ကျွန်တော်တို့ လိမ်တတ်လာခဲ့သည့် အကြောင်း

ပို့စ်တင်ချိန် - 3/06/2014 03:49:00 PM


(တက္ကသိုလ်ကျောင်းသား ကျောင်းသူများအား တွေ့ရစဉ်)
(Written by: မောင်စံပေါ)

(၁)
အချိန်တွေက အကုန်မြန်လိုက်တာ။ အပြန်လမ်းက အရမ်းမြန်တယ်ဆိုတဲ့ စကားပဲ လက်ခံရတော့မယ် ထင်ရဲ့။ အနှစ် ၃၀ တောင် ပြည့်ပါပကော။ ၁၉၈၃ မှာ အသက်မွေးဝမ်းကျောင်း ဘာသာရပ်တစ်ခုနဲ့ ဘွဲ့ရခဲ့တဲ့ သူငယ်ချင်းတွေ ၁၉၈၄ ဖေဖော်ဝါရီလမှာ အစိုးရအလုပ် ၀င်လုပ်ခဲ့ကြတယ်။ ၂၁၀-၃၃၀ စကေးရာထူးတစ်ခုမှာ ခန့်အပ်တာဝန်ပေးခြင်း ခံခဲ့ကြရတာပေါ့။ ဒီနေ့ခေတ် ကလေးတွေကို အဲဒီအချိန်က တစ်လစာ လာမုန့်ဖိုးပေးရင် တစ်ရက်စာတောင်မှ မရှိပေမယ့် ဆိုရှယ်လစ်ခေတ်တုန်းကတော့ အဲသလို ရာထူးတစ်နေရာ ရဖို့ဆိုတာ လွယ်သဟာမှတ်လို့။

(၂)
“ကျောင်းပြီးဘွဲ့ရတာနဲ့ အလုပ်ချက်ချင်းရတာ ဆရာတို့ဘာသာရပ် တစ်ခုပဲ ရှိတော့တယ်လို့ ပြောရင်တောင် ရမယ်ထင်တယ်ကွ။ ကျန်တဲ့ဘာသာရပ်တွေက လူများတာကိုး။ အဲဒီတော့ အလုပ်ဝင်ခွင့်စာမေးပွဲ ဖြေရတာ လူတွေ့စစ်တာ ရှိတာပေါ့ကွာ။ ဆရာတို့ဆီမှာက လူနည်းတော့ အလုပ်က ချက်ချင်းပေးနိုင်သေးသကွ။ ဒါတောင်မှ ဆရာတို့တုန်းကဆို ၀န်ထောက်တန်းဖြစ်ခဲ့တာ”

“အဲဒီတော့ကွာ အလုပ်ထဲရောက်ပြီဆိုရင် အသိတရားရှိကြ။ သတိတရားရှိကြ။ မိုးခါးရေဆိုတာမျိုး ကံဆိုးစွာကြုံရမယ့် တပည့်တွေလည်း ရှိကောင်းရှိလိမ့်မယ်။ မလွှဲမရှောင်သာ အများသောက်လို့ သောက်ရပါတယ်ဆိုပြီး သောက်ရင်းကနေ ကြိုက်သွားတတ်တယ်။ အရမ်းကြိုက်သွားလို့ မတရားသောက်မိရင် ဒုက္ခဖြစ်မယ်။ မိုးခါးရေကနေ သောက်လေသောက်လေ ငတ်မပြေတဲ့ ပင်လယ်ရေ ဖြစ်သွားတတ်တယ်”

“ဖြတ်လမ်းနည်းနဲ့ ကြီးပွားချမ်းသာချင်တယ်ဆိုတဲ့စိတ်ဟာ မူမှန်စိတ် မဟုတ်ဘူး။ ကောင်းတဲ့စိတ် မဟုတ်ဘူး။ ဖြတ်လမ်းကနေ ထိပ်တန်းရောက်ချင်တဲ့လူတွေ များလာပြီဆိုရင် အဲဒီတိုင်းပြည် ပျက်ပြီသာမှတ်။ ကြပ်ကြပ်သတိထား”

ဆရာဦးထွန်းလှ ဆိုဆုံးမခဲ့တဲ့ စကားတချို့ပါ။ ကျောင်းမပြီးခင် နောက်ဆုံးနှစ် ပညာသင်စဉ် ကတည်းက ပြင်ပ၀င်ငွေကောင်းတဲ့ နေရာတွေ၊ ရပေါက်ရလမ်းချောင်တဲ့ ဒေသတွေကို စုံစမ်းနေခဲ့ကြတဲ့ တပည့်တစ်ဦးစ နှစ်ဦးစကိုပါ သတိပေးစကား ပြောကြားခဲ့သေးတယ်။ သူပြောသလို သူလုပ်တဲ့ဆရာ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဘ၀ကနေ ပင်စင်ယူချိန်မှာ စုဆောင်းသိမ်းဆည်းထားတာ ဘာမှလက်ထဲမှာ မရှိခဲ့ပါ။ ပတ်ဘလစ်ကာ ကားစုတ်လေးတစ်စီးနဲ့ မြေးကိုကျောင်းကြို ကျောင်းပို့လုပ်ရင်း တရားဘာဝနာ ပွားများရင်း ဘ၀ရဲ့ နေ၀င်ချိန်တွေကို ရိုးရှင်းအေးချမ်းစွာ ဖြတ်သန်းခဲ့တယ်။ ကင်ဆာရောဂါဝေဒနာ ဖိစီးမှုကို မတုန်မလှုပ်ခံယူပြီး သေခြင်းတရားကို ရင်ဆိုင်ခဲ့တယ်။

(၃)
“ငါအလုပ်ထဲရောက်တော့ ပထမဦးဆုံး ရင်ဆိုင်ရတာက လက်အောက်အမှုထမ်းတွေကွ။ တောထဲတောင်ထဲ နေချင်သလိုနေ၊ လုပ်ချင်သလိုလုပ်၊ စည်းမရှိကမ်းမရှိနဲ့။ နောက်ပြီး အလုပ်တစ်ခုခိုင်းလိုက်ရင် တမေ့တမောနဲ့ကွာ။ ပြီးတော့ ပြန်သတင်းပို့တာ ဘာညာမရှိဘူးကွ။ ဘာလုပ်တယ်၊ ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာ ခင်ဗျားတို့ ပြန်သတင်းပို့ရမယ်။ ဒါမှ လူကြီးလုပ်တဲ့သူ သိမှာပေါ့။ နောက်ဆိုရင် ခင်ဗျားတို့ကို နေ့တွက်ဖြတ်မယ်ဆိုပြီး ဟောက်ရပြုရတာမောင်”

“ဒီနေ့တွက်ကလေး တစ်ရက်တစ်ဆယ်ရလို့သာ စားဖြစ်တာဆရာရယ်။ နို့မို့ရင်ဒုက္ခ။ ဒါတောင်မှ သာရေး၊ နာရေးရှိရင် ကျန်းမာရေးမကောင်းရင် ငွေကမလည်တော့ဘူး။ ခက်ပါရောဆိုတဲ့ စကားမျိုးတွေ ကြားရ၊ သူတို့အခြေအနေ မြင်ရတွေ့ရတော့ မဖြတ်ရက်တော့ဘူးပေါ့ကွာ”

သူငယ်ချင်းတစ်ယောက်ကပြောတာ အလုပ်ဝင်ခါစမှာ အဆင်မပြေတာလေးတွေ ရှိပေမယ့် အနေကြာပြီး နားလည်မှုရှိလာကြတဲ့ အခါအလုပ်မှာ ပူးပေါင်းဆောင်ရွက်မှု ပိုကောင်းလာကြတယ်။

ခက်တာက အကန့်အသတ်ထဲက လုပ်ပိုင်ခွင့်တွေ၊ နေ့တွက်ရက်ဖြတ်ဖို့သာ အာဏာရှိတဲ့ ဆရာမှာလည်း ကြာလာတော့ နေ့တွက်စရိတ်တွေကို လစဉ်ရက်ပြည့်နီးပါး တင်ပေး၊ တောင်းပေးတဲ့အခြေ ရောက်လာပါရော။

(၄)
“အဲဒီ နေ့တွက်ကိစ္စပေါ့ကွာ။ ငါ့ကိုလုပ်ငန်းစစ်က ရစ်တာ။ ခင်ဗျားဆီကလူတွေ တောထဲမှာ တကယ်နေကြသလား။ အလုပ်ကော တကယ်လုပ်ကြရဲ့လားနဲ့ ငါကွာ စိတ်တိုလိုက်တာ။ ဒါပေမဲ့ ဘယ်တတ်နိုင်မှာလဲ။ သူတို့က ဒုက္ခပေးနိုင်သူဆိုတော့ ပြေရာပြေကြောင်း ပြောရရှင်းရ ဧည့်ခံရတာပေါ့ကွာ။

“ဧည့်ခံစရိတ်နဲ့ ပတ်သက်လို့ ငါပထမဦးဆုံးနှစ်မှာ ကြုံရတာပေါ့ကွာ။ လုပ်ငန်းစစ်ကို ဧည့်ခံကျွေးမွေး လက်ဆောင်ပေးရတာတွေ ပြေစာနဲ့စာရင်းနဲ့ ကျကျနနပြုစုပြီး ခွင့်ပြုချက်တောင်းတော့ ငါ့အထက်အရာရှိက ဒီအတွက် ရန်ပုံငွေ မရှိဘူးတဲ့။ အစဉ်အလာ မရှိဘူးတဲ့။ ဒါနဲ့ငါက ဒါဆိုရင် ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ ငါတို့စီနီယာ နောင်တော်ကြီးတစ်ယောက်ကိုခေါ်ပြီး ကိုဘီအေ ခင်ဗျားဂျူနီယာကို လိုတာလေးတွေ ပြပေးလိုက်ဦးဆိုပြီး အပ်ပေးလိုက်တာဗျာ”

ဒီလိုနဲ့ ဒါမျိုးဆိုရင် တခြားအလုပ်တစ်ခုကနေ ငွေဖဲ့လှည့်ပြီး စာရင်းပြောင်းပြရ၊ ရှင်းရမှန်း တတ်လာတယ်။ အမှန်အတိုင်း စာရင်းတင် အမှန်အတိုင်း စာရင်းဝင်အောင် လုပ်ချင်ပေမယ့် အခြေအနေက ဖန်တီးခဲ့တော့ လိမ်ရတော့တာပဲ။

(၅)
“အမှန်ကမှားပြီး အမှားက မှန်သွားတာတွေလည်း ကြုံရသေးသကွ။ အလုပ်သမားတွေကို လုပ်ခထုတ်ပေးတော့ ပုံစံမှာ ၁၅ ပြားတန် တံဆိပ်ခေါင်းကပ်ပြီးမှ လက်မှတ်ထိုးရတယ်လေကွာ။ လက်မှတ်တုတွေ တန်းစီထိုးထားတာကျတော့ လက်မှတ်တစ်ခုနဲ့တစ်ခု တူနေတာပေါ့ကွာ။ အဲဒါကျတော့ လုပ်ငန်းစစ်က အိုကေတယ်မောင်။ တကယ့် ကာယကံရှင် အစစ်ကိုယ်တိုင် လက်မှတ်ထိုးတဲ့ ပြေစာကျတော့ တစ်လနဲ့တစ်လ လက်မှတ်မတူလို့ဆိုပြီး ပြဿနာရှာပါရော။ နောက်ဆုံး အဲဒီလူကို ခေါ်စစ်ဆေးပြီးမှ လက်ခံသွားတာမောင်။ ဘယ့်နှယ်ကွာ ရွာမှာတောင် နေစရာမရှိလို့ တောထဲရောက်လာကြတဲ့လူတွေ လက်မှတ်ဆိုတာဝေးလို့ နာမည်တောင်မှ ညီညီညာညာ မရေးတတ်တဲ့သူတွေ အပုံကြီး” စာရင်းဖြစ်အောင် လုပ်ကြရတယ်။ ပြေစာပြည့်စုံအောင် ကြံရဖန်ရတယ်။ ဘဏ္ဍာရေးနှစ် ကုန်ခါနီးရင် လက်ကျန်ငွေတွေ လှိမ့်ထုတ်ကြပြီး အလုပ်တွေ လွှတ်လုပ်ကြတယ်။ ငွေထုတ်ဖို့ဆိုတာက ငွေအသုံးပြရမှာ။ ငွေအသုံးပြစရာ အလုပ်ကပြီးရမယ်။ ဒီတော့ ကံရာဇာငယ့် အမျိုးတွေ မြန်မာပြည်မှာ အလုံးအရင်းနဲ့ မွေးဖွားလာခဲ့တယ်ပေါ့ဗျာ။

(၆)
ငွေမထုတ်တော့ အလုပ်မလုပ်တဲ့ စာရင်းဝင်သွားခဲ့ပြီး ထုချေလွှာဖြေရ ပြုရနဲ့ နှစ်တိုးရပ်သွားခဲ့တဲ့ နောင်တော်ကြီးတစ်ဦးလည်း ရှိခဲ့ဖူးတယ်။

“ဘတ်ဂျက်ပိတ်တော့မယ်။ ခင်ဗျားပိုက်ဆံထုတ်စရာ ကျန်နေသေးတာတွေ ထုတ်လေ”

“မထုတ်ဘူး အစ်ကိုကြီး”

“မထုတ်ရင် ခင်ဗျားလုပ်ငန်း မပြီးစီးကြောင်းတွေ မှတ်တမ်းနဲ့ ကျန်သွားမှာပေါ့”

“ကျန်ပါစေ အစ်ကိုကြီးရယ်”

“ဒါဆိုရင် ခင်ဗျားကို ထုချေလွှာခေါ်မှာနော်” “ဖြေပါ့မယ် အစ်ကိုကြီး”

“ခက်တာပဲဗျာ၊ ခင်ဗျားကလည်း ခေါင်းသိပ်မာတာပဲ၊ ခင်ဗျားလုပ်ငန်းပြီးစီးမှု ရာခိုင်နှုန်းမပြည့်ရင် ကျုပ်လည်းရာခိုင်နှုန်းပြည့်မှာ မဟုတ်တော့ဘူးဗျ”

နောင်တော်ကြီးလည်း ရာခိုင်နှုန်းမပြည့်။ အစ်ကိုကြီးလည်း ရာခိုင်နှုန်းမပြည့်။ မြို့နယ်မှာလည်း ရာခိုင်နှုန်းမပြည့်။

(၇)
“အဲဒီလူကြီးပေါ့ကွာ၊ ပညာမတတ်ပေမယ့် သမာသမတ်ကျတယ်။ ရိုးဖြောင့်တယ်ဆိုပြီး ငါတို့မြို့နယ်မှာ လုပ်ငန်းစစ်ဥက္ကဋ္ဌ တင်လိုက်တာကွာ။ ဥက္ကဋ္ဌလည်းဖြစ်ရော အချိုးတွေပြောင်း၊ ကကြိုးတွေပျက်နဲ့ ငါတို့တွေလည်း သွက်သွက်လည်တော့တာဟေ့။

ဆိုးတဲ့ပတ်ဝန်းကျင်ကို ပြောင်းလဲမဟဆို ကြွေးကြော်ပြီးဝင်သွားတာ ပတ်ဝန်းကျင်ကတော့ ကောင်းမသွားဘဲ သူပဲပြောင်းလဲခဲ့တဲ့ လူတွေလည်း ရှိပါတယ်။ ရိုးဖြောင့်မှန်ကန်စွာ လုပ်ရင်းကိုင်ရင်း ဒုက္ခရောက်ခဲ့ရတဲ့ သူတွေလည်း တွေ့ခဲ့ဖူးပါတယ်။

(၈)
“ငါတို့ အရင်နှစ်ကဆင်းသွားတဲ့ နောင်တော်ကြီးကွာ။ အညာကလေကွာ။ အလုပ်ကို မှန်မှန်ကန်ကန်လုပ်တယ်။ အလုပ်သမားတွေကို လုပ်ခပြည့်ပြည့်၀၀ ရှင်းပေးတယ်။ တပည့်တွေကို ပြည့်ပြည့်၀၀ စောင့်ရှောက်တယ်။ အကုသိုလ်ဝင်ချင်တော့လည်း မှန်တာလုပ်ဟုတ်တာပြောရင်းနဲ့ ဒုက္ခရောက်ရတာ”

“ဖြစ်ပုံက ဒီလိုကွာ။ သူ့အမှုထမ်းတွေအတွက် ပေးစရာ ဆန်မရှိဘူး။ ရှိတာက စီမံကိန်းဆန်။ အလုပ်အတွက်ပေးတာ။ အဲဒါကို သူက ပွင့်ပွင့်လင်းလင်းပဲ အမှုထမ်းတွေနဲ့ အလုပ်သမားတွေကို ညီညီမျှမျှ ခွဲဝေပေးတယ်။ အဲဒါက တစ်ခု။ နောက်ဟာတွေက သူ့တပည့်တွေထဲက ငွေအလွဲသုံးစားမှု ဖြစ်တာ။ အလုပ်လုပ်ပြီး လုပ်ခရှင်းခါနီးမှာ မိန်းမက ကိုယ်ဝန်ပျက်ကျရော။ မိန်းမဆေးရုံက မဆင်းသေးဘူး။ သူကပါ ငှက်ဖျားထပြီး လုပ်ခတွေ မရှင်းနိုင်သေးဘဲ ဖြစ်သွားရာမှာ အတိုင်ခံရတာကွာ။ အဲဒီတော့ နောင်တော်ကြီးပါ ကြီးကြပ်ကွပ်ကဲမှု အားနည်းခြင်းဆိုတဲ့ စွဲချက်ထဲ ရောက်သွားပါရော။ တိုင်တာကလည်း တပည့်ထဲကပဲ” တကယ်လုပ်ခဲ့ပေမယ့် မျက်နှာမရဘဲ ဒုက္ခရောက်ကြရတဲ့သူတွေ ရှိနေချိန်မှာ ဘာမှမလုပ်ဘဲ အိတ်ထဲထည့်ပြီး အမြင်လှအောင်လုပ်ပြ၊ လူကြီးတွေနဲ့ အဆင်ပြေခဲ့ကြတဲ့သူတွေ တွေ့ရတတ်ပါတယ်။

(၉)
“မင်းမှတ်မိလား၊ ငါတို့က ဒီကောင့်ပုံက အူတူတူ ထူတူတူနဲ့ အလုပ်ထဲရောက်ရင်တော့ ဒုက္ခရောက်ချေရဲ့ အောက်မေ့ခဲ့တဲ့ ကောင်လေ။ အလုပ်ထဲရောက်တော့ လေထဲမှာ မြေပဲစိုက်သကွ။ လေထဲပါဆိုမှ တကယ်ဘယ်စိုက်ပါ့မလဲကွာ။ တောထဲက လူတွေကတော့ သိတာပေါ့။ ရတဲ့လခနဲ့ နေ့တွက်က လောက်ငရုံရှိတာ။ ဒါမျိုးလုပ်လို့ ကန်တော့နိုင်တာတဲ့”

ပြောသာပြောရတာပါ။ ဒီလိုမျိုး ကိုယ်ကျိုးရှာလွန်းတဲ့ လူလည်တွေဆိုတာ ခေတ်တိုင်းမှာ ရှိနိုင်တာပါ။ တစ်ခုသေချာခဲ့တာက အဲဒီခေတ်ကလူတွေ ချမ်းသာခဲ့တာ မတွေ့ဖူးတာပါပဲ။

(၁၀)
နှစ် ၃၀ ကာလအကြောင်းတွေ ပြန်ပြောင်းပြောနေကြတဲ့ သူငယ်ချင်းတစ်စုရဲ့ မျက်နှာတွေမှာ အပြုံးရိပ်တွေ ပျောက်ဆုံးနေကြတယ်။ “ငါတို့လိမ်တတ်လာခဲ့ကြတယ်။ ကိုယ်ကျင့်တရားကောင်းပြီး ရိုးဂုဏ်နဲ့ပြည့်ဝတဲ့ ဆရာတို့ကိုတွေ့ရင် လိပ်ပြာမလုံ ဖြစ်ရတယ်။ ဆရာတို့ကလည်း ပညာရှင်မာနနဲ့ မှန်တဲ့ဘက်က မရပ်ရဲ မပြောရဲ မဆိုရဲ မလုပ်ရဲ အလုပ်မထွက်ရဲတဲ့ တပည့်တွေမှာ ရွေးချယ်စရာ ရှားပါးတဲ့အတွက် စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ကြဘူး။ ပြောသာပြောရတာ အတတ်နိုင်ဆုံးတော့ ထိန်းခဲ့ကြတယ်။ သားစဉ်မြေးဆက် မျက်နှာပျက် အရှက်ရမှာမျိုး လုံးဝမရှိခဲ့ကြဘူး။

အားလုံးရဲ့ရင်ထဲမှာ ရှိနေတဲ့ တူညီတဲ့ဆန္ဒက ကိုယ့်ရဲ့မျိုးဆက်တွေကို ကိုယ့်ထက်သာစေချင်တာ။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဘဝအခြေအနေတွေထက် ပိုကောင်းတဲ့ အနေအထားနဲ့ ဖြတ်သန်းရစေချင်တာ။ ရီဝေတဲ့ မျက်လုံး၊ ယူကျုံးမရတဲ့ လေသံနဲ့ ပြောလိုက်တဲ့ စကားတစ်ခွန်းနဲ့ ၀ိုင်းသိမ်းခဲ့ကြတယ်။ နောက်ကွယ်က ဆက်စရာစကားတွေ ရှိနေတာ မှန်းဆနိုင်ပေမယ့် ဘာတွေလဲဆိုတာကိုတော့ ပြောတဲ့သူငယ်ချင်းပဲ အသိဆုံးဖြစ်မှာပါ။

“အခုတော့ကွာ” တဲ့။



Eleven Media Group