တံတားထိုးပါ... အုတ်တံတိုင်းမကာပါနဲ့

ပို့စ်တင်ချိန် - 3/23/2014 05:13:00 PM


(‘ကပ္ပတိန်ဖီးလစ်’ ဇာတ်ကားထဲမှ ဇာတ်ဝင်ခန်းတစ်ခန်း)
(ဆောင်းပါးရှင် - နီမင်းဆွေ)

အာဖရိက ဦးချိုဒေသမှာရှိတဲ့ လက်ရှိဆိုမာလီနိုင်ငံဟာ ၁၉၆၀ ပြည့်နှစ်မှာ ဗြိတိသျှနဲ့ အီတလီတို့ရဲ့ အစောင့်ရှောက်ခံ နယ်မြေအဖြစ်က လွတ်မြောက်ပြီး တစ်နိုင်ငံလုံး လွတ်လပ်ရေးရရှိခဲ့ပါတယ်။ အဲဒီနောက် ရွေးကောက်တင်မြှောက်ခံထားရတဲ့ ၀န်ကြီးချုပ် ‘အလီရှာမက်’ ဟာ ၁၅.၁၀.၁၉၆၉ ရက်နေ့မှာ လုပ်ကြံခံရပြီး ရက်အနည်းငယ်အကြာမှာ ဗိုလ်မှူးချုပ် ‘စိယပ်ဘား’ ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းယူခဲ့ပါတယ်။

၁၉၇၇ ခုနှစ်မှာ နယ်မြေကိစ္စ အချင်းများမှု ဖြစ်ပေါ်ခဲ့တဲ့အတွက် အိမ်နီးနားချင်း အီသီအိုပီးယား နယ်မြေထဲကို စိယပ်ဘားရဲ့စစ်တပ်က အင်အားသုံးပြီး ၀င်ရောက်ကျူးကျော်ခဲ့ပါတယ်။ ရှစ်လအကြာမှာ စစ်ရှုံးလို့ ပြန်ဆုတ်ခဲ့ရပါတယ်။ စစ်အစိုးရရဲ့ အဲဒီလုပ်ရပ်ကြောင့် ဆိုမာလီစစ်တပ်ဟာ အင်အားချည့်နဲ့သွားပြီး တစ်တိုင်းပြည်လုံးက ပြည်သူတွေလည်း စစ်အစိုးရအပေါ် မကျေနပ်ကြတော့ပါဘူး။ ၁၉၉၀ ပြည့်နှစ်မှာ ‘စိယပ်ဘား’ ဟာ အတိုက်အခံတွေရဲ့ ဖြုတ်ချတာခံရပြီး ပြည်ပကို ထွက်ပြေးခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး ဆိုမာလီနိုင်ငံထဲမှာ မျိုးနွယ်စုကြီးသုံးခု နယ်မြေလုပွဲကြီးတွေ ကျင်းပကြတဲ့အတွက် ပြည်တွင်းစစ်ကြီး ဖြစ်ပွားခဲ့ရတော့တာပါပဲ။

အကျိုးဆက်အနေနဲ့ ဗဟိုအစိုးရရဲ့ ရေတပ်မတော်ကို ဖျက်သိမ်းလိုက်ရပါတယ်။ အဲဒီအချိန်မှာ ဆိုမာလီရေပိုင်နက်ထဲကို ပြည်ပက ငါးခိုးလှေတွေ ၀င်လာကြပါတယ်။ ဒေသခံ တံငါသည်တွေ ဒုက္ခရောက်ကုန်ကြပါတယ်။ ဒါ့ကြောင့် ကိုယ့်ရေပိုင်နက်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်နိုင်ဖို့ လက်နက်နဲ့ငွေကြေး ထောက်ပံ့နိုင်မယ့်သူတွေကို လိုက်လံရှာဖွေကြရပါတယ်။ အဲဒီအချိန်မှာ ငွေကြေးတတ်နိုင်သူတွေ၊ အရင်စစ်မှုထမ်းဟောင်းတွေနဲ့ အင်အားရှိတဲ့ မျိုးနွယ်စုခေါင်းဆောင်တွေက ဒေသခံတံငါတွေကို ငွေနဲ့လက်နက်တွေ ပံ့ပိုးပေးကြပါတယ်။ ငါးခိုးလှေတွေကို သေနတ်နဲ့ပစ်ပြီး မောင်းထုတ်နိုင်အောင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ဒီလိုနဲ့ပဲ အချိန်ကာလအနည်းငယ် ကြာလာတဲ့အခါ ငါးဖမ်းရတာထက်ပိုပြီး အရသာရှိတဲ့ လုပ်ငန်းတစ်ခုကို သူတို့တစ်တွေ တွေ့လာကြတော့တာပါပဲ။

ဒါကြောင့်မို့ ၈၆ ကြိမ်မြောက် ဒီနှစ်အော်စကာဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ကားဆု အပါအ၀င် အော်စကာဆုခုနစ်ဆု အဆိုပြုခံရတဲ့ ‘ကပ္ပတိန်ဖီးလစ်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ပေါ်ထွက်လာရတာပါပဲလို့ အတိုချုံးပြီးပြောရင် မှားနိုင်မယ် မထင်ပါဘူး။ ကပ္ပတိန် ‘ရစ်ချတ်ဖီးလစ်’ (Tom Hanks) ရဲ့ ကုန်သေတ္တာတင်သင်္ဘော ‘မဲယက်စ်အယ်လာဘာမား’ ဟာ အိုမန်နိုင်ငံက ၇.၄.၂၀၀၉ ရက်မှာ ထွက်လာခဲ့ပါတယ်။ ၈.၄.၂၀၀၉ ရက်မှာ ဆိုမာလီနိုင်ငံရဲ့ အရှေ့ဘက် အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ထဲအရောက် သူတို့နောက်ကို ပင်လယ်ဓားပြတွေ စီးလာတဲ့ အမြန်ရေယာဉ်ငယ်နှစ်စီး လိုက်လာပါတယ်။ ဒါပေမဲ့ ပင်လယ်ဓားပြ အမြန်ယာဉ်နှစ်စီးထဲက တစ်စီးစက်ပျက်သွားတဲ့အတွက် ဆက်မလိုက်ဖြစ်ကြတော့ပါဘူး။ ဒါပေမဲ့ နောက်တစ်နေ့မှာတော့ အဲဒီစက်အကောင်းကျန်နေခဲ့တဲ့ အမြန်ယာဉ်တစ်စီးဟာ စက်နှစ်လုံးတပ်ပြီး သင်္ဘောနောက်ကို ပြန်လိုက်လာပါတယ်။ ကပ္ပတိန်ဖီးလစ်နဲ့ သင်္ဘောသား ၂၀ တို့ဟာ အစွမ်းကုန် ခုခံကြပေမယ့် မရတော့ဘဲ သင်္ဘောဟာ အပိုင်စီးခံလိုက်ရပါတယ်။ အဲဒီသင်္ဘောကြီးနဲ့ မနီးမဝေး ခပ်လှမ်းလှမ်းမှာ ပင်လယ်ဓားပြတွေရဲ့ မိခင်သင်္ဘောငယ်တစ်စီး ရှိနေပါတယ်။ အဲဒီ မိခင်သင်္ဘောပေါ်မှာ မနေ့ညကမှ အပြေးအလွှား ဂဟေဆော်ပြီး ယူလာကြတဲ့ သံလှေကားနဲ့ချိတ်ပြီး ကပ္ပတိန်ဖီးလစ်ရဲ့ သင်္ဘောပေါ်ကို သေနတ်တွေတကားကားနဲ့ တက်လာကြတော့တာပါပဲ။

ကပ္ပတိန်ဖီးလစ်က သင်္ဘောသားတွေ အကုန်လုံးနီးပါးကို ၀မ်းဗိုက်ထဲမှာရှိတဲ့ သင်္ဘောစက်ခန်းထဲမှာ ပုန်းခိုင်းလိုက်တဲ့အပြင် သင်္ဘောကိုစက်သတ်ပြီး မီးတွေလည်း မှိတ်ခိုင်းလိုက်ပါတယ်။ ကပ္ပတိန်က ပင်လယ်ဓားပြခေါင်းဆောင် ‘မူဆယ်’ ကို သင်္ဘောမီးခံသေတ္တာထဲက ဒေါ်လာသုံးသောင်း ထုတ်ပေးပေမဲ့ မကျေနပ်ပါဘူး။ သင်္ဘောကို ပြန်ပေးဆွဲပြီး အမေရိကန်ဒေါ်လာ သန်းချီတောင်းဖို့ကိုသာ စိတ်အားသန်နေကြတာပါ။ သင်္ဘောပေါ်တက်လာခဲ့တဲ့ ပင်လယ်ဓားပြလေးယောက်ထဲမှာ တစ်ယောက်က ဖိနပ်မပါဘူး။ ဒါကိုသိလို့ သင်္ဘောသားတစ်ယောက်က အမှောင်ထဲက အောက်ထပ်ကုန်းပတ်ပေါ်မှာ ပုလင်းတစ်လုံးကိုခွဲပြီး မှန်စတွေကို ဖြူးထားခဲ့ပါတယ်။ ဒါ့ကြောင့် ဖိနပ်မပါတဲ့ ပင်လယ်ဓားပြဟာ ခြေထောက်ကို ပုလင်းကွဲတွေရှပြီး သွေးသံတရဲရဲနဲ့ အော်ဟယ်ဟစ်ဟယ် ဖြစ်နေပါတော့တယ်။

ပင်လယ်ဓားပြခေါင်းဆောင် ‘မူဆယ်’ ဟာ အောက်ထပ်က စက်ခန်းထဲဝင်ပြီး သင်္ဘောသားတွေကို ရှာပါတယ်။ အကုန်လုံး မှောင်မည်းနေတဲ့ စက်ခန်းထဲ ၀င်လာတဲ့သူ့ကို သင်္ဘောသားတွေက ၀ိုင်းပြီးဖမ်းလိုက်ကြပါတယ်။ နောက်အပေါ်ထပ်က သင်္ဘောကွပ်ကဲစင်မှာ ဓားစာခံဖြစ်နေတဲ့ ကပ္ပတိန်ဖီးလစ်နဲ့ တစ်ယောက်တစ်ယောက်ချင်းလဲဖို့ သင်္ဘောသားတွေ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဖူး။ ကပ္ပတိန်ဖီးလစ်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားပြီး ပင်လယ်ဓားပြတွေဟာ ဖီးလစ်တို့သင်္ဘောရဲ့ အသက်ကယ်လှေနဲ့ သူတို့ရဲ့ မိခင်သင်္ဘောဆီကို ပြန်မောင်းသွားကြပါတယ်။

ပင်လယ်ဓားပြတစ်ယောက်က ခြေထောက်မှာ ဒဏ်ရာရနေတဲ့အထဲမှာ မိခင်သင်္ဘောနဲ့လည်း ပြန်အဆက်အသွယ် မရတော့တဲ့အတွက် ဓားပြတွေ အကျပ်ရိုက်နေကြပါတယ်။ အဲဒီအချိန်မှာ မိခင်ပင်လယ်ဓားပြသင်္ဘောဆီကို အသက်ကယ်လှေပေါ်က ခေါ်နေတဲ့ ရေဒီယိုအသံလှိုင်းတွေကို အမေရိကန်ရေတပ် ဖျက်သင်္ဘော ‘ဘိန်းဘရစ်ခ်ျ’ က ကြားဖြတ်ဖမ်းယူနေပါတယ်။ နောက်တော့ အဲဒီနေရာကို အမေရိကန်ရေတပ်က သင်္ဘောတွေလည်း ထပ်ရောက်လာကြပါတယ်။

အဲဒီညမှာ ဖီးလစ်က အပေါ့သွားချင်တယ်ပြောလို့ မူဆယ်က ခွင့်ပြုလိုက်ပါတယ်။ အသက်ကယ်လှေ အပြင်ဘက်ရောက်တော့ ဖီးလစ်က ပင်လယ်ဓားပြတစ်ယောက်ကို ရေထဲတွန်းချပြီး သူလည်းရေထဲခုန်ချ ကူးပြေးပါတယ်။ ကျန်တဲ့ ပင်လယ်ဓားပြတွေက သူ့ကိုသေနတ်နဲ့ ၀ိုင်းပစ်ကြပေမယ့် မထိပါဘူး။ နောက်တော့ မူဆယ်ကိုယ်တိုင် ရေထဲဒိုက်ဗင်ထိုးဆင်းပြီး ဖီးလစ်ကို အသက်ကယ်လှေပေါ် ပြန်ဆွဲတင်ခဲ့ပါတယ်။ ဖီးလစ် အသက်ကယ်လှေထဲ ပြန်ရောက်တော့ ဒေါသထွက်နေတဲ့ ပင်လယ်ဓားပြတွေက သူ့ကိုအသားကုန် ၀ိုင်းရိုက်ကြပါတယ်။ ဒီအချိန်မှာ အမေရိကန်ရေတပ်က အထူးစစ်ဆင်ရေးစစ်သည်တွေပင် လယ်ထဲကိုလေထီးနဲ့ခုန်ဆင်းပြီး စစ်သင်္ဘော ဘိန်းဘရစ်ခ်ျပေါ် တက်လာကြပါပြီ။ သူတို့ အဲဒီလိုရောက်လာပြီး ခဏအကြာမှာ ဘိန်းဘရစ်ခ်ျသင်္ဘောပေါ်က ကြားဝင်ဖျန်ဖြေပေးဖို့ ရောက်လာတဲ့ ‘နီမို’ ဆိုတဲ့ လူတစ်ဦးက အသက်ကယ်လှေထဲက ပင်လယ်ဓားပြတွေနဲ့ လမ်းလျှောက်စကားပြောစက်နဲ့ စကားပြောကြပါတယ်။ နီမိုဟာ ပင်လယ်ဓါးပြလေးယောက်ရဲ့ နာမည်တွေကို သိနေရုံသာမက သူတို့မျိုးနွယ်စု ခေါင်းဆောင်ရဲ့ နာမည်အပြင် သူတို့ဆိုမာလီနိုင်ငံ ဘယ်နေရာက ထွက်လာကြတယ် ဆိုတာကိုပါ ဆိုမာလီလို ပြောပြနိုင်ပါတယ်။ နောက်ပြီးတော့ ဆိုမာလီကမ်းခြေမှာရှိတဲ့ သူတို့ခေါင်းဆောင်ကိုလည်း ရဟတ်ယာဉ်နဲ့ သင်္ဘောပေါ်ခေါ်လာပြီး အပေးအယူ ညှိကြမယ်။ ပြီးရင် ကပ္ပတိန်ဖီးလစ်ကို ငွေပေးပြီး ပြန်ရွေးမယ်လို့လည်း ပြောပါတယ်။ အဲဒီလိုညှိုဖို့ ဓားပြဗိုလ် ‘မူဆယ်’ ကိုယ်တိုင် ဘိန်းဘရစ်ခ်ျသင်္ဘောပေါ် တက်လာပြီး ရဟတ်ယာဉ်နဲ့ ရောက်လာမယ့် သူတို့ခေါင်းဆောင်နဲ့ အရင်လာတိုင်ပင်ဖို့ လိုတယ်လို့ ပြောပါတယ်။ နောက်မှ သုံးပွင့်ဆိုင်တွေ့ပြီး ငွေဘယ်လောက်နဲ့ ရွေးမယ်ဆိုတာ ညှိကြမယ်ပြောလို့ မူဆယ်က သဘောတူလိုက်ပါတယ်။ ဒါကြောင့် အမေရိကန်ရေတပ်က အမြန်ယာဉ်ငယ်လေးနှစ်စီးဟာ အသက်ကယ်လှေနားကပ်လာပြီး မူဆယ်ကို တင်ခေါ်သွားကြပါတယ်။ ဒီအချိန်မှာ အသက်ကယ်လှေ ဆီကုန်သွားတဲ့အတွက် ရေတပ်စစ်သင်္ဘော ဘိန်းဘရစ်ခ်ျက ဆွဲလာရပါတယ်။

ဆိုမာလီကမ်းခြေက မူဆယ်တို့ခေါင်းဆောင်ကို တင်လာမယ့် ရဟတ်ယာဉ် လာနိုင်တဲ့ အကွာအဝေးအထိ သင်္ဘောက သွားစောင့်နေရမှာ ဖြစ်ပါတယ်။ အသက်ကယ်လှေထဲမှာရှိတဲ့ ပင်လယ်ဓားပြ ဒုတိယခေါင်းဆောင် ‘နာဂျီး’ ဟာ အမေရိကန် စစ်သင်္ဘောတွေ အများကြီးကို တွေ့မြင်လိုက်ရတဲ့အတွက် ကယောင်ချောက်ချား ဖြစ်လာပါတယ်။ ဒါ့ကြောင့် ဖီးလစ်ကို ကြိုးနဲ့တုပ်ပြီး မျက်နှာကိုလည်း အ၀တ်နဲ့ စည်းထားလိုက်ပါတယ်။ ဖီးလစ်ကို နာဂျီးက ပစ်သတ်မဲ့ဆဲဆဲ အချိန်မှာပဲ ဘိန်းဘရစ်ခ်ျသင်္ဘော ပဲ့စင်ပေါ်က လက်ဖြောင့်တပ်သားတွေက ပင်လယ်ဓါးပြသုံးယောက်ကို အသေပစ်သတ်နိုင်ခဲ့ပါတယ်။ သင်္ဘောပေါ်ကို ရောက်နေတဲ့ ဓားပြဗိုလ်မူဆယ်ဟာ အသက်ချမ်းသာရာရသွားပေမယ့် အမေရိကန်ပြည်ထောင်စုထဲမှာ ထောင် ၃၃ နှစ် ကျသွားခဲ့ပါတယ်။ ကပ္ပတိန်ဖီးလစ်လည်း အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

ဒီဇာတ်ကားထဲမှာ တွေးခေါ်စရာကောင်းတဲ့ အချက်တွေ အများကြီး ပါနေပါတယ်။ ဆိုမာလီအကြောင်း ကျွမ်းကျင်သူတစ်ဦးကို အချိန်မီ စစ်သင်္ဘောပေါ် အရောက်တင်ပေးနိုင်ခဲ့တာရယ် SEAL marksmen လို့ခေါ်တဲ့ လက်ဖြောင့်တပ်သားတွေကို လေထီးနဲ့ ပင်လယ်ထဲဆင်းခိုင်းပြီး စစ်သင်္ဘောပေါ် တင်ပေးနိုင်ခဲ့တာတွေရယ်ဟာ သိပ်ထူးခြားတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ ပစ်လို့အမိန့်ရတာနဲ့ ဓားပြသုံးယောက်စလုံးကို ဦးခေါင်းတွေကိုချည်း တစ်ပြိုင်တည်းမှန်အောင် ပစ်နိုင်ခဲ့တာကတော့ ထူးခြားပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ အသက်ကယ်လှေထဲက ပစ်မှတ်တွေဟာ လှုပ်ရှားနေတဲ့အပြင် စစ်သင်္ဘောပဲ့စင်ပေါ်မှာရှိနေတဲ့ ပစ်တဲ့လူတွေကိုယ်တိုင်ကလည်း သင်္ဘောနဲ့အတူ လှုပ်နေလို့ပါပဲ။ ဒါကိုကြည့်ပြီး လူမျိုးနှစ်မျိုးရဲ့ စွမ်းရည်တွေဟာ ဘာ့ကြောင့်များ ဒီလောက်တောင် ကွာခြားသွားရတာလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ဆိုမာလီနိုင်ငံက မျိုးနွယ်စုခေါင်းဆောင်တွေဟာ သူတို့ရဲ့ မျိုးနွယ်စုကိစ္စတွေကို တအားရှေ့တန်းတင် အသားပေးပြီး မျိုးနွယ်စုအလိုက် ပြည်နယ်တည်ထောင်ခွင့်ရဖို့ တစ်ခုတည်းကိုသာ အာရုံစိုက်နေကြတာပါ။ ဒ့ါကြောင့် ဗဟိုအစိုးရဟာ နယ်မြေကို မထိန်းချုပ်နိုင်တော့ဘဲ တိုင်းပြည်ဟာ ရွှံ့ဗွက် ၁၅၀ ထဲဆင်းမိတဲ့ လှည်းတစ်စီးလို ဖြစ်သွားရတာပါ။ စက်ပစ္စည်းတွေ အရည်အသွေးကောင်းပြီး လူတွေကလည်း အရည်အချင်းရှိကြတဲ့ တစ်နိုင်ငံကတော့ နယ်မြေအတွင်းမှာ နေထိုင်နေကြတဲ့ လူမျိုးစုတွေအပေါ် အခြေခံပြီး ပြည်နယ်တွေ သတ်မှတ်ပေးလို့ မဖြစ်နိုင်တဲ့အတွက် ပထ၀ီအနေအထားပေါ်မှာပဲ မူတည်ပြီး ပြည်နယ်နယ်နမိတ်တွေ သတ်မှတ်ပေးခဲ့တာကို တွေ့ရပါတယ်။

ကပ္ပတိန်ဖီးလစ် အမေရိကားပြန်ရောက်တော့ သမ္မတအိုဘားမားက သူ့ကိုခေါ်တွေ့ပြီး ချီးကျူးအားပေးစကား ပြောခဲ့ပါတယ်။ အစိုးရဆိုတာ ပြည်သူ့အတွက်ဆိုတဲ့ စကားလုံးမျိုးတွေ ပါးစပ်က တစ်လုံးတစ်ပါဒမှ ပြောမသွားခဲ့ပါဘူး။ ဒါပေမဲ့ အစိုးရနဲ့ ပြည်သူအကြားမှာ တံတိုင်းကာမဲ့ အစားတံတားထိုးဖို့ကိုသာ သူတို့တစ်တွေ အစဉ်ဝါယမစိုက်ပြီး လုံးပန်းနေကြတယ်ဆိုတာ ဒီဇာတ်ကားကြည့်ပြီး သဘောပေါက်လာခဲ့ရပါတယ်။


Eleven Media Group