အလုပ်ကြမ်းနှင့် နီပေါကိုယ်ဝန်ဆောင် အမျိုးသမီး – ကျော်မင်း
ပို့စ်တင်ချိန်
- 3/01/2014 12:39:00 PM
အမေရိကန် ပြည်ထောင်စု ကဲ့သို့သော နိုင်ငံမျိုးတွင် ဆရာဝန်များက ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ရန် အားပေးထောက်ခံလေ့ရှိသည်။ သို့သော် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှု မရှိသော၊ အစားအသောက်ပြည့်စုံလုံ လောက်မှု မရှိသော ဒေသမျိုးတွင်မူ . . .
နီပေါနိုင်ငံမှ အမျိုးသမီးများ သည် လယ်ယာလုပ်ငန်းခွင် အတွင်း၌ ခင်ပွန်းသည်တို့နှင့်အတူ ဒိုးတူ ပေါင်ဖက် အလုပ်လုပ်ကြရသည်။ ကိုယ်ဝန် အရင့်အမာ လွယ်ထားစဉ်မှာပင် အလုပ်နားရသည် မရှိဘဲ အလုပ်ကြမ်း များနှင့် နေ့စဉ်စခန်း သွားနေကြရသည်။ ထိုကဲ့သို့လုပ် ကိုင်ရခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အတွက် ကျန်းမာရေးကို သာမက ၎င်းတို့လွယ်ထားရသော သန္ဓေသား အပေါ်တွင်ပါ ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်သည်။
ဟိမ၀န္တာဒေသ နိုင်ငံဖြစ်သော နီပေါနိုင်ငံ၏ ပ၀ါတီကျေးရွာ၌ နေထိုင်သော ဂျနူကာရာဆယ်လီဆိုသူ အမျိုးသမီး တစ်ဦး၏ ဘ၀ကိုပင် ကြည့်ပါ။ သူမသည် ယာခင်းထဲ၌ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပြီး နောက် တစ်နာရီ အကြာတွင် ထင်းခုတ်ရန် အိမ်အပြန်လမ်းကို ခြေကျင် ခရီးကြမ်းနှင်ပြန်လာခဲ့သည်။ ယင်း မတိုင်အချိန် အတော် ကြာကြာတွင် သူမသည် တောင်ကုန်းထူထပ် သောနေရာတွင် ပူပြင်းသောနေ ရောင်အောက်၌ ဆိတ်ကျောင်း ခဲ့ရပြီးဖြစ်သည်။ …
““ကျွန်မ မနက် ၆နာရီအိပ်ယာ ထတယ်။ အဲဒီအချိန်ကနေစပြီး တောက်လျှောက် အလုပ်လုပ်ရတာ အိပ်ရာ မ၀င်ခင် ည ၁၀နာရီအထိကို တစ်ချိန်လုံး မနားရတော့ဘူး။ လယ်ကွင်းတွေထဲမှာ တစ်ရက်ကို ခုနှစ်နာရီ၊ ရှစ် နာရီ လောက်အလုပ် လုပ်ရတယ်””ဟု သူမကပြောပြသည်။ နီပေါနိုင်ငံမှာတော့ လယ်ယာများထဲ အမျိုးသမီး များအား သွန်ခွန်စိုက်ဖြင့် ပင်ပင်ပန်းပန်း လုပ်ကိုင်ကြခြင်းသည် အစဉ်အလာ တစ်ခုကဲ့ သို့ပင်ဖြစ်နေသည်။ သို့ သော် ယခုကဲ့သို့ လယ်ယာထဲ၌ပင် ပန်းကြီးစွာလုပ်ကိုင်နေရသူ ဂျနူကာသည် ကိုယ်ဝန်ဆောင်တစ်ဦးဖြစ် သည်။ သူမ၏ ကိုယ်ဝန်တဖြည်းဖြည်း ရင့်မာလာသည့် တိုင်အောင် အလုပ်နား၍ သက်တောင့် သက်သာ နေထိုင်ခြင်း မရှိပေ။
““ကလေးမွေးတဲ့နေ့ မတိုင်မီ အထိ အချိန်ပြည့် ကျွန်မအလုပ်လုပ် ဦးမယ်””ဟု သူမကဆိုသည်။ လွန်ခဲ့သော နှစ်များအတွင်း နီပေါနိုင်ငံသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ ကျန်းမာရေးကဏ္ဍ ပိုမို တိုးတက် ကောင်း မွန်ရေးကို အပြင်းအထန် တွန်းအားပေး လုပ်ဆောင်ခဲ့သည်။ နီပေါအစိုးရက ကိုယ်ဝန်ဆောင် မီးဖွား စင်တာများ အသစ်တိုးချဲ့ တည်ဆောက်ခဲ့သည်။ ဆေးခန်းများ၌ ကလေးမွေး ဖွားလျှင် ကုန်ကျမည့် စရိတ်များကို ကာမိ စေရန်အတွက် အဆိုပါစင်တာများက အထောက်အပံ့ ဖြစ်ခဲ့သည်။ အဆိုပါ မီးဖွားစင်တာများသည် အသက် အန္တရာယ် ဖြစ်စေနိုင်သော သွေးထွက်လွန် မှုမျိုးကိုမီးနေ သည်များအတွက် အကာအကွယ် ဖြစ်စေမည့် ဆေးဝါးများကို ထောက်ပံ့ပေးသည်။ လက်ရှိ၌လည်း အဆိုပါ စင်တာများက ၀န်ဆောင်မှု ပေးနေဆဲ ပင်ဖြစ် သည်။ ထို့ကြောင့်ပင် နီပေါနိုင်ငံ၌ မီးဖွားချိန်အတွင်း ကိုယ်ဝန်ဆောင် သေဆုံးမှု အရေအတွက် တဖြည်းဖြည်း လျော့ကျလာသည်ကို တွေ့မြင်နေရခြင်းဖြစ်သည်။
““စိန်ခေါ်မှုတွေ ကတော့ ရှိနေသေးတယ်။ ဒီလိုမီးတွင်းထဲ သေဆုံးမှုနှုန်းကို ကျွန်မတို့တွေ ထပ်ပြီး လျှော့ချနိုင်ပါ ဦးမလားလို့”” ဟူ၍ ပါလီမန်အမတ် တစ်ဦးဖြစ်ပြီး အမျိုးသမီး ကျန်းမာရေးဆိုင်ရာ ကိစ္စများအတွက် စည်းရုံး လှုပ်ရှား သူအာဇူရာနာဒူက ကပြောသည်။ နီပေါနိုင်ငံတွင် အမျိုးသမီးအများစု ကိုယ်ဝန်အရင့်အမာဖြစ်နေချိန် အထိ အလုပ်ကို ကြမ်းကြမ်းတမ်းတမ်း လုပ်ကိုင်နေရခြင်းသည် အလွန်ကြီးမားသော ပြဿနာ အဖြစ်ရှိနေ သေးကြောင်း သူမကဆိုသည်။
အမျိုးသမီးများ ကိုယ်ဝန်ဆောင်ခြင်းအတွက် ပြုစုစောင့် ရှောက်မှုပုံမှန်ရရှိသော အမေရိကန် ပြည်ထောင်စု ကဲ့သို့သော နိုင်ငံမျိုးတွင် ဆရာဝန်များက ကိုယ်ဝန် ဆောင်စဉ်ကာလအတွင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့် ခန်းများပြုလုပ်ရန် အားပေးထောက်ခံလေ့ ရှိသည်။ သို့သော် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကျန်းမာရေးဆိုင် ရာပြုစုစောင့်ရှောက်မှု မရှိသော၊ အစားအသောက် ပြည့်စုံလုံလောက်မှု မရှိသော ဒေသမျိုးတွင်မူ အားသွန် ခွန်စိုက်နှင့် ပင်ပန်းသော လှုပ်ရှားမှုမျိုးကို ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ ကိုယ်ဝန် စောင့်ရှောက်မှုမရှိ၊ အာဟာရမပြည့်ဝဘဲ ပြင်းထန်သော လှုပ်ရှားမှုမျိုး လုပ်ကိုင်မိပါက နောက်ထပ်ရောဂါ ထပ်တိုးလာရန် သာရှိသည်။
နီပေါနိုင်ငံ၌ရှိသော ကိုယ်ဝန်ဆောင် အမျိုးသမီးများကမူ ၎င်းတို့၏ မိသားစုအတွက် တာဝန်ယူလုပ် ကိုင်ပေးရပြီး ယဉ်ကျေးမှုအစဉ် အလာအရကြောင့်လည်း အလုပ်ကို ပြင်းပြင်းထန်ထန် လုပ်ကိုင်ကြ ခြင်းဖြစ်ကြောင်း ဒူဘာက ပြောပြသည်။
““နီပေါနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေက အများအားဖြင့် သူတို့ လုပ်ကိုင်နိုင်တာကို ပြသရမယ်၊ ကိုယ်လုပ် သလောက် ကိုယ်ရမယ်ဆိုတဲ့ အမြင်မျိုးနဲ့ အသားကျနေကြ တယ်။ ပြီးတော့ ဒီလိုအလုပ်မျိုး တွေလုပ်ဖို့လည်း သူတို့မှာ တာဝန် ရှိတယ်လို့ သူတို့ကိုယ်နှိုက်က ထင်မြင်ယူဆထားကြတာ။ မိသားစုထဲမှာ သူတို့ရဲ့ အခန်း ကဏ္ဍက အနိမ့်ဆုံး၊ ဒါကြောင့်မို့လို့ ပင်ပန်း ကြမ်းတမ်းတဲ့ အလုပ်မျိုးတွေလုပ်ဖို့ လိုတယ်လို့ ခံယူထား ကြတာပေါ့”” ဟု ဒူဘာကဆိုသည်။
ကိုယ်ဝန်ဆောင် အမျိုးသမီး ဂျနူကာသည် လယ်ကွင်းထဲ အလုပ်မလုပ်သည့် အချိန်မျိုးတွင် သူမ၏ မီးခိုး အူနေသော မီးဖိုချောင်ထဲ၌ စောင့်ကြောင့်ထိုင်ကာ ထင်းမီးဖို လေးကိုမီးတောက်လာဖို့ မီးမှုတ်ရင်း ချက်ရေး ပြုတ်ရေး လုပ်ကိုင်ရသည်။ တစ်လူလူ တက်နေသော မီးခိုးပြာများကို ရှုရှိုက်မိရင်းပင် အသီးအရွက်များ လှီးဖြတ် ခုတ်သင်ခြင်း၊ ကြိတ်ခြေခြင်းများ လုပ်နေရသည်။ သူမအနေနှင့် အနည်းဆုံး တစ်ခါတရံလောက်တော့ အလုပ် ပင်ပန်းကြီးစွာ လုပ်ကိုင်ရခြင်းမှ အနားယူရန် ဆန္ဒဖြစ်မိကြောင်း ညည်းတွားသည်။
““ကျွန်မရဲ့ ကျောကုန်းတွေ လည်းနာနေပြီ။ အစာအိမ်ကလည်း အောင့်တယ်။ ပြီးခဲ့တဲ့ တစ်လက ဆိုရင် ကျွန်မ ပြောင်းတွေ၊ စပါးတွေစိုက်နေတုန်း ကျွန်မရဲ့ခြေ ထောက်တွေ ဖူးရောင်ပြီး ကြွက်တက်လာတယ်။ ကျွန်မရဲ့ခန္ဓာ ကိုယ်ကလည်း တောက်လျောက် ကိုက်ခဲနေတာ””ဟု ဂျနူကာက ပြောပြသည်။
ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက ဂျနူကာကဲ့သို့သော အမျိုးသမီးများသည် အနားယူသင့်ကြောင်း၊ ကိုယ်ဝန် အရင့်အမာဖြင့် အလုပ်ပင်ပန်းကြီးစွာ လုပ်ကိုင်ခြင်းသည် သားအိမ်ကို ပုံမှန်အနေအထားမှ ရွေ့လျား သွားစေ နိုင်ပြီး သားသမီးမရဘဲ မြုံသွားနိုင်သည့် သားအိမ်လျောကျမှု အခြေအနေ ဖြစ်စေနိုင်ကြောင်း ပြောဆို ထားကြသည်။ ကိုယ်ဝန်ဆောင်များအနေနှင့် အင်တိုက်အားတိုက် လုပ်ကိုင်ရသော ကာယအလုပ်ကို နာရီ အတန်ကြာ လုပ်ကိုင်ခြင်းသည် လွယ်ထားသော ကလေးထံ အာဟာရရောက်ရှိမှု လျော့နည်း သွားစေနိုင်ပြီး ကလေးကို ပေါင်မပြည့်ဘဲ မွေးဖွားခြင်းနှင့် သန္ဓေသားဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ခြင်းတို့ကို ကြုံတွေ့ ရစေနိုင်သည်။ အထူးသဖြင့် မိခင်များ အစားအစာနှင့် အာဟာရလုံ လောက်မျှတမှုမရှိလျှင် ပို၍ဖြစ်နိုင် ခြေများ သည်။ အလွန်အမင်းအား စိုက်လုပ်ကိုင်မှုသည် သားအိမ်ထဲသို့ သွေးရောက်ရှိမှုကို လည်းအဟန့် အတားဖြစ် နိုင်ပြီး အချိန်မတိုင်မီ၊ လမစေ့မီ ကလေးမွေးဖွားမှုကို ဖြစ်စေနိုင်သည်။
အဆိုပါ ပြဿနာမျိုးများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအများစုကို အမျိုးသမီးများပါဝင် လုပ်ကိုင် နေရသည့် အခြားသော ဖွံ့ဖြိုးဆဲ နိုင်ငံများ၌လည်း ဖြစ်ပွားလျက် ရှိသည်။ သို့သော် အိမ်ထောင်ဦးစီး ယောက်ျား သားက ပြည်ပသို့ထွက်ခွာ၍ အလုပ်လုပ်ကိုင်သော နီပေါကဲ့သို့သော နိုင်ငံမျိုးတွင်မူ ယင်းပြဿနာ အခြေ အနေက ပိုမိုမြင့်မားနေသည်။ အမျိုးသား အများစုသည် နိုင်ငံခြားသို့ သွားရောက် အလုပ် ရှာဖွေ လုပ်ကိုင် ကြသဖြင့် လယ်ယာ လုပ်ငန်းခွင်များကို အမျိုးသမီးများ ချည်းသာ ထိန်းသိမ်းလုပ်ကိုင်နေရ တော့သည်။
““မိခင်ရဲ့ ကျန်းမာရေးဟာ သူလွယ်ထားတဲ့ ရင်သွေးရဲ့ ကျန်းမာရေးအပေါ် တိုက်ရိုက်သက် ရောက်မှု ရှိတယ်ဆိုတဲ့ အချက်ကို ထောက်ပြပြီး အဓိက တွန်းအားပေး ရပါတယ်””ဟု အပြည်ပြည်ဆိုင်ရာ အကူအညီ ပေးရေးအဖွဲ့ဖြစ်သော Save the Children ၏ ဥက္ကဋ္ဌ ကာရိုလင်းမိုင်းလ်စ်က ပြောကြားသည်။ ခင်ပွန်း သည်ဖြစ် သူများနှင့် ယောက္ခမတို့သည် မိခင်လောင်း၏ ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန် တတ်ခြင်း မရှိလျှင်ပင် ရင်သွေးငယ်၏ ကျန်းမာရေးကိုတော့ အလွန်အမင်း စိုးရိမ်ကြောင့်ကြ တတ်ကြသည်ဟု မိုင်းလ်စ်က ဆိုသည်။ ထို့ကြောင့်ပင် Save the Children ကဲ့သို့သော အဖွဲ့အစည်းများက မိသားစုများနှင့် တွေ့ဆုံ၍ ရင်သွေး ငယ်၏ ကျန်းမာရေး ကောင်းမွန်စေရေးအတွက် စိတ်ပူပန်မှုရှိပါက ကိုယ်ဝန်ဆောင် မိခင်ဖြစ်သူကို အချိန် များစွာ အနားပေးရန် လိုအပ်ကြောင်း သိမ်းသွင်း ဖျောင်းဖျကြသည်။
““အခုဆိုရင် ယောက္ခမဖြစ်တဲ့ သူတွေကလာမယ့် လတွေမှာ စိုက်ပျိုးခြံထဲကို ထိန်းသိမ်းစောင့်ရှောက် ဖို့ ကျွန်မပဲသွားမယ်””ဆိုတာမျိုး၊ ““ကျွန်မရဲ့ချွေးမကို မှန်ကန်တဲ့ အစားအစာတွေ ပြည့်စုံလုံလောက် အောင် ကျွန်မစီစဉ်မယ်””ဆိုတဲ့ စကားမျိုးတွေကို ပြောလာကြပြီ။ ဒါဟာ ကြီးမားတဲ့အလှည့်အပြောင်း တစ်ခုပါပဲ ””ဟု မိုင်းလ်စ်က ပြောပြသည်။ ခင်ပွန်းသည် ဖြစ်သူများမှာလည်း ၎င်းတို့၏ အမူအကျင့်များကို ပြောင်းလဲ လာကြပြီဖြစ်သည်။ ဂျနူကာ ပထမကလေးကို ကိုယ်ဝန်ဆောင်စဉ်က သူမ၏ခင်ပွန်း မာဒါဗ်သည် အရပ်တစ်ပါး၌ သွားရောက် အလုပ်လုပ်ကိုင် နေခဲ့သည်။ သို့သော် ယခုတစ်ကြိမ်၌မူ ဒုတိယ အကြိမ် ကိုယ်ဝန်လွယ် ထားရ သော ဇနီးသည်ကို အကူအညီဖြစ်စေရန် ရွာသို့ ပြန်လာခဲ့သည်။ မာဒါဗ်က သူ၏ဇနီးသည်နှင့် မမွေးဖွားရသေး သော ကလေးငယ်တို့၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်မှု ပေးရန် ပြန်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
““ကျွန်တော့၇ဲ့ဇနီးသည်က လယ်ကွင်းထဲမှာ အလုပ်လုပ်နေရင်း ပြောတယ်။ ဗိုက်အောင့် နေတယ်တဲ့။ ကျွန်တော် အရမ်းစိုးရိမ်တယ်။ကျွန်တော့်ဇနီးရဲ့ ပထမ ကိုယ်ဝန်တုန်းကလည်း ကျွန်တော် စိုးရိမ် ပူပန်ခဲ့ရတယ်။ အခုလည်း အဲဒီလိုထပ်ဖြစ် လာဦးမလားဆိုပြီးပူပန်နေရတယ်”” ဟု သူကပြောပြသည်။
ထို့ကြောင့်ပင် နောက်ပိုင်းတွင် သူသည်အိမ်မှု ဝေယျာဝစ္စများကို ပါဝင်ကူညီ လုပ်ကိုင်ပေးလာ သည်။ မိုးရေပြည့် နေသော လယ်ကွင်းထဲ မာဒါဗ်ကမြေကြီးကို တူးဆွပေးပြီး ဂျနူကာကပျိုးပင်များကို တွင်းပေါက်များ ထဲလိုက်လံ ထည့်၍ စိုက်ပျိုးပေးသည်။ ယခင်တုန်းက ဆိုလျှင် ထိုလုပ်ငန်းတစ်ခုလုံးကို သူမတစ်ဦးတည်း လုပ်ကိုင်ခဲ့ရ ကြောင်း ဂျနူကာကဆိုသည်။
““ပြီးခဲ့တဲ့ ကိုယ်ဝန်တုန်းက ဆိုရင် ကျွန်မအရမ်းကို ပင်ပင်ပန်းပန်း လုပ်ရကိုင်ရတာ။ နိုင်းယှဉ်စရာ ဘာမှ မရှိအောင်ဘဲ””ဟု ဂျနူကာက ပြောပြသည်။ ပ၀ါတီကျေးရွာ ကဲ့သို့သော နေရာမျိုး၌ မိခင်နှင့်သန္ဓေ သားတို့၏ ကျန်းမာရေးအပေါ် ခြိမ်းခြောက်နေသည့် အရာသည် ကိုယ်ဝန် အရင့်အမာဖြင့် အလုပ်ကြမ်း လုပ်ကိုင်ခြင်း တစ်ခုတည်းသာ မဟုတ်ပေ။
နောက်နှစ်လအကြာတွင် ဂျနူကာသည် မီးဖွားသည်။ မူလ ကသူမသည် အနိမ့်ဆုံးမြို့ငယ် တစ်ခု၏ဆေးရုံ၌ သူမ၏ကလေးကို သွားရောက်ဖွားမြင်ရန် စီစဉ်ထားသည်။ ထိုဆေးရုံက ရွာမှ နာရီအတန်ကြာ အောင်သွား ရသည်။ သို့သော် ဂျနူကာသည် စောစီးစွာ ဗိုက်နာ၍ကလေးမွေးရန် အကြောင်း ဖန်လာသည်။ နဂို စီစဉ် ထားသော ဆေးရုံသို့ သွားရောက် ရန်အချိန်မရ တော့ပေ။
နေအိမ်မှာပင် သူမသည် မီးဖွားလိုက်သည်။ မီးဖွားသည့်အခါ ပြဿနာက ပေါ်လာသည်။ ဖြစ်ရသည့် ပြဿနာက စိုက်ပျိုးရေးလုပ်ငန်းခွင်၌ သူမအလုပ်ကြမ်း လုပ်ကိုင်ခဲ့ရသည့် အချက်နှင့် များစွာ မသက်ဆိုင် လှပေ။ ရင်သွေး၏ ချက်ကြိုးမှာ ပြဿနာဖြစ်နေသည်။ ထိုအချိန်တွင် လက်သည်ကလည်း အရန်သင့်ရှိမနေပေ။ အရေးပေါ် လူနာတင်ယာဉ်က အချိန်အလွန် ကြာမှရောက်ရှိလာသည်။ ကံဆိုးစွာပင် ကလေးငယ်မှာ သေဆုံး သွားခဲ့သည်။
ဂျနူကာကတော့ သူမအနေနှင့် နောက်ထပ်ကလေးရအောင် ထပ်မံကြိုးစားချင်သေးကြောင်း ပြောဆိုသည်။ သူမ၏ခင်ပွန်းကလည်း လအနည်းငယ်အတွင်း ပြည်ပသို့ အလုပ်သွား လုပ်ကောင်း လုပ်လိမ့်မည်။ လောလော ဆယ်တော့ သူသည် မိသားစု၏ စိုက်ပျိုးခြံထဲ၌ ကူညီလုပ်ကိုင် ပေးနေဆဲပင်ဖြစ်သည်။
Ref: Seven months pregnant and working in the fields By Sonia Narang
Myanmar Thandawsint