လှံဖျားနားသည့် ပုစဉ်းနှင့် ဖင်ကျိန်းနေသော ကျီးကန်း

ပို့စ်တင်ချိန် - 3/09/2014 08:40:00 PM



တပ်ခ်....
မာမီအန်းကုံး တောက်ခေါက်လိုက်ခြင်း ဖြစ်သည်။
လျှာလိမ်နေသဖြင့် တောက် ... ဟု မမြည်ဘဲ တပ်ခ်ဟု မြည်ခြင်း ဖြစ်သည်။

စိတ်နာနေသည်။
စိတ်ရှိလက်ရှိ ဝုန်းပလိုက်ချင်သည်။ ဒီလောက် တစ်သက်လုံး ဖလန်းဖလန်းထပြီး သူငယ်တွေ ထောင်လာတာ မနည်းမနော။ အခုတောင် သူငယ်သုံးကောင်က အဆင်သင့်။ အခုတော့ သူများ လက်ဦးသွားပြီ။ မြန်မာ့ပထမဆုံး ဆိုသည့် ဂုဏ်ပုဒ်ကို မရနိုင်တော့။
မျိုးမင်းထက်နှင့် တင်ကိုကိုတို့က မြန်မာ့ပထမဆုံး ဖြစ်သွားပြီ။

ကြားကြလိမ့်မည်။ လိင်တူချစ်သူ နှစ်ဦး မင်္ဂလာဆောင်သည့် သတင်းကို။

တကယ်ဆို ကိုယ်က အရင်လုပ်ရင် ကိုယ်က နာမည်ကြီးမည်။ ဂျာနယ်တွေ၊ သတင်းစာတွေမှာ မျက်နှာဖုံးတွေ အဖြစ် ပါလာမည်။ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို လက်လွှတ်လိုက်ရပြီ။ အမှန်တကယ် ဆိုလျှင် ကိုယ်နှင့် မင်္ဂလာဆောင်မည့် သူငယ်တွေ အပုံကြီး ရှိသည်။ ကိုယ်က အများကြီး အမ်းထားတာပဲ။

တကယ်တော့ မိမိသရမ်းမှုကြောင့် ဖြစ်သည်။ ဘယ်တော့မှ ငြိမ်ငြိမ်မနေချင်။ စပ်စလူး ထချင်သည်။ ဖလန်းချင်သည်။ ငယ်သေးသည်။ လူအများကြီးနှင့် တွေ့ဖူးချင်သည်။ အကိတ်ကြီးတွေနဲ့လည်း ဆုံဖူးချင်သည်။ ဒါကြောင့် တစ်ယောက်တည်းကို အတည်တကျ မယူထားခြင်း ဖြစ်သည်။

ဒီလို မယူတာတောင် သူငယ်တွေက အတင်းလိုက်ကပ် နေသဖြင့် ခါချနေရသည်။ ကိုယ်က ပိုးစိုးပက်စက် အမ်းတာကိုး။

သူတို့တစ်တွေ အခုလို မင်္ဂလာဆောင်လိုက်တော့ အများကြီးနဲ့ကဲလို့ ဘယ်ရပါတော့မလဲ။ သူတို့လုပ်မှ ကိုယ်တွေရဲ့ သူ့လင်ကိုယ်ယူ၊ ကိုယ့်လင်သူပေးနဲ့ လင်အငှားချ စနစ်ကြီးတောင် ပျက်လာဖို့ ရှိသည်။

ကိုယ့်မလဲ ပြောလိုက်ရင် အမ်းတယ်ဆိုတဲ့ စကားက သိပ်ပါတာ။ ဒါကြောင့်လည်း ကိုယ့်ကို အန်းကုံးလို့ ခေါ်တာလေ။ ဟိဟိ။
သြော်.. ဘာပဲဖြစ်ဖြစ် ကိုယ်တို့လို ဘဝတူ လိင်တူ ချစ်သူချင်း ယူတာ ဆိုတော့လည်း အားပေးရမှာပေါ့။

ကိုယ်တွေက အချင်းချင်း ဝုန်းတယ် ဆိုပေမယ့် အခြား လူ့အဖွဲ့အစည်းတွေ ထက်တော့ စည်းရုံးသည်။ မစည်းရုံးလို့လည်း ဘယ်ရမလဲ။ လူတွေက သိတဲ့အတိုင်း ကိုယ်တွေဆိုရင် ရွံ့သလိုလို၊ မုန်းသလိုလိုနဲ့ နားလည်မှုကို မပေးကြ။

နှိမ်လည်း နှိမ်သေး။ ဒီလို အကြင်နာ တရားမရှိတဲ့ လူတွေကြားများ ကိုယ်တွေ အချင်းချင်း ရန်တွေ ဖြစ်ပေမယ့် အရေးအကြောင်း ဆိုရင်တော့ စည်းရုံးတာပဲ။
၆ ကွဲရင် ၇ ဆွဲသွားမှာပေါ့။

အဲဒီနေ့ကတော့ သွားချင်ပေမယ့် မသွားလိုက်ရပေ။ အွန်လိုင်းပေါ်ကလည်း အားပေးသည်။ ချီးလည်း ချီးကျူးလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူတို့ အခုလို နှစ်ပတ်လည်ပွဲ လုပ်လိုက်တာလည်း ကောင်းသည်။ သည်မင်္ဂလာပွဲပြီးမှ ကိုယ်တောင် ရပ်ကွက်ထဲ မျက်နှာ ပွင့်နေသလိုလို။ ဟိုလူက ပြုံးပြ ဒီလူက ပြုံးပြနဲ့။ ဟိဟိ။ ကိုယ်တွေရဲ့ အခွင့်အရေးကို အရယူ လိုက်သလိုပါပဲ။ နောက်လည်း ဒါမျိုး များများ ဖြစ်လာမယ်လို့ တွေးပြီ။ ကိုယ့်လောကကြီး အတွက် ခြေလှမ်းသစ်ပဲ။
အဲဒီ နှစ်ယောက်နဲ့ မြှောက်ပေးတဲ့ လူတွေကို ကျေးဇူးတင်ရမည်။

စဉ်းစားမိတော့လည်း ဒီလိုလုပ်ဖို့ သိပ်လွယ်တာ မဟုတ်။ သိတဲ့အတိုင်း ပုဒ်မ ၃၇၇ ဆိုတာ ရှိသေးတယ် မဟုတ်လား။ ထောင်ဆယ်နှစ်ကနေ တစ်သက်တစ်ကျွန်း ဆိုပဲ။

မင်္ဂလာပွဲပြီးတော့ ဝေဖန်သံတွေ ကျွတ်ကျွတ်စီအောင် ထွက်လာသည်။
ဥပဒေကို မထီမဲ့မြင် လုပ်တာလား၊ မြန်မာ့ယဉ်ကျေးမှုကို မလိုက်နာတာလား၊ ဘာသာတရားကို စော်ကားတာလား စသည်ဖြင့်။

သည်လိုမျိုး လက်မခံနိုင်တဲ့ လူတွေကတော့ ကိုယ်တွေကို မုန်းတီး ကြောက်ရွံ့နေသည့် ဟိုမိုဖိုးဘီးယားတွေ ဖြစ်ဖို့ရှိသည်။ ဒါတွေကလည်း သူတို့ကို အပြစ်ပြောလို့မရ။

ခေတ်အဆက်ဆက် နောက်ကျခဲ့တဲ့ တိုင်းပြည်မှာ နေကြတာမို့ ကိုယ်တွေကို ဘယ်နားလည် ပေးပါဦးမလဲ။ ဟိုးအမေရိကနဲ့ ဥရောပ တိုင်းပြည်တွေ မှာတော့ လိင်တူချစ်သူ အခွင့်အရေးတွေ ရနေပြီလေ။ ကိုယ်တွေ ဂေးတစ်ခုတည်း မဟုတ်ဘူးနော်။

ကျားကျားချင်းရော၊ မမချင်းရော အခွင့်အရေးတွေ ရနေတာကို ပြောတာ။ တိုးတက်မှုချင်း ကွာတော့ ဒီလိုပဲ ဖြစ်မှာပေါ့။

အခုတောင် သည်စုံတွဲကို တရားစွဲမှာလား၊ ဖမ်းမှာလား ဘာလား မေးနေကြသေး။ ပြောရမယ် ဆိုရင်တော့ ကျားကျားချင်း လိင်ဆက်ဆံတာ ၃၇၇ နဲ့ ငြိသလို။ ကျားနဲ့ မလည်း သဘာဝ မဟုတ်တဲ့ (ပါးစပ်၊ စအို) တို့နဲ့ လိင်ဆက်ဆံရင် ၃၇၇ နဲ့ ငြိတာပဲလေ။ ဒါကြောင့် ၃၇၇ နဲ့ မဖမ်းဘူးလားလို့ မေးသောသူလည်း ကိုယ်တိုင် ၃၇၇ နဲ့ လွတ်ရဲ့လားလို့ ဆန်းစစ်ဖို့ လိုသည်။ အကြံပေးခြင်း ဖြစ်ပါသည်။

နောက်ပြီး အမှုဖွင့်တာ၊ တရားစွဲတာက တိုင်တဲ့လူ ရှိဦးမှ။ သက်သေကလည်း လိုသေးသည်။ ကိုယ့်ဘာသာကိုယ် ကျေနပ်လို့ ကိုယ့်ချစ်သူနဲ့ ကိုယ်ဆက်ဆံရေး တည်ဆောက်တာ ဘယ်သူ့ကိုမှ တိုင်နေမည်မဟုတ်။

တကယ်တော့လည်း ဒါတွေကို လိုက်ပြောနေလို့လည်း အပိုပဲဖြစ်သည်။ မာမီသံပြောတဲ့ စကားအတိုင်း လိုက်ပြောရရင် “လှံဖျားမှာ နားနေတဲ့ ပုစဉ်းကို ကျီးကန်းက ကြည့်ပြီး ဖင်ကျိန်းနေခြင်း” ဖြစ်သည်။

အချို့ ယောက်ျားလေးများ ကတော့ ဖြေတွေးကြသည်။ ကျားကျားယူတော့ ပြိုင်ဘက်နှစ်ယောက် လျော့ဟု ပြောကြသည်။
အချို့ မိန်းကလေးတွေ ကတော့ သူတို့ ချစ်သူတွေကို ကျေနပ်ကြမည် မဟုတ်။ သားလေး တစ်ယောက်၏ ကောင်မလေး ဆိုလျှင် သားလေးကို “ဟို ၆ မတွေတောင် နှစ်ပတ်လည် လုပ်တာ နင်က ငါ့ကို အခုထိ တရားဝင် မယူနိုင်သေးဘူးလား” တဲ့။ အချို့ မိန်းကလေးများ ကလည်း သူတို့ ချစ်သူ ၆ မနှင့် ယူသွားမည်ကို စိုးရိမ်နေကြပြန်သည်။

၆ မတွေက သူများ ချစ်ခြင်းကို မခွဲ။ ၆ မတွေရဲ့ ချစ်ခြင်းကိုပဲ သူများတွေ ခွဲခြင်း ဖြစ်သည်။

အချို့ကလည်း မာမီတို့ကို ဝဋ်ကြွေးပါလို့ပဲ ဖြစ်သလိုလို၊ စိတ်ရောဂါပဲ ဖြစ်သလိုလို ပြောကြသည်။
ဟိုလွှတ်တော် ဥက္ကဋ္ဌကြီး စကား ငှားသုံးရလျှင်တော့ “တော်ရုံ ဝဋ်ကြွေးနဲ့ ၆ မ ဖြစ်ဘူးဟေ့..” လို့သာ ကြွေးကြော်လိုက်ချင်သည်။ ကိုယ့်ဘာသာကို ၆ မ ဖြစ်တာ မနာလိုကြတာ။

စိတ်ရောဂါလား ဆိုတော့ ၁၉၉၁ ခုနှစ်ကတော့ ၆ မတွေကို စိတ်ရောဂါ ဖြစ်နေသူ အဖြစ် သတ်မှတ်သည်။ ၁၉၉၁ မေလ ၁၇ ရက်မှာတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး ကိုယ်တိုင်က လိင်တူချစ်ခြင်းသည် စိတ်ရောဂါ မဟုတ်ဟု ပြောင်းလဲ သတ်မှတ်ခဲ့ပြီ ဖြစ်သည်။

၆ မများလည်း လူပဲဖြစ်သည်။ အချင်းချင်း ချစ်ခင် ယုယခြင်းကို လူတိုင်း လိုချင်သည်။ သူငယ်ချင်းလို့ ညီအစ်ကိုလိုလည်း ချစ်သည်။ ဒါတွေကို နားလည်ပေးဖို့ လိုသည် ...။

စာလည်းရှည်ပြီ။ ကိုယ့်ဘဝနဲ့ ကိုယ် ၆ မ ဖြစ်လာပြီးပြီ။ သူ့ဘာသာသူ မွေးကတည်း ဖြစ်လာသည့် ဗီဇကို ပြင်လို့လည်း မရ။ ဒါကြောင့် နားလည်ပေးဖို့သာ ပြောချင်တော့သည်။ ကဲ့ရဲ့နိုင်သည်။ ဝေဖန်နိုင်သည်။ ရှုတ်ချနိုင်သည်။

လိင်ကွဲချစ်တဲ့
စိုပြေ (သံချောင်းပါတီ)]

The Voice Weekly