ပျောက်ဆုံးလေယာဉ် ရှာဖွေဖို့ မလေးအစိုးရက နိုင်ငံပေါင်း ၂၅ နိုင်ငံကို တောင်းဆိုထား
ပို့စ်တင်ချိန်
- 3/17/2014 10:13:00 AM
တပတ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ မလေးရှား ခရီးသည်တင် လေယာဉ်ပေါ်မှာ လိုက်ပါ စီးနှင်းလာကြ သူတွေရဲ့ နောက်ဆုံး ကိုယ်ရေး အချက်အလက်တွေနဲ့ ပတ်သက်ပြီး သိရဖို့အတွက် မလေးရှားအစိုးရက သက်ဆိုင်ရာ နိုင်ငံတွေကို တောင်းဆိုထားခဲ့ပြီး အဲဒီအဖြေတွေကို စောင့်မျှော်နေတယ်လို့ ဆိုပါတယ်။
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ကို မုတ္ဆမ ပင်လယ်မှာ ရှာဖွေနေကြစဉ် (Credit: AFP)
မတ်လ ၈ ရက် စနေနေ့က ရေဒါကနေ ရုတ်တရက် ပျောက်သွားခဲ့တဲ့ မလေးရှား လေယာဉ်ဟာ ပျံသန်းရမယ့် လမ်းကြောင်းကနေ သွေဖီပြီး တခြားလမ်းကြောင်းကို နာရီပေါင်း ၇ နာရီလောက် ပျံသန်းသွားခဲ့တာကို ဂြိုလ်တုကရတဲ့ သတင်း အချက်အလက် တွေအရ သိရှိခဲ့ရပါတယ်။
အဲဒီ နောက်ပိုင်း မှာတော့ လေယာဉ်ဟာ ပြန်ပေးစွဲ ခံခဲ့ရသလား ဆိုတဲ့ ထင်ကြေး ပေးချက်တွေ ပိုမို ကျယ်လောင် လာပြီး လေယာဉ်ပေါ်မှာ လိုက်ပါ သူတွေရဲ့ ကိုယ်ရေး အချက်အလက် တွေကို စုံစမ်းဖို့ မလေးရှား အစိုးရက ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် လေယာဉ် မောင်းသူတွေရဲ့ အိမ်ကို မလေးရှား ရဲတွေက ၀င်ရောက် ရှာဖွေမှုတွေ လုပ်ခဲ့ကြ တယ်လို့ သိရပါတယ်။
လေယာဉ် ပျောက်ကွယ်မှုမှာ လေယာဉ်မှူး ပါဝင် ပတ်သက်မှု မရှိနိုင်ကြောင်း၊ လေယာဉ်မှူးဟာ တခြားသူတွေကို ဂရုစိုက် ကြင်နာတတ်သူ ဖြစ်တာကြောင့် လေယာဉ်ပေါ်မှာ တခုခု ဖြစ်ခဲ့မယ်ဆိုရင် သူရဲ့ အသက်ကို ပဓာန မထားပဲ ခရီးသည် တွေကို ကာကွယ် မယ့်သူ ဖြစ်တယ်လို့ ပီတာချောင် ဆိုတဲ့ လေယာဉ်မှူးရဲ့ မိတ်ဆွေ ဖြစ်သူက ပြောကြားခဲ့ပါတယ်။
တချိန်တည်းမှာပဲ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို ပြန်လည် ရှာဖွေနိုင်ဖို့ အတွက် နိုင်ငံပေါင်း ၂၅ နိုင်ငံကို မလေးရှား အစိုးရက ပန်ကြား ထားပြီ အခုဆိုရင် ကုန်းတွင်းပိုင်း ပင်လယ်ထဲက အကြီးဆုံးဖြစ်တဲ့ ကက်စ်ပီယန် ပင်လယ်(Caspian Sea) ကမ်းရိုးတန်းကစလို့ အိန္ဒိယ သမုဒ္ဒရာ တောင်ဘက် စွန်းပိုင်းအထိ ရှာဖွေမှုတွေ လုပ်ဆောင် နေကြတယ်လို့ သိရပါတယ်။
Radio Australia