နားလည်မှုသည် တစ်ခါတစ်ရံ ဥပဒေကို ဖျက်ဆီး၏
ပို့စ်တင်ချိန်
- 3/12/2014 04:02:00 PM
(ရန်ကုန်မြို့လယ်တစ်နေရာ ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပေါ်နေသည်ကို မတ် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်))
#emg_opinions
(Written by: မောင်တင်ဦး (မြောင်းမြ))
ဥပဒေ
ဥပဒေကို စတင်သုံးစွဲလာရခြင်းက လူ့ပတ်ဝန်းကျင်မှာ ကြီးနိုင်ငယ်ညှဉ်းဝါဒတွေ ထွန်းကားလာမှုကို ဟန့်တားဖို့ အမှန်တရား၊ တရားမျှတမှု ထွန်းကားဖို့ ရည်ရွယ်ပေါ်ထွန်းလာရတာ ဖြစ်ပါတယ်။ သဘာဝရဲ့ယေဘုယျဖြစ်စဉ်က ကြီးနိုင်ငယ်ညှဉ်း ဖြစ်စဉ်ပါ။
မြေရှင်ကြေးရှင်ခေတ်မှာ မြေရှင်ကြေးရှင်တို့ရဲ့ စိတ်အလိုဆန္ဒအရ နှုတ်ကထွက်သမျှ အမိန့်(ဥပဒေ)ဖြစ်တာ မြေကျွန်တွေခမျာ အကာအကွယ်မဲ့ အသားလွတ်နှိပ်စက်ခံ၊ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကယ်သူမဲ့ဘ၀ကို မရှုမြင်လိုတဲ့ ပညာရှင်၊ သမာသမတ်ရှိ လူကြီးတွေရဲ့ ကြိုးပမ်းမှုကြောင့် သက်ဦးဆံပိုင်ခေတ်မှာ ညီလာခံဆိုတာ ပေါ်လာပါတယ်။ ဘုရင်တစ်ပါးတည်း ဆုံးဖြတ်ချင်သလို ဆုံးဖြတ်တာကို ညီလာခံမှာ တက်ရောက်တဲ့မှူးကြီး၊ မတ်ကြီးတို့ရဲ့ ထိန်းကွပ်ပေးခြင်းကြောင့် ဥပဒေကို ထိန်းကျောင်းလာကြပါတယ်။ ဒါပေမဲ့ လက်တွေ့အခြေအနေမှာ ဘုရင့်အမိန့်ကို ညီလာခံက အမှန်တကယ် မထိန်းကွပ်နိုင်ပါဘူး။ မင်းလိုလိုက် မင်းကြိုက်ဆောင်တဲ့ အမတ်တွေနဲ့ ဘုရင်တို့ပူးပေါင်းပြီး အာဏာကို လိုသလိုပုံဖော်တဲ့အမိန့် (ဥပဒေ) နဲ့သာ အုပ်ချုပ်ကြတာပါ။
ဒီလိုနဲ့ ဥပဒေကို တရားမျှတမှု ပေါ်ထွန်းလာရေးအတွက် တတ်သိပညာရှင်များက သမိုင်းတစ်လျှောက် ကြိုးပမ်းလာကြပါတယ်။ သမိုင်းအစမှာ ဟန်မူရာဘီကိုဓဥပဒေနဲ့ တရားစီရင်ခဲ့ရာမှာ မျှတသယောင် ရှိပေမယ့် မမျှတမှုတွေ ဖြစ်လာပါတယ်။ ဒီလိုနဲ့ တတ်သိပညာရှင်၊ ဥပဒေပညာရှင်တွေက လူမှုဘ၀ဖြစ်စဉ်နဲ့ လိုက်လျောညီထွေမယ့် ဥပဒေတွေကို ရှာကြံထုတ်နုတ် ရေးဆွဲကြပါတယ်။ ဒါပေမဲ့ လူမှုဘ၀ဖြစ်စဉ်ဟာ အမြဲတမ်း ပြောင်းလဲနေတာကြောင့် ဥပဒေဟာလည်း စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲနေရပါတယ်။ အဲဒီလို ပြောင်းလဲနေတဲ့အထဲမှာ မပြောင်းမလဲ ပါရှိနေရမယ့် စံနှုန်းက အမှန်တရား (Truth)၊ တရားမျှတမှု(Justice)နဲ့ တန်းတူညီမျှမှု (Fair and Equality) တို့ပဲ ဖြစ်ပါတယ်။
နားလည်မှုကို လူမှုဆက်ဆံရေး နယ်ပယ်ထဲမှာ အသုံးချစရာအဖြစ် အသုံးချခြင်းကို နားလည်မှုယူခြင်းလို့ဆိုသော် ရမယ်ထင်ပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု လက်မှတ်ရေးထိုးချုပ်ဆိုတဲ့ နားလည်မှုစာချွန်လွှာ (Memorandum of Understanding-MoU) နဲ့ ရောထွေးမမှားစေလိုပါ။
လူမှုဆက်ဆံရေးမှာသုံးတဲ့ နားလည်မှုယူခြင်းက လာဘ်ပေးလာဘ်ယူလုပ်ခြင်း နည်းတစ်နည်း ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်ရှိသူထံ ချဉ်းကပ်ရာမှာ တရားနည်းလမ်းတကျ မချဉ်းကပ်ဘဲ နားလည်မှုယူ ချဉ်းကပ်ခြင်းဟာ ဥပဒေကို ဖောက်ဖျက်ရာ ကျပါတယ်။ အများနည်းတူ ဥပဒေကပေးလာတဲ့ အခွင့်အရေးထက် ကျော်လွန်ပြီး နားလည်မှုယူတာဟာ မြန်မာမှုနယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် တွင်တွင်ကျယ်ကျယ် ပြုကျင့်နေကြပါတယ်။
ဝန်ကြီးဌာနများ လက်အောက်မှ ဦးစီးဌာနများ၊ ရုံးများ၊ ကျောင်းများနဲ့ အဆောက်အအုံများ ဆောက်လုပ်ရေးအတွက် နိုင်ငံပိုင် သတင်းစာများမှ တင်ဒါခေါ်ကြတာ မကြာခဏ တွေ့ရပါတယ်။ တင်ဒါစည်းမျဉ်း၊ ဈေးနှုန်းတို့၊ လုပ်နည်းလုပ်ဟန်တို့ကို လုပ်ငန်းရှင်များကို အပြိုင်အဆိုင် လျှို့ဝှက်ပြီး လျှောက်လွှာတင်ရပါတယ်။ စင်စစ် တင်ဒါရွေးချယ်ရေးအဖွဲ့ ရှေ့မှာသာ တရားဝင်ဖွင့်ဖောက်ပြီး အနည်းဆုံး အဆိုပြုသူကို အများသဘောတူညီချက်နဲ့အညီ ဥပဒေနဲ့အညီ ရွေးချယ်ရပါတယ်။ လုပ်ငန်းရှင်အချို့က တင်ဒါရွေးချယ်မှု ပုဂ္ဂိုလ်အချို့နဲ့ နားလည်မှုယူထားပြီး ဖြစ်တဲ့အတွက် အနည်းဆုံးဈေးကို အစည်းအဝေးမတိုင်မီ သိလိုက်ရပါတယ်။ ဒီလိုနဲ့ နားလည်မှုယူထားတဲ့ လုပ်ငန်းရှင်က သူ့ရဲ့ဈေးနှုန်းကို အချိန်မီပြင်ဆင်ပြီး ပြန်တင်ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ဈေးနှုန်းက အနိမ့်ဆုံးဖြစ်လေတော့ သူပဲတင်ဒါအောင်ပါတယ်။
ဥပဒေက မည်သို့ပင်ဆိုစေကာမူ နားလည်မှု လက်တစ်လုံးခြားနဲ့ ဥပဒေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ တကယ်ဆို ဒီလိုနားလည်မှုနဲ့ တင်ဒါအောင်သွားတယ်ဆိုတာ လုပ်ငန်းရှင် အသိုင်းအ၀ိုင်းအတွင်းမှာ တစ်နေ့မဟုတ်တစ်နေ့ သိကုန်ကြတာပါပဲ။ သိလည်းသိနေကြလို့ တင်ဒါစနစ်မှာ လာဘ်စားတယ်၊ လာဘ်ပေးတယ်ဆိုတာ မပြောချင်လို့ကြည့်နေတာ ကြာပြီဆိုပါတော့။ သူတို့ချင်းက နားလည်မှုရှိတာကိုး။
တစ်ခါက အသေးအမွှား ဖြစ်ရပ်လေးလို့ ယူဆရတဲ့ အဖြစ်အပျက်လေးတစ်ခု တင်ပြချင်ပါတယ်။ မြို့နယ်တစ်ခုထဲက လမ်းကြားလေးတစ်ခုမှာပါ။ လမ်းက တော်တော်လေး ကျဉ်းပါတယ်။ မြေအုတ်လမ်းလေးပါ။ အဲဒီတုန်းက one-way တစ်လမ်းမောင်း လုပ်ထားတာပါ။ ကွန်ကရစ်ခင်းလိုက်လို့လမ်းက ပြေပြစ်သွားပေမယ့် ကျဉ်းမြဲကျဉ်းဆဲပါပဲ။ တစ်လမ်းမောင်းဆိုင်းဘုတ်လည်း ပြန်မစိုက်ဖြစ်ဘဲ ပျောက်သွားပြီး နှစ်လမ်းမောင်းဖြစ်သွားပါတယ်။ တစ်ရက် အချိန်နောက်ကျနေတာကြောင့် တက္ကစီငှားစီးပါတယ်။ တက္ကစီသမားက အဲဒီလမ်းကျဉ်းထဲက ဖြတ်မောင်းပါတယ်။ စီးနေတဲ့ တက္ကစီရဲ့ရှေ့မှာ ကားလေးစီး ရပ်နေပါတယ်။ ၁၅ မိနစ်လောက် ကြာတဲ့အထိ ကားကမရွေ့သေးပါဘူး။ ဒါနဲ့ တက္ကစီမောင်းသူက ကားထဲပြန်ဝင်ထိုင်လိုက်ပါတယ်။ “အရင် ဒီလမ်းကို တစ်လမ်းမောင်းလုပ်ထားတာ အဲဒီတုန်းက ဘာပြဿနာမှ မရှိခဲ့ဘူး” “ဒါကဗျာ နားလည်မှု မရှိကြလို့ပါ။ နားလည်မှုရှိရင် ပြေလည်ပါတယ်” အဲဒီနေ့က နားလည်မှု မရှိကြလို့လား မသိပါဘူး။ အကြီးအကျယ် ရိုက်ပွဲတွေနဲ့ ပြီးဆုံးသွားပါတယ်။ ကျွန်တော့်တက္ကစီလည်း နောက်ပြန်ဆုတ်ပြီး အခြားလမ်းက သွားခဲ့ရပါတယ်။ နားလည်မှုကို ဘာနဲ့တိုင်းတာမှာလဲ။ ဘယ်လိုသတ်မှတ်ကြမှာလဲ။
နားလည်မှု (Understanding)
နားလည်မှုဆိုတာ သာမန်အားဖြင့် ကြားကောင်း၊ ပြောကောင်း၊ နားထောင်ကောင်းတဲ့ ဝေါဟာရပါ။ နားလည်မှုရှိတယ် ဆိုတာဟာ လူတစ်ဦးရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားမှုအဆင့် ဖြစ်ပါတယ်။ အချို့က နားလည်မှုပေးတတ်တဲ့ သည်းခံနိုင်စွမ်း (Tolerance) များများရှိနိုင်ပေမယ့် အချို့က ဆတ်ဆတ်ထိမခံ (Sensitive) တုံ့ပြန်တတ်ကြပါတယ်။ စိတ်ခံစားချက်ဖြစ်လို့ တစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံ ပူးပေါင်းဆောင်ရွက်ရာမှာ နားလည်မှုစံနှုန်းတွေ မတူညီမှုကြောင့် တစ်ကြောင်း၊ မူဘောင်စည်းကမ်း သတ်သတ်မှတ်မှတ် မရှိမှုကြောင့် တစ်ကြောင်း၊ နားလည်မှုကို လိုသလို ချုံ့၊ လိုသလို ဆွဲဆန့်ကြရာက ပြဿနာတွေ ဖြစ်ပွားလာပါတယ်။ ဒါကြောင့် နားလည်မှုဆိုတာ အထက်က ဖော်ပြခဲ့သလို ဥပဒေရဲ့ စံနှုန်းဖြစ်တဲ့ တရားမျှတမှုနဲ့ တန်းတူညီမျှမှုတွေကို ပျက်စီးစေပါတယ်။
နားလည်မှုရှိတယ်။ နားလည်မှုယူတယ်။ နားလည်မှုပေးတယ်ဆိုတာ လူမှုရေးကိစ္စများမှာသာ ထားရှိရမှာပါ။ ဒါသည်ပင်လျှင် သုံးနှစ်သုံးမိုး ချစ်ကြိုက်လို့ လက်ထပ်ကြတဲ့ ချစ်သူတွေတောင် လက်ထပ်စာချုပ် လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ နားလည်မှုဟာ အချိန်မရွေး လွဲချော်သွားနိုင်လို့ပါပဲ။
ဥပဒေကို တိတိကျကျ လိုက်နာပါ
မြန်မာနိုင်ငံမှာ ဥပဒေမရှိတာ မဟုတ်ပါဘူး။ ဥပဒေကို ထိထိရောက်ရောက် မသုံးကြဘဲ လိုအပ်မှ ထုတ်သုံးတတ်ကြပါတယ်။ ဥပဒေကို ထုတ်ပြန်သူ၊ ဥပဒေကို ကြပ်မတ်ထိန်းကျောင်းသူ၊ ဥပဒေကို လိုက်နာသူ၊ ဘယ်သူကမှ တိတိကျကျ လိုက်နာခြင်း မရှိကြပါဘူး။ နားလည်မှုယူတယ်ဆိုတာ ဥပဒေကို မသိမသာ ချိုးဖောက်နေကြပါတယ်။
လူကူးမျဉ်းကျားတွေ ရန်ကုန်မြို့ ကတ္တရာလမ်းမတွေပေါ်မှာ ၀ါထိန်နေတာ အထင်အရှား တွေ့နေရပါတယ်။ ခရီးသွားတွေကလည်း လူကူးမျဉ်းကျားက တကူးတက စနစ်တကျ မကူးကြပါဘူး။ မျဉ်းကျားကကူးလို့ ဘယ်ကားမှ (ယာဉ်ထိန်းရဲကား အပါအ၀င်) ရပ်မပေးကြပါဘူး။ ယာဉ်မောင်းသူတွေကလည်း မျဉ်းကျားဆို ဖြတ်ကူးသူရှိရင် ရပ်ပေးရမယ် သို့မဟုတ် အရှိန်လျှော့ပေးရမယ်ဆိုတဲ့ အသိမရှိပါဘူး။ ဖြတ်ကူးသူတွေ့ရင် ရပ်ပေးရမှာစိုးလို့ အရှိန်ပိုတင်ပြီး မောင်းကြပါတယ်။ ဘယ်ယာဉ်ထိန်းရဲမှ ထိန်းသိမ်းကြပ်မတ်ခြင်း မပြုပါဘူး။ May i help you. လို့ ရဲတွေက ပြောတာပဲ။
ဥပဒေကို တိတိကျကျ လိုက်နာကြဖို့ ဥပဒေထုတ်သူများက တိုက်တွန်းဆော်သြ ကြပါတယ်။ တကယ်တမ်း ဥပဒေကို ဖောက်ဖျက်သူ အများစုဟာ ဥပဒေထုတ်သူများ ဖြစ်နေပါတယ်။ ဥပဒေထုတ်သူများက သူဦးတည်တဲ့အုပ်စု (Target Group) အတွက် ရေးဆွဲထုတ်ပြန်လိုက်ချိန်မှာ သူကိုယ်တိုင် ပါဝင်ပတ်သက်နေတာကို မေ့လျော့နေကြပါတယ်။ ဒါမှမဟုတ် ဒီဥပဒေက သူတို့အတွက်ထုတ်တာ၊ ငါ့အတွက်ထုတ်တာလို့ မှတ်ယူပုံ မရပါဘူး။ ဒါမှမဟုတ်သေးရင် ဥပဒေထုတ်သူက ဥပဒေကို ကျွမ်းကျင်ပါးနပ်လွန်းပြီး ဘယ်လိုကျူးလွန်ရင် ဥပဒေနဲ့ မငြိစွန်းဘူးဆိုတာ သိနေလို့လည်း ဖြစ်မှာပါ။
ဘာပဲဖြစ်ဖြစ် ဥပဒေ အထုတ်ခံရသူက ပြစ်မှုကိုကြောက်လို့ တရားသဖြင့် ဥပဒေကို လိုက်နာကြတာ များပါတယ်။ တကယ်ကျူးလွန် ဥပဒေချိုးဖောက်နေကြတာက ဥပဒေကို ရေးဆွဲသူ၊ ဥပဒေကိုင်တွယ် စီမံခွင့်ရထားသူတွေသာ ဖြစ်နေပါတယ်။ ဒါကြောင့် ဥပဒေကို အခြေပြု တည်ဆောက်ထားတဲ့ တရားရုံးတွေမှာ ဥပဒေဖောက်ဖျက်သူတွေ စုဝေးနေကြတာ ဖြစ်ပါတယ်။ ဖောက်ဖျက်ရာမှာလည်း ငွေ၊ ရာထူး၊ အရှိန်အာဏာ အကြောင်းပြပြီး လာဘ်ပေးလာဘ်ယူတဲ့ နည်းလမ်းတွေက ဖော်ထုတ်တားမြစ်ရ လွယ်ပေမယ့် နားလည်မှုယူပြီး ကျူးလွန်တဲ့နည်းလမ်းက ဖော်ထုတ်ရခက်ပါတယ်။
နားလည်မှုဆိုတာ လူ့ယဉ်ကျေးမှုကို တလွဲသုံးတဲ့နည်းလည်း တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် လူ့ယဉ်ကျေးမှု မြင့်မားလာတဲ့ လူ့အဖွဲ့အစည်းမှာ ဥပဒေမှတစ်ပါး တခြားတလွဲ နည်းလမ်းများကို မသုံးစွဲကြဖို့ လိုပါတယ်။
ဂါရ၀ကို အကြောင်းပြု လာဘ်ပေးတာ၊ လာဘ်ယူတာ၊ နားလည်မှုကို အကြောင်းပြု လာဘ်ပေးတာ၊ လာဘ်ယူတာ။ ဥပဒေကို ချိုးဖောက်တာဖြစ်ပြီး လူတို့ရဲ့ အကျင့်စာရိတ္တရော၊ ဂုဏ်သိက္ခာရော လူ့အဖွဲ့အစည်းရဲ့ အဆင့်အတန်းရော ယဉ်ကျေးမှုတွေကိုပါ သွယ်ဝိုက်စော်ကားနေတယ်လို့ ခံစားမိရပါတယ်။ ဒါကြောင့် ဥပဒေကို ပျက်စီးစေမယ့် နားလည်မှုတွေ ယူနေမယ့်အစား တိုင်းပြည်အကျိုးဖြစ်ထွန်းမယ့် နားလည်မှုကို တည်ဆောက်ကြပြီး တိကျမှန်ကန်တဲ့ဥပဒေ ပေါ်ထွန်းရေးအတွက် ၀ိုင်းဝန်းနားလည်လိုက်ကြရအောင်လို့ တိုက်တွန်းလိုက်ပါရစေ။
Eleven Media Group