လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံဖို့ လွှတ်တော်က အတည်ပြု
ပို့စ်တင်ချိန်
- 3/20/2014 12:47:00 PM
မြန်မာနိုင်ငံ လွှတ်တော်အတွင်း တွေ့ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား လွှတ်တော် ကိုယ်စားလှယ်တွေ (Credit: Reuters) |
မြန်မာနိုင်ငံမှာ လာမယ့် ဧပြီလ ၁ရက်နေ့က စပြီးတော့ လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံသွား တော့မယ်လို့ သိရပါတယ်။
လျှပ်စစ်မီးတာခ တိုးမြှင့် ကောက်ခံဖို့ အတွက် ပြည်ထောင်စု လွှတ်တော်က မနေ့ကပဲ အတည်ပြု လိုက်တာဖြစ်ပြီး အဆိုပါ လျှပ်စစ်မီတာခ တိုးမြှင့် ကောက်ခံဖို့ အတွက် ဥပဒေ မူကြမ်းကို သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
လျှပ်စစ် မီတာခ နှုန်းထားတွေနဲ့ ပတ်သက်လို့ ဥပဒေ ကြမ်းကော်မတီ ၀င်တဦးဖြစ်တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အခုလိုပြောပါတယ်။
“လျှပ်စစ်ဌာနကနေပြီးတော့ ဘီလျံနဲ့ချီပြီးတော့ အရှုံးခံပြီးပေးနေရတဲ့အတွက် နောက်ထပ်မရသေးတဲ့ နေရာတွေမှာ လျှပ်စစ်ရအောင် တည်ဆောက်ပေးဖို့ ဆိုရင် အရှုံးကိုသက်သာအောင် သူတို့တိုးကောက် ရပါတယ် ပြောတယ်ခင်ဗျ၊ အခုတိုးမဲ့နှုန်းတွေက အိမ်သုံးယူနစ်က ၁၀၀အထိက အရင်နှုန်းအတိုင်းပဲ ၃၅ကျပ်၊ အိမ်သုံးယူနစ် ၁၀၁ကနေ ၂၀၀ အထိက ၄၀၊ အိမ်သုံး၂၀၁ယူနစ်ကနေ အထက်ကိုတော့ ၅၀ နှုန်းကောက်မယ်လို့ တိုးတယ်။”
စက်မှုသုံး လျှပ်စစ်မီတာခ ဈေးနှုန်းကို ယူနစ် ၅၀၀ အထိဆိုရင် ၇၅ ကျပ်နှုန်း၊ ၅၀၁ကနေ ယူနစ် ၁၀၀၀၀အထိဆိုရင် ၁၀၀ ကျပ်နှုန်း၊ ယူနစ် ၁၀၀၀၁ ကနေ ၅၀၀၀၀ အထိဆိုရင် ၁၂၅ ကျပ်နှုန်း၊ ၅၀၀၀၁ ကနေ ၂၀၀၀၀၀ အထိဆိုရင် ၁၅၀ ကျပ်နှုန်း၊ ၂၀၀၀၀၁ ကနေ ၃၀၀၀၀၀ အထိဆိုရင် ၁၂၅ ကျပ်နှုန်း၊ ၃၀၀၀၀၀ နဲ့ အထက်ကိုတော့ ၁၀၀ ကျပ်နှုန်း သတ်မှတ် လိုက်တယ်လို့ ပြောပါတယ်။
ပြည်ထောင်စု လွှတ်တော်မှာ လျှပ်စစ်မီတာခ တိုးမြှင့် ကောက်ခံရေးနဲ့ ပတ်သက်ပြီး ကန့်ကွက်ခဲ့ကြသူ ၁၈ဦး ရှိခဲ့တယ်လို့ သိရတဲ့အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ ထားပါတယ်။
ABC Radio Australia