သမ္မတနှင့်လွှတ်တော်- ခေါင်းနှင့်ပန်း

ပို့စ်တင်ချိန် - 3/02/2014 08:38:00 AM


Written by  အောင်ထက်

နိုင်ငံတစ်ဝန်းရှိ မြို့နယ် တစ်မြို့နယ်စီအတွက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်းတစ်ထောင် သုံးစွဲရေးအတွက် လွှတ်တော်နှင့် နိုင်ငံတော် သမ္မတရုံးကြား နားလည်မှု တင်းမာသည်မှာ သုံးလခန့် ကြာပြီဖြစ်သည်။

သမ္မတအနေနှင့် ဒေသဖွံ့ဖြိုးရေး ကျပ်သိန်းတစ်ထောင် သုံးစွဲရေး အချက် ပါဝင်သည့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို အခြေခံဥပဒေနှင့် မညီကြောင်း ထင်ဟပ် ပြသခဲ့ပြီး ဖြစ်သလို ယင်းဥပဒေကို အခြေခံဥပဒေနှင့် ညီမညီ အဓိပ္ပာယ် ဖွင့်ဆိုရန် အသစ် ဖွဲ့စည်းထားသည့် ခုံရုံးကို တင်ပြထားပြီး ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက အတိအလင်း ကြေညာထားပြန်သည်။ ယင်းကာလ အတွင်း၌ပင် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲရေးအတွက် နိုင်ငံတော် သမ္မတရုံးနှင့် အစိုးရ အဖွဲ့ဝင်က ခေတ္တစောင့်ဆိုင်းရန် ဇန်နဝါရီလ ဒုတိယပတ်တွင် အသိပေး ထားသော်လည်း သုံးစွဲမြဲ ဆက်လက် သုံးစွဲရန် နာယက သူရဦးရွှေမန်း ကိုယ်တိုင် ဇန်နဝါရီလ တတိယပတ်တွင် မောင်းထု ကြေညာခဲ့ပြီး ဖြစ်သည်။
“ပြည်သူအတွက် အမှန် လိုအပ်နေတယ်။ သုံးစွဲချိန် နောက်ကျနိုင်တယ်” ဟု အစိုးရအဖွဲ့၏ တောင်းဆိုမှုကို မျက်ကွယ်ထား၍ ၎င်းက ထုတ်ဖော် ပြောကြားခဲ့သည်။

လွှတ်တော်က တာဝန်ခံသုံးစွဲသော ငွေကြေးအတွက် အုပ်ချုပ်ရေး မဏ္ဍိုင်၏ ကြီးစိုးခြယ်လှယ်မှုကို လိုလားမှု မရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်တို့က ထောက်ခံ ပြောဆိုထားပြီး ဖြစ်သောကြောင့် နာယက၏ ဆုံးဖြတ်ချက်သည် လွှတ်တော်အတွင်း ပို၍ပင် ကျယ်ပြန့်မှု ရှိလာသည်။ ဖွံ့ဖြိုးဆဲ မြို့နယ်များသာမက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လမ်း၊ တံတား၊ ရေ သုံးစွဲရေး အပါအဝင် ပညာရေးနှင့် ကျန်းမာရေး အထောက်အကူပြု လုပ်ငန်းများ (ဥပမာ- အိမ်သာမှအစ) ကို သုံးစွဲနေဆဲ ဖြစ်သောကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားရန် မဖြစ်နိုင်ကြောင်း သူရဦးရွှေမန်းက ဆိုသည်။

ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေတွင် ဒေသဖွံ့ဖြိုးရေး အချက် ထည့်သွင်းထားခြင်းကို ပြည်သူအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်း နိုင်သည်ဟု သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌများ သာမက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောဆိုထားသည်။ သို့သော် အပြု သဘောဆောင်သော လုပ်ဆောင်ချက် များစွာတွင် ပြဿနာများစွာ ရှိနေပြီ ဖြစ်ပြီး အလွန် သတိထားရမည့် ကိစ္စများ ရှိလာသည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ သတိပေးချက်များ ထွက်လာပြန်သည်။
“ကိုယ့်ရဲ့ မြို့နယ်ကို ပိုင်အောင် လုပ်ကိုင်ထား။ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းကို သေချာ လိုက်နာပါ” ဟု သူမက ပြောဆိုထားသည်။

ယင်းကဲ့သို့ သတိပေးသံသည် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးကြား ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကွာဟနေသော စည်းတစ်ခုကြောင့် ဖြစ်နိုင်ကြောင်း ကိုယ်စားလှယ် အများစုက သုံးသပ်သည်။ ပါတီ စည်းရုံးရေးဟု စွပ်စွဲ ပြောဆိုမှုများ ရှိလာနိုင်သလို သုံးစွဲငွေ စာရင်း မှားနိုင်သည့် အဖြစ်များကို အစိုးရဘက်က ထောက်ပြ လာနိုင်ကြောင်း ၎င်းက ကြိုတင် မှန်းဆထားပုံ ရသည်။ ထို့ကြောင့် ပြည်ထောင်စု လွှတ်တော်၏ လမ်းညွန်ချက်ကို လိုက်နာရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားခြင်း ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်က ချမှတ်ထားသည့် ငွေသုံးစွဲရေး ထုတ်ပြန်ချက်ကို လက်ကိုင်ထားခြင်းမှာ လွှတ်တော်နှင့် ကိုယ်စားလှယ်တို့၏ ဒီမိုကရေစီ လမ်းစဉ်ကို ဖေးမပေးမည်ဟု ၎င်း၏ ပါတီဝင် ကိုယ်စားလှယ်တို့က ပြောဆိုကြသည်။

“အစိုးရဘက်က လုံးဝ လက်ခံထားတာ မဟုတ်ဘူးနော်။ ဒီကိစ္စ မအောင်မြင်ရင် လွှတ်တော်ကို အများကြီး ဂယက် ရိုက်လာမယ်” ဟူသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယမ္ပိ စကားလုံး ဖြစ်သည်။ ထို့အပြင် ငွေသုံးစွဲရေး အတွက် ပါတီအချင်းချင်း ပဋိပက္ခ ဖြစ်လာနိုင်ကြောင်း နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက် ရှိနေသောကြောင့် ကျပ်သိန်း ၁၀၀၀ နှင့် မတန်သော ဒေါသ အငွေ့များကို ပါတီ အချင်းချင်းကြား ထွက်မလာစေလိုကြောင်း ၎င်းက ထပ်မံ သတိပေးထား ပြန်သည်။

ထို့အပြင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အပါအဝင် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီသည် နာယက သူရ ဦးရွှေမန်း၏ အရိပ်အောက်တွင် ရှိနေရကြောင်း ဆိုလျှင် မှားမည် မဟုတ်။ ယင်းကော်မတီ နှစ်ခုသည် ငွေကြေး သုံးစွဲရေးအတွက် အခြေခံ ပြုလုပ်ပေးသူများ ဖြစ်သည်။ ထို့ကြောင့် နာယကသည် ကော်မတီ၊ ကော်မရှင် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံမှုများ အကြိမ်ကြိမ် ပြုလုပ်နေဆဲ ဖြစ်သည်။

ဒေသဖွံ့ဖြိုးရေးအတွက် မူလ ပြဋ္ဌာန်းချက် ပါရှိသော ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို အခြေခံဥပဒေနှင့် ညီ မညီ ခုံရုံး တင်ထားသော်လည်း လွှတ်တော်က ယင်းနှင့် ပတ်သက်၍ ရှေ့ခရီးဆက်ဆဲ ဖြစ်သည်။

ယခုနှစ်သာမက ကျန်ရှိနေသေးသည့် အစိုးရ သက်တမ်းအတွက် ကျပ်သိန်း တစ်ထောင်စီ ထပ်မံ သုံးစွဲရေးအတွက် ထပ်ဆင့် ဥပဒေဖြစ်သော ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်းကိုပင် ပြည်ထောင်စု လွှတ်တော်က ဖေဖော်ဝါရီလ ဒုတိယပတ်တွင် အတည်ပြုလိုက် ပြန်သည်။ ယင်းဥပဒေကိုပင် နိုင်ငံတော် သမ္မတထံ တင်ပြလိုက်ပြီ ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။
“ဒီဥပဒေကိုလည်း သမ္မတကြီးက လက်မှတ်ထိုး အတည်ပြုမှာ မဟုတ်ဘူး” ဟု ၎င်းက သူ၏အမြင်ကို ဖွင့်ဆိုသည်။

အဆိုပါ ဥပဒေကဲ့သို့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးသော ဥပဒေကို နိုင်ငံတော် သမ္မတအနေနှင့် သဘော မတူပါက ပြင်ဆင်လိုသည့် သဘောထား မှတ်ချက်ဖြင့် ၁၅ ရက်အတွင်း လွှတ်တော်သို့ ပြန်လည် ပေးပို့ရမည်ဟု အခြေခံဥပဒေက ဆိုထား၏။ ယင်းဥပဒေကို ပြည်ထောင်စုမှ ပြန်လည် ဆွေးနွေးပြီး နောက်တစ်ကြိမ် ပြန်ပို့လိုက်ပါက နိုင်ငံတော် သမ္မတအတွက် ပြင်ဆင်ချက် မရှိ အတည်ပြု ပေးရတော့မည် ဖြစ်သည်။ လက်မှတ် ရေးထိုးရန် အချိန် ခုနစ်ရက်သာ ရှိကြောင်း အခြေခံဥပဒေက ထောက်ပြထားသည်။

“ခုနစ်ရက်အတွင်း လက်မှတ်ထိုးထိုး မထိုးထိုး အခြေခံဥပဒေအရ အတည် ဖြစ်သွားမှာပါ” ဟု ဦးစောလှထွန်းက ထပ်လောင်း ပြောဆိုသည်။ ထို့ကြောင့် ပြည်ထောင်စု လွှတ်တော်က သဘောတူ အတည်ပြုထားသော ဥပဒေများမှ သမ္မတ သဘောမတူဘဲ အတည်ဖြစ်သည့် ဥပဒေ ငါးခုအထိ ဖြစ်လာနိုင်စရာ ရှိနေပြီ ဖြစ်သည်။ ထို့အပြင် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် ငွေထုတ်ပေးခြင်း၊ စာရင်းများ စိစစ်ခြင်းကို တာဝန်ယူထားသော ပြည်သူ့ငွေစာရင်း ကော်မတီသည်လည်း နာယက ရုံး၏ ညွှန်ကြားချက် အောက်၌ ပုံမှန်အတိုင်း လုပ်ကိုင်ဆဲ၊ လုပ်ကိုင်မြဲ ဖြစ်သည်။

ထို့ကြောင့် ဖေဖော်ဝါရီလ ဒုတိယပတ် အတွင်း၌ပင် မဲဆန္ဒနယ်မြေ ၂၅၅ မြို့နယ်အတွက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အားလုံးကို ဒေသအသီးသီးသို့ လွှဲအပ် ပေးခဲ့ပြီဟု ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက ပြောကြားသည်။ ကျန်ရှိသည့် ငါးမြို့နယ်တွင် ရွေးကောက်ခံ ကိုယ်စားလှယ်များ မရှိခြင်းကြောင့်သာ လွှဲအပ်ခြင်း မရှိပေ။

နိုင်ငံတော် သမ္မတက မည်သို့ပင်ဆိုစေ လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်ထောင်စု လွှတ်တော် နာယက၏ ညွှန်ကြားချက် အတိုင်း မြို့နယ်အသီးသီးမှ တင်ပြလာသည့် အချက်အလက်များကို စိစစ်၍ သုံးစွဲငွေ ထုတ်ပေးရမည် ဖြစ်ကြောင်း ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်က ဆိုသည်။ ယင်းကိစ္စသည် ပြည်ထောင်စု လွှတ်တော်၏ အားသာချက် တစ်ခုအဖြစ် အများစုက မြင်လာနိုင်စရာ အကြောင်းရှိသော်လည်း နိုင်ငံတော် သမ္မတနှင့် လွှတ်တော်ကြား ယနေ့တိုင် စေ့စပ်ခွင့် မရသည့် ပြဿနာ တစ်ခုလည်း ဖြစ်လာသည်။

ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ အပါအဝင် ဥပဒေ သုံးခုကို နိုင်ငံတော် သမ္မတက လက်မှတ် ရေးထိုးခြင်း မရှိခြင်းသည် သမ္မတ၏ ဆုံးဖြတ်ချက် ဖြစ်သည်။ မှန်သည် မှားသည် ဆိုသည့် အချက်သည် အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး၏ အဓိပ္ပာယ် ဖွင့်ဆိုချက် အပေါ်သာ မူတည်သည်ဟု လွှတ်တော်နှင့် သမ္မတတို့အကြား လက်ခံထားပြီး ဖြစ်သည်။
“ခုလို ဖြစ်နေတာတွေဟာ သမိုင်းမှာ ရှိနေဦးမှာပါ။ သမ္မတရဲ့ ပြင်ဆင်ချက်ကို လွှတ်တော်က လက်မခံတာတွေက နောင်တစ်ချိန်မှာ သမိုင်း ပညာရှင်တွေ၊ ဥပဒေ ပညာရှင်တွေက ပြန်တွေ့ကြမှာပါ” ဟု သမ္မတရုံး ညွှန်ကြားရေးမှူးက ထုတ်ဖော် ပြောဆိုထားသည်။

အလားတူ ငွေကျပ် သိန်းတစ်ထောင် သုံးစွဲရေးအတွက် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် အချက်အလက်နှင့် အဓိပ္ပာယ် ဖွင့်ဆိုချက်များမှာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့် မကိုက်ညီကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကလည်း အကြိမ်ကြိမ် ပြောဆိုထားပြီး ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဥပဒေပြုရေးကို တင်းပြည့် ကိုင်ဆောင်ထားသော လွှတ်တော်က အလျှော့ပေးသည့် ဟန်မပြ။ ပြည်သူ့အကျိုး ဟူသော ခေါင်းစဉ်အောက်တွင် လွှတ်တော်နာယက ကိုယ်တိုင် ဆက်လက် လုပ်ဆောင်မည်ဟု ကြွေးကြော်ထားပြီး ဖြစ်၏။

“ပြည်ထောင်စု လွှတ်တော်က ကိုယ်စားလှယ် ၆၀၀ ကျော်က ကလေးတွေမှ မဟုတ်တာ။ အခြေခံဥပဒေနဲ့ ညီ မညီကိုပဲ စောင့်ကြည့်ပါ” ဟု ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက လွှတ်တော်ဘက်မှ ပြတ်သားစွာ တုံ့ပြန်သည်။

ထိုကဲ့သို့ သမ္မတရုံးနှင့် လွှတ်တော်ကြားတွင် ဥပဒေပြုရေး ဆိုင်ရာ ကိစ္စများအတွင်း မီးသဖွယ် ဖြစ်ပေါ်လာမှုကို အခြေခံ ဥပဒေနှင့် ညီညွတ်မှု ရှိ မရှိ အဓိပ္ပာယ် ဖွင့်ဆိုရေးအတွက် အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးထံသို့ ဝကွက် အပ်နှံရန် ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ သမ္မတအနေနှင့် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော ဥပဒေ လေးခုနှင့် လက်မှတ် ရေးထိုးမှု မရှိဘဲ အတည် ဖြစ်နေခဲ့သည့် ဥပဒေ လေးခုကို အခြေခံဥပဒေနှင့် ညီ မညီ ဆုံးဖြတ်ခိုင်းခဲ့ခြင်း ဖြစ်သည်။

ခုံရုံး အဖွဲ့ဝင် ၁၅ ဦးတွင် နိုင်ငံတော် သမ္မတ အနေနှင့် သုံးပုံတစ်ပုံသာ ၎င်း၏ စိတ်ကြိုက် ရွေးချယ် ခန့်အပ်ထားခြင်း ဖြစ်ပြီး ကျန်အဖွဲ့ဝင်တို့မှာ လွှတ်တော် နှစ်ရပ်မှ ပူးပေါင်း ခန့်အပ်ထားခြင်း ဖြစ်၏။ ထို့ကြောင့် ခုံရုံးသည် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးကြား ဗျာများ ရနိုင်သော ကိစ္စတစ်ခု ဖြစ်လာကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က သုံးသပ် ပြောကြားကြသည်။

“ဒီကိစ္စမှာ လွှတ်တော်ဘက်က မှန်ပါလိမ့်မယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ခန့်မှန်း ထွက်ဆိုခဲ့သော်လည်း လွှတ်တော် ကိုယ်စားလှယ် အချို့က ထိုသို့ လုံးဝ မသုံးသပ်ရဲပေ။
“ခုံရုံးရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုပဲ စောင့်ကြည့်မှာပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုနှင့် ဦးသိန်းညွန့်တို့က ဝိနည်းလွတ် စကားဆိုသည်။

ခုံရုံး၏ အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် နိုင်ငံတော် သမ္မတ၏ ဥပဒေ ပြင်ဆင်ချက်သည် အခြေခံဥပဒေနှင့် ညီသည် ဆိုပါက လွှတ်တော်၏ ဂုဏ်သိက္ခာနှင့် ကိုယ်စားလှယ်တို့၏ အရည်အချင်းကို အစိုးရအဖွဲ့မှ ထောက်ရှုစရာ ပျော့ကွက်များ ဖြစ်လာနိုင်သည်က မလွဲ။ ထိုကဲ့သို့ပင် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်သည် အခြေခံဥပဒေနှင့် ညီညွတ်နေသည်ဟု ဆိုပါက နိုင်ငံတော် သမ္မတ၏ လုပ်ဆောင်ချက် အားနည်းသည်ဟု မှတ်ချက် ပေးလာနိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ထင်မြင် ပြောကြားသည်။

“ခုဟာက ခေါင်းပန်း လှန်နေသလိုပဲ။ ဥပဒေကို အနိုင်အရှုံးလို့ ယူဆလို့ မရသလို၊ အနိုင်အရှုံးလို့ သတ်မှတ်ထားရင် ရှုံးတဲ့ဘက်က သူတွေ ရှက်ရမ်း မရမ်းစေချင်ဘူး။ ခုံရုံးက ဖွင့်ဆိုပိုင်ခွင့် ရှိနေတာဆိုတော့ လူကြီးဆန်ဖို့တော့ လိုတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။ ခုံရုံးသည် လွှတ်တော်၏ စွပ်စွဲ ပြစ်တင်မှုကြောင့် ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၅ ဦး ရာထူးမှ နုတ်ထွက်ခဲ့ရသည်မှာ သာဓက ဖြစ်၏။ ထို့ကြောင့် မှန်ကန်သော အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်နိုင်ရန် လိုကြောင်း ၎င်းကဆိုသည်။
“ဒီမိုကရေစီမှာ အခြေခံဥပဒေက အကြီးဆုံးပဲ။ သမ္မတကလည်း ဥပဒေ ကျွမ်းကျင်သူ မဟုတ်သလို လွှတ်တော်ကလည်း အမှန်ချည်းပဲလို့ မပြောနိုင်ဘူး။ ဒါကြောင့် မှန်ကန်တဲ့ ဖွင့်ဆိုချက်ကို ခုံရုံးက ထွက်ဆိုပေးဖို့ လိုတယ်” ဟု ၎င်းက ထပ်လောင်း ပြောသည်။

ခုံရုံး၏ အဓိပ္ပာယ် ဖွင့်ဆိုမှုသည် ဘက်လိုက်မှု မကင်းပါက ဒီမိုကရေစီ၏ လားရာအတွက် သမိုင်းတွင်မည့် ကျောက်စာ ဖြစ်မည်ဟု အများစုက လက်ခံထားပြီး ဖြစ်သည်။ ဆုံးဖြတ်ချက် မှန်သော အဖြေတစ်ခု ဖြစ်ဖို့သာ လိုသည်။ ထိုကဲ့သို့ ပြုလုပ်နိုင်ရန် အချိန် အကန့်အသတ် ပေးထားခြင်း မရှိပေ။

ဥပဒေ ပြဋ္ဌာန်းမှုအတွက် နိုင်ငံတော် သမ္မတ၊ လွှတ်တော်တို့၏ ဆုံးဖြတ်ချက်သည် အခြေခံဥပဒေနှင့် ညီ မညီ မလွဲမသွေ ပေါ်ထွက်လာမည် ဖြစ်သည်။ ထို့ကြောင့် မဏ္ဍိုင်နှစ်ရပ်ကြား ဥပဒေပြုရေးတွင် လှိုင်းဂယက် မထစေဖို့ သတိထားရမည်ဟု ဦးစောလှထွန်းက ချင့်ချိန်သည်။
“ခေါင်းပန်း လှန်မယ်ဆိုရင် လေထဲမှာ ကြာကြာ မြှောက်ထားနိုင်ရင် ပိုကောင်းမယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

The Voice