ထိုင်းသင်္ဘောတွင် သွားလုပ်သည့် မြန်မာနှစ်ဦး အီရန် သင်္ဘောပေါ် အပို့ခံရဟုဆို

ပို့စ်တင်ချိန် - 3/15/2014 12:57:00 PM


ရန်ကုန်၊ မတ် ၁၄

ထိုင်းနိုင်ငံရှိ သင်္ဘောပေါ်တွင် အလုပ်သင် စက်ခန်း အရာရှိအဖြစ် သွားရောက် လုပ်ကိုင်သည့် မြန်မာသင်္ဘောသား နှစ်ဦး ထိုင်းသင်္ဘောတွင် လုပ်ကိုင်ရခြင်း မရှိဘဲ အီရန်နိုင်ငံရှိ သင်္ဘောပေါ်တွင်သာ လုပ်ကိုင်ခဲ့ရကြောင်း ကာယကံရှင် နှစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်ရှိ မြန်မာ့ ပင်လယ်ရေကြောင်း အလုပ်သမား အဖွဲ့ချုပ် (MMWF) ရုံးခန်းတွင် မတ်လ ၁၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါ သင်္ဘောသား နှစ်ဦးက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

သင်္ဘောတက်ခွင့် ရရှိရန် M.S MARINE Company နှင့် ချိတ်ဆက် လုပ်ကိုင်ခဲ့ပြီး ယင်းကုမ္ပဏီက ထိုင်းသင်္ဘောပေါ်တွင် လုပ်ကိုင်ရမည်ဟု ပြောဆိုခဲ့ပြီး သွားရောက် လုပ်ကိုင်ရသည့် အခါ ထိုင်းသင်္ဘောတွင် မဟုတ်ဘဲ အီရန်နိုင်ငံရှိ သင်္ဘောပေါ်တွင် လုပ်ကိုင်ခဲ့ရကြောင်း၊ အလုပ်နှစ်လ လုပ်ကိုင်ခဲ့ရသော်လည်း လုပ်အားခ မရရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

သင်္ဘောတွင် လုပ်ကိုင်ခွင့် ရရှိရန် M.S MARINE Company ကုမ္ပဏီကို ကျပ် ၃၄ သိန်း ပေးခဲ့ရပြီး အလုပ် ဆက်မလုပ်လို၍ ပြန်လာသည့် အခါတွင် အမေရိကန်ဒေါ်လာ ၅၀၀ ထပ်မံ ကုန်ကျခဲ့ကြောင်း၊ M.S MARINE Company ကုမ္ပဏီက နှစ်လ လုပ်ကိုင်ခဲ့သည့် အတွက် လုပ်အားခဟု ဆိုကာ တစ်ဦးကို ဒေါ်လာ ၂၅၀ စီ ပြန်ပေးကြောင်း ကာယကံရှင် သင်္ဘောသား နှစ်ဦးက ဆိုသည်။

အဆိုပါ သင်္ဘောသား နှစ်ဦးကို ထိုင်းသင်္ဘောတွင် လုပ်ကိုင်ရမည်ဟု ပြောဆိုခဲ့ခြင်း မရှိဘဲ အီရန် သင်္ဘောပေါ်တွင် သွားရောက် လုပ်ကိုင်ရမည်ဟု တရားဝင် ပြောဆိုကာ စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အီရန်နိုင်ငံရှိ သင်္ဘောများပေါ်တွင် သင်္ဘောသား ၄၀ ကျော် အလုပ် လုပ်ကိုင်လျက် ရှိကြောင်း Sea Light ကုမ္ပဏီ၏ ကိုယ်စားလှယ် (သင်္ဘောသား အဆိုအရ M.S MARINE ကုမ္ပဏီပိုင်ရှင်) ဦးသက်ခိုင်ဦးက ချေပသည်။

“သူတို့ရဲ့ ကျန်းမာရေး အခြေအနေ၊ ဆက်လက် လုပ်ကိုင်လိုတဲ့ ဆန္ဒ မရှိတဲ့ အတွက်ကြောင့် ပြန်ဆင်းလာကြတာ။ မိဘတွေက ပြန်ခေါ်ပေးဖို့ ပြောတဲ့ အတွက် ပြန်လို့ရအောင် လုပ်ပေးခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ သင်္ဘောသား နှစ်ဦးသည် သက်တမ်း မပြည့်ဘဲ ပြန်လာသဖြင့် ယင်းနေရာတွင် လူအစားထိုးပေးရန် စရိတ်ကုန်ကျ ခံခဲ့ရကြောင်း ဦးသက်ခိုင်ဦးက ထပ်မံ ပြောကြားသည်။

သင်္ဘောတွင် အလုပ် လုပ်ကိုင်ရန် ကုန်ကျခဲ့သည် စရိတ်များ ပြန်လည် ရရှိရေးအတွက် သက်ဆိုင်ရာဌာန၊ တာဝန်ရှိ ပုဂ္ဂိုလ် အသီးသီးကို တင်ပြထားကြောင်း၊ တရားဝင် လိုင်စင်မရှိဘဲ သင်္ဘောသားများကို လိမ်လည်နေသူများ ပပျောက်ရေး အတွက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း MMWF ၏ တွဲဖက် အထွေထွေ အတွင်းရေမှူး ဦးရဲဝင်းထွန်းက ပြောကြားသည်။

The Voice Weekly