နိုင်ငံတော်သီချင်းနှင့် ပစ္စက္ခ အခြေအနေ

ပို့စ်တင်ချိန် - 3/12/2014 04:03:00 PM


#emg_opinions
(Written by: မြင့်ငွေ (မော်ကျွန်း))

ယနေ့ကာလတွင် သတင်းမီဒီယာများ အတော်အတန် ပွင့်လင်းလွတ်လပ်လာသောကြောင့် ပြည်သူများလည်း အတော်အတန် မျက်စိနား ပွင့်လာကြရသည်။ ထိုသို့ နားမျက်စိ ပွင့်လာသည်နှင့်အမျှ ပြည်သူတို့မှာ တိုင်းပြည်၏အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် အခြေအနေများကို သိမြင်တွေးတော ဆင်ခြင်မိကာ စိတ်ပျက်ခြင်း၊ ယူကျုံးမရဖြစ်ခြင်း၊ ဒေါမနဿပွားရခြင်းတွေ ခံစားလာရလေသည်။ ဤသို့ဤနှယ် ပြည်သူများစိတ်၌ (ဆရာကြီး “ရွှေဥဒေါင်း” စကားနှင့်ပြောရလျှင်) “ဆူး” များပေါက်လာခြင်းသည် ကောင်းသောအလားအလာ မဟုတ်ပါ။ ပြည်သူများ၏ ရင်ထဲ၌ “ဆူး” များပေါက်လာသဖြင့် ၈၈ အရေးတော်ပုံကြီး ဖြစ်ခဲ့ရသည်ကို အားလုံးအသိပင်ဖြစ်၍ သမိုင်းသင်ခန်းစာ ယူသင့်လှသည်။

ထို့ကြောင့် လက်ရှိအစိုးရအနေဖြင့် (သူတို့အခေါ်) “မိဘပြည်သူ” များ၏ရင်ထဲ၌ စား၊ ၀တ်၊ နေ အထွေထွေကြောင့် မကျေနပ်ခြင်း၊ အလိုမကျခြင်းတည်းဟူသော “ဆူး” များ အမြန်နုတ်ပယ် ဖြေရှင်းပေးမှသာ သင့်တော်ပါလိမ့်မည်။

ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေပါပြီဟု ကမ္ဘာသိ ကြေညာနေပါသော်လည်း ကျွန်တော်တို့နိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ အမှန်တကယ် ရောက်ပါပြီလား။ မရောက်သေးလျှင် မည်သူတွေမှာ တာဝန်ရှိပါသလဲ။ ပြည်သူတွေကို ဗဟိုပြုရမည်ဟု ဆိုနေသော်လည်း မိဘပြည်သူများအပေါ် ရင့်သီးစွာ၊ ရိုင်းပျစွာဆက်ဆံသော ပုဂ္ဂိုလ်များ၊ ပြည်သူကို “လူ” မထင်သော ပုဂ္ဂိုလ်များ၊ ပြည်သူပိုင်ဟုဆိုသော်လည်း တကယ်တမ်းမှာ ပြည်သူမပိုင်သော အခြေအနေများ၊ အပြင်က ဒီမိုကရေစီရွှေဆေး သုတ်ထားသော်လည်း ရင်တွင်းက အာဏာရှင်ဉာဉ်ဆိုးတွေ ရှိနေသည့် ပုဂ္ဂိုလ်များကို ထုတ်ပယ်သန့်ရှင်းပစ်ခြင်း မရှိဘဲ မသိကျိုးကျွန်ပြုကာ ခရီးဆက်နေသမျှ (သူတို့အခေါ်) မိဘပြည်သူများ၏ ယုံကြည်ကိုးစား အားထားခြင်းကို ရမည်မဟုတ်သကဲ့သို့ ယင်းပုဂ္ဂိုလ်များကြောင့် တိုင်းပြည်၏ အခြေအနေသည် လှေကိုကြိုးမဖြုတ်ဘဲ လှော်နေသည်နှင့် တူပေသည်။ “မိဘ” နှင့် “ပြည်သူ” ကို ထပ်တူပြု၍ ခေါ်ဝေါ်နေသော်လည်း “ပြည်သူ” ကို “မိဘ” နေရာမထားဘဲ လေးစားမှုမရှိ၊ ဥပေက္ခာပြုနေသော အခြေအနေသည် ၀မ်းနည်းဖွယ် ကောင်းလှပါသည်။

ကျွန်တော်တို့ ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ပြီး အလေးအမြတ်ထားရသော “နိုင်ငံတော်သီချင်း” ကို တိုင်းပြည်၏ ဦးဆောင်ပုဂ္ဂိုလ်ကြီးများ သတိပြုကြစေချင်ပါသည်။ စဉ်းစားသုံးသပ် ကြည့်ကြစေချင်ပါသည်။ “၀ိုင်အမ်ဘီအေဆရာတင်” နှင့် “သခင်ဘသောင်း” တို့၏ နှလုံးသွေးနှင့် ရေးစပ်ခဲ့သော မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် “တို့ဗမာ” သီချင်းကို နည်းနည်းလေးဖြစ်ဖြစ် စေ့ငုကြည့်ကြစေချင်ပါသည်။

နံနက်ရေဒီယိုမှ ကြားနေကျဖြစ်သော “နိုင်ငံတော်သီချင်း” အစတွင် -

“တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေ
တို့ပြေ ... တို့မြေ
များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေ
တို့ပြေ ... တို့မြေ
ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ
အဓိဋ္ဌာန်ပြုမလေ ထိန်းသိမ်းစို့လေ” ဟု ခြေဆင်းအပိုဒ်တွင် ဆိုထားပါသည်။ စာသားများ အင်မတန်ကောင်းမွန် လေးနက်လှပါ၏။ ကြားရလေတိုင်း ကြက်သီးထမျှ ခံစားရပါ၏။ သို့သော်သို့သော် အမျိုးသားရေးအတွက် တန်ဖိုးကြီးမြတ်လှစွာသော စာသားများနှင့် ယနေ့ကျွန်တော်တို့နိုင်ငံ၏ အခြေအနေကို နှိုင်းယှဉ်ကြည့်ကြစေချင်ပါသည်။

သီချင်းအစတွင် “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ” ဟု အစပျိုးထားပါသည်။ ယနေ့ကျွန်တော်တို့နိုင်ငံ၏ တရားစီရင်ရေးကို လည်းကောင်း၊ အထူးအခွင့်အရေး ရသူများနှင့် နင်းပြားပြည်သူများ၏ အရေးကိုလည်းကောင်း၊ သုံးသပ်ကြည့်ကြ စေချင်ပါသည်။ “ဥပဒေအထက်တွင် မည်သူမျှမရှိ” ဟု ခံ့ညားသောဆောင်ပုဒ်ကြီး ရှိသော်လည်း အမှန်တကယ် လက်တွေ့မှာ ငွေများတရားနိုင်ဖြစ်သွားသော ဖြစ်ရပ်များ၊ မျက်နှာကြီးနှင့် မျက်နှာမွဲတရားဖြစ်လျှင် မျက်နှာမွဲကို ဖိထောင်းမှုများ၊ တရားခံမဟုတ်ပါဘဲနှင့် အစစ်ဆေးလက်လွန်၍ သေဆုံးသွားခဲ့ရသောဖြစ်ရပ်များ စသည်စသည် ရင်နာစရာကောင်းလွန်းသည့် “တရားမမျှတမှုများ” ကို နေရာအနှံ့ တွေ့မြင်နေရပါသည်။ အထူးအခွင့်အရေး ရသူများ၏ အကျိုးစီးပွားအတွက် မြေသိမ်း၊ ယာသိမ်း၊ ကျောင်းဖျက်၊ သိမ်ဖျက်၊ သုသာန်ဖျက်နှင့် ဖြစ်ချင်တိုင်းဖြစ်နေသော လုပ်ရပ်များ၊ နိုင်ငံတော်၏ သင်္ကေတ၊ နိုင်ငံတော်၏ အသက်ဖြစ်သော “မြစ်မင်းဧရာ” ကို လုပ်ကြံရန်ကြိုးစားပြီး ထိုမြစ်မင်းဧရာကို မှီတင်းနေထိုင်ကြသော မိဘပြည်သူတို့၏ ဘ၀များကို လျစ်လျူရှုမှုများ စသည်ဖြင့် မြောက်မြားလှစွာသော ပြဿနာရပ်များသည် တရားမျှတမှု မရှိကြောင်းကို အထင်အရှား ပြဆိုနေပါသည်။

ဒီမိုကရေစီ လမ်းကြောင်းဖြင့် သွားနေပါသည် ဆိုသော်လည်း ပြည်သူအများ တကယ်လွတ်လပ်ပါရဲ့လား ကျွန်တော်မေးချင်ပါသည်။ ပြည်သူများ သူတို့၏ဆန္ဒကို လွတ်လပ်စွာဖော်ထုတ်ခွင့် ရှိပါရဲ့လား၊ သတင်းမီဒီယာများ လွတ်လပ်စွာ သတင်းယူနိုင်၊ ရေးသားနိုင်ကြပါရဲ့လား၊ ကင်မရာ အသိမ်းခံရသော သတင်းထောက်များ၊ သတင်းယူရန် တားမြစ်ပိတ်ပင်ခံရသော သတင်းထောက်များ၊ အမှုရင်ဆိုင်ရသော သတင်းထောက်များ၊ ထောင်ချအပြစ်ပေးခံရသော သတင်းထောက်များ ထိုထိုသော သတင်းထောက်များ၏ ဖြစ်ရပ်များသည် “လွတ်လပ်ခြင်း” မရှိသေးကြောင်း ညွှန်းဆိုနေပါသည်။

နိုင်ငံတော်သီချင်းကို ဆက်၍ကြည့်ပါလျှင် ...
“များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေ” ဟု ဖွဲ့သီထားပါသည်။ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော ပြည်တွင်းစစ်မီးသည် အလုံးစုံ ငြိမ်းအေးပါပြီလား၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တခြိမ့်ခြိမ့် ကျင်းပနေသော်လည်း တိုက်ပွဲတွေက ဖြစ်မြဲပင်။ နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့များ တိုင်းပြည်ကို တကယ်ချစ်ကြပါရဲ့လား ကျွန်တော်မေးချင်သည်။ စစ်ပွဲကြောင့် မဆီမဆိုင် အသက်ဆုံးပါးသွားရရှာသော တိုင်းရင်းသူ န၀မတန်းကျောင်းသူလေး အဖြစ်ကို သတိရမိသည်။ ထိုကျောင်းသူလေးကဲ့သို့ လူမသိ၊ သူမသိ၊ အဓိပ္ပာယ်မဲ့အဖြစ်ဆိုးစွာ သေဆုံးသွားရသော ပြည်သူများ ဘယ်ရွေ့ဘယ်မျှ ရှိနေပြီလဲ၊ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့မှ အသက်စွန့်သွားရသော တပ်သားများ ဘယ်လောက်များနေပြီလဲ၊ စစ်ပွဲများကြောင့် မငြိမ်းချမ်းနိုင်ဘဲ တောထဲတောင်ထဲ ပြေးလွှားနေရသော တိုင်းရင်းသားများ၊ ကျောင်းလည်းမတက်ရ၊ ဖြစ်သလိုနေ ဖြစ်သလိုစားရနှင့် ပြေးလွှားနေရရှာသော တိုင်းရင်းသား ကလေးသူငယ်များကို စိတ်ကူးထဲထည့်၍ မတွေးကြပြီလား။ တောင်ပေါ်မြေပြန့် တိုင်းရင်းသားများအားလုံး အခွင့်အရေးတွေ တန်းတူညီမျှစွာဖြင့် ဖြူစင်မြင့်မြတ်မှန်ကန်သော ၀ါဒကို ဆုပ်ကိုင်နိုင်ခဲ့ကြပါရဲ့လား။

နိုင်ငံတော်သီချင်းတွင် “ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ၊ အဓိဋ္ဌာန်ပြုမလေ ထိန်းသိမ်းစို့လေ” ဟု ဆိုထားပြန်ပါ၏။ အရှေ့အနောက်တောင်မြောက် တောင်တန်းကြီးများကွယ်ကာ ပိတ်ဆီးထားပြီးလျှင် ကျယ်ပြန့်ပြောသော မြေပြန့်လွင်ပြင်များ၊ မြောက်မှတောင်သို့ သွယ်ဖြာစီးဆင်းနေသော မြစ်ကြီးများဖြင့် ရှုမငြီးတင့်တယ်လှစွာသော သယံဇာတတွေ ပေါကြွယ်ဝစွာသည့် အမိမြေအား ကျွန်တော်တို့၏ ဘိုးဘွားဘီဘင်တို့သည် သူတို့၏ အသက်သွေးများဖြင့် ရင်းနှီး၍ အမွေအဖြစ် ကျွန်တော်တို့ကို ပေးအပ်ခဲ့ခြင်းဖြစ်ပါ၏။ စိမ်းစိုအုပ်မှိုင်းသောတောများ၊ တောင်များ၊ မြစ်ချောင်းများကို ကျွန်တော်တို့နိုင်ငံ အစိုးရမင်း အဆက်ဆက်သည် ဘိုးဘွားဘီဘင်တို့ ပေးအပ်ခဲ့သော ပြည်ထောင်စု အမွေများအပေါ် မြတ်နိုးတန်ဖိုးထားစွာ ထိန်းသိမ်းပါလေစ။ ဂျာနယ်များ၊ သတင်းစာများတွင် တွေ့မြင်နေရသော တစ်ဖက်နိုင်ငံသို့ တရားမ၀င် ခိုးထုတ်သော သစ်လုံးများ၊ တရားဝင်ထုတ်ရန် စုပုံထားသော သစ်လုံးများ ကြည့်ရသည်မှာ ဖယောင်းတိုင်များကို စုပုံထားသည်နှင့်ပင် တူလှသည်။ ဤဓာတ်ပုံများကိုကြည့်၍ သစ်တောသစ်ပင်၊ သဘာဝပတ်ဝန်းကျင် မြတ်နိုးသူများ၊ အမိမြေကို ချစ်သူများ ရင်ကွဲပက်လက် ဖြစ်ရပါသည်။ ကျွန်တော်တို့တစ်တွေ အိပ်ပျော်နေသော အချိန်၌ပင် ၁၀ ဘီး၊ ၁၂ ဘီးကားကြီးများဖြင့် သစ်လုံးများ၊ အဖိုးတန်မြေများသည် တစ်ဖက်နိုင်ငံသို့ ထွက်ခွာနေကြပါသည်။ ဤသည်ကို နိုင်ငံတော်ဦးဆောင်ပိုင်းမှ ပုဂ္ဂိုလ်ကြီးများ မသိကြပြီလား။ သိလျက်နှင့် မျက်နှာလွှဲနေသည်၊ မသိဟန် ဆောင်နေကြသည် ဆိုလျှင်ဖြင့် လာမည့် နှစ် ၂၀ ခန့် အကြာတွင် ကျွန်တော်တို့နိုင်ငံ၏ မြေပုံကို အသစ်ပြန်လည် ရေးဆွဲနေရပါလိမ့်မည်။ မြေပေါ်မြေအောက် သယံဇာတများအား ဖျက်ဆီးယူငင်နေသည်ကို ကြည်ဖြူခွင့်ပြုထားသူ ပုဂ္ဂိုလ်ကြီးများ နာမည်ဆိုးဖြင့် သမိုင်းတရားခံဖြစ်မည်မှာ ဧကန်ပင်ဖြစ်ပါသည်။

နိုင်ငံတော်သီချင်းထဲတွင် ပါသည့်အတိုင်း ပြည်ထောင်စုကြီး၏ အမွေအနှစ်များကို ထိန်းသိမ်းရန် ပါးစပ်က အဓိဋ္ဌာန်ပြုရုံ၊ ဟန်ပြထိန်းသိမ်းရုံနှင့် မည်သို့မျှ မရနိုင်ပါ။ ယခုပုံစံအတိုင်း ဆက်သွားလျှင် ကျွန်တော်တို့နိုင်ငံ၏ သမိုင်း၊ ရာဇ၀င် ရိုင်းရပါတော့မည်။ “တရုတ်ကိုလည်း ကြောက်ရပါတယ်ဘုရား” “တရုတ်ရဲ့ကျေးဇူးတွေ ရှိပါတယ်” ဟူသော စကားများသည် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သည့် “ဟိုလူ့မြင် မျက်နှာချိုသွေးရ ဒီလူ့မြင် မျက်နှာချိုသွေးရ” ဟူသောစကားကို ပြေး၍သတိရစေပါသည်။ ရှက်ဖွယ်ကောင်းလေစွ။ ဇာတိပုည၊ ဂုဏ်မာနတွေ အငွေ့ပြန် ပျောက်ကွယ်ကုန်ကြလေပြီလား” ဟု တွေးရင်း ကျွန်တော်တို့ ၀မ်းနည်းခံပြင်း ဖြစ်ကြရပါသည်။

ကျွန်တော်တို့အားလုံး လေးစားမြတ်နိုး တန်ဖိုးထားရပါသော “နိုင်ငံတော်သီချင်း” နှင့် ယနေ့ကျွန်တော်တို့ ကြုံတွေ့နေရသော နိုင်ငံ၏ အနေအထားကို နှိုင်းယှဉ်ခံစား အတွေးများ ပွားနေမိခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် သက်ဆိုင်ရာပုဂ္ဂိုလ်များကို အပြစ်ပြောနေခြင်း မဟုတ်ပါ။ မိဘပြည်သူများ၏ ခံစားချက်များနှင့် နိုင်ငံတော်၏ ရှေ့ရေးအတွက် အားမလိုအားမရစိတ်၊ ၀မ်းနည်းကြေကွဲစိတ်များဖြင့် ဤစာကို ရေးခြင်းဖြစ်ပါသည်။ “ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး အစိုးရမင်းများ၊ ၀န်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး တိုင်းပြည်ကို (ဟန်ပြမဟုတ်)နှလုံးသွေးနှင့်ရင်း၍ အမှန်တကယ် ချစ်မြတ်နိုးကြပါစို့ဟုသာ ရင်ကွဲလုမျှ သံကုန်ဟစ်အော် ပြောလိုက်ချင်ပါသည်။

(ပထမတန်းဖတ်စာပါ နိုင်ငံတော်သီချင်း)


Eleven Media Group