတ္တုဆိုတာတွေဟာ နှစ်သန်းပေါင်းများစွာ ဖွဲ့စည်းပြီးမှ ဖြစ်လာတာတွေပါ။ ကျွန်းသစ်ဆိုတာကလည်း ပထမအရွယ်မှာ စစိုက်ပါမှ နောင်ဘ၀ရဲ့ ပထမအရွယ်မှာ ကောင်းကောင်းရောင်းတမ်းဝင်တဲ့အဆင့် ရတာ။
ကိုယ်ပေးလိုက်ရတာတွေကိုကြည့်ရင် ဘာမှပေါပေါပဲပဲ လွယ်လွယ်ကူကူနဲ့ ရလာခဲ့၊ ဖြစ်လာခဲ့တာတွေ မရှိပါဘူး။ လယ်ယာထွက်ကုန်ပစ္စည်းလည်း အတူတူ၊ စားသောက်ဖွယ်ရာ သားငါးမှာလည်း အတူတူ။
နောက်ဆုံး ကုန်ကုန်ပြောရရင် လူ။ အရွယ်ကောင်းတွေ၊ အလုပ်ကောင်းကောင်း အလုပ်နိုင်ဆုံးတွေ ဝေးတစ်မြေထွက်ကြရ၊ လုပ်ကိုင်ကြရ။ အမျိုးသမီးငယ် အရွယ်ကောင်း ကျန်းမာသူတွေမှာလည်း အိမ်ဖော်အဖြစ် နိုင်ငံခြားသွားရတာကိုပဲ ကျေးဇူးတင်နေရတဲ့ဘ၀။ လူကုန်ကူးခံရပြီး မယားအဖြစ် ရောင်းစားခံရတာမျိုး၊ ပြည့်တန်ဆာဘ၀ အပို့ခံရတာမျိုးတွေက တွေ့တွေ့နေရတယ် မဟုတ်လားဗျာ။ ထွက်သွားတာတွေ၊ ကိုယ်ရတာတွေနဲ့ ပြန်ရလာတာတွေ၊ ပြန်ရောက်လာတာတွေကို ချိန်ခွင်ပေါ်ပဲတင်တင်၊ ညီမျှခြင်းပဲချချ အဖြေက ရှင်းပါတယ်။ မညီမျှတာတွေကို အတင်းညီမျှခိုင်းနေရော့သလား။
အကုန်ကောင်းတော့မှာကို မျှော်လင့်နေချိန်မှာ အကောင်းတွေ ကုန်သွားတယ်။ အစုတ်အပြတ်တွေ ရောက်လာတယ်။ အစစ်ရယ်လို့ ယုံကြည်နေချိန်မှာ လက်ထဲရောက်လာတာက အတု။
(၇)
ညီမျှခြင်းရဲ့နှစ်ဖက်မှာ ရှိနေတာတွေ တကယ်ပဲ ညီပါရဲ့လား။ အမှန်၊ အမှားဆိုတာ အမှန်တွေ၊ အမှားဖြစ်နေတာလား။ အမှား၊ အမှန်ဆိုတာ အမှားတွေ အမှန်ဖြစ်နေတာလား။ အမှန်၊ အမှားနဲ့အမှား၊ အမှန်ကို ညီမျှခြင်းလက္ခဏာရဲ့ နှစ်ဖက်မှာ ချရေးမိတယ်။
စဉ်းစားရင် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်။
ဘယ်သူ့မှာ တာဝန်ရှိသလဲ။
ရတာကတော့ ကောက်ရိုးတွေပါပဲ။ ပါသွားတာက အိုးအကောင်းစားကြီးတွေ။