စည်ပင်သာယာ တာဝန်ကျေပါစေ

ပို့စ်တင်ချိန် - 3/21/2014 09:47:00 AM

photo-internet

 မြတ်ဆွေ
အစိုးရသစ်လက်ထက်၌ ကောက်ခံသော အိမ်ခွန်မြေခွန် အထွေထွေ သန့်ရှင်းရေးခွန် စသည်တို့ ယခင်ကထက် အဆများစွာ တက်လာသည်ကို တွေ့ရှိရ . . .

ကျွန်တော်တို့ ငယ်စဉ်က ရန်ကုန်မြို့တော်တွင် မြို့တော်မြူနီစပယ် အဖွဲ့ဟူ၍ရှိခဲ့သည်။ ဖဆပလ အစိုးရခေတ် ဖြစ်သည်။ မြူနီစပယ် လူကြီးများကို လူထုမဲဆန္ဒဖြင့် ရွေးကောက် တင်မြှောက်ရသည်။ မြို့တော် မြူနီစပယ် အဖွဲ့ ဥက္ကဋ္ဌက မြို့တော်ဝန် ဖြစ်လာသည်။

တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီးနောက် မြူနီစပယ်အဖွဲ့ မရှိတော့ပေ။ မြို့တော် စည်ပင်သာယာရေးအဖွဲ့ ဖြစ်လာသည်။ ရန်ကုန်တိုင်း ပြည်သူ့ကောင်စီ လက်အောက်ဖြစ်၍ တိုင်းပြည်သူ့ကောင်စီက ရွေးချယ်ပေးသော မြို့နယ် ကောင်စီဝင်များသည် မြို့တော်စည်ပင် သာယာရေး အဖွဲ့ဝင်များ ဖြစ်လာကြသည်။

န၀တ၊ နအဖ စစ်အစိုးရ လက်ထက်များ၌ မြို့တော် စည်ပင်သာယာရေးအဖွဲ့သည် တိုင်းကောင်စီ လက်အောက်၌ ရှိပြီး အထက်က ခန့်ထားသော ပုဂ္ဂိုလ်များသည် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်စသည်ဖြင့် တာဝန်ယူကြရသည်။ စစ်ဘက်က အရာရှိကြီးများသာ ဖြစ်ကြလေသည်။

တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး မြို့သစ်များ ချဲ့ထွင် တည်ဆောက်ပေး၍ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတမြို့များက အစပြုပြီး တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ် စသည်ဖြင့် ပေါ်ထွန်းလာသည်။

ဤသည်နှင့်အတူ ရန်ကုန်မြို့တော် စည်ပင်သာယာအဖွဲ့ လက်အောက်ခံမြို့နယ် စည်ပင်သာယာရေးအဖွဲ့များ ပေါ်ထွန်းလာသည်။ မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှာလည်း ပတ်သက်ရာ ပတ်သက်ကြောင်းများဖြစ်၍ အခွင့်ထူးခံများ ဖြစ်လာကြသည်။

ထိုစဉ်က မြို့သစ်များမှာ ဖြစ်သလို ဆောက်ထားသော တဲအိမ်များ၊ ပျဉ်ထောင် အိမ်ကလေးများဖြစ်၍ နှစ်ရှည် နေလို့မရ။ မိမိတတ်နိုင်သမျှ ပြန်လည် ပြင်ဆောက်ကြရသည်။ ထိုသို့ အိမ်ပြင်ဆောက်လိုလျှင် မြို့နယ် စည်ပင်သာယာရုံးမှာ ခွင့်ပြုချက်ယူ ကြရသည်။ လွယ်လွယ်နှင့်မရပါ။ ပွဲစားများကလည်း လုပ်ကိုင် စားသောက်ကြ၏။

ထို့ကြောင့် မြို့သစ် နေထိုင်သူအချို့က မိမိအိမ်ကို မိမိဖြစ်သလို ပြင်ဆင်ကြသည်။ ထိုသို့ပြင်ဆင်ရာတွင် သစ်ရှားပါးသော ခေတ်ဖြစ်၍ အုတ်နှင့်အင်္ဂတေကို ကြားညှပ် အသုံးပြုကြရသည်။ အချို့အိမ်ရှင်များက မိမိအိမ်ခိုင်ခံ့ရေးအတွက် တတ်နိုင်သမျှ နည်းနည်းချင်း ပြင်ကြသည်။

မြို့နယ်စည်ပင်အဖွဲ့က ထိုကဲ့သို့ အိမ်ပြုပြင်သူများကို ခွင့်ပြုချက်မယူဘဲ အိမ်ပြုပြင်သူများအဖြစ် အရေးယူလေ့ ရှိသည်။ စည်ပင်အဖွဲ့ဝင် တစ်ဦးသည် မြို့နယ်အတွင်း လမ်းပေါက်စေ့ နံနက်တိုင်း ဆိုင်ကယ်တစ်စီးနှင့် လှည့်ကြည့်လေ့ရှိသည်။ အိမ်ရှေ့မှာ သဲပုံထားတာ၊ အုတ်ပုံထားတာ တွေ့လျှင်တော့ ရုံးသို့လာခဲ့ရန် အမိန့် ပေးတော့သည်။ ရုံးရောက်၍ ပြေလည်အောင် ပြောဆို ဖြေရှင်းကြရသည်။ ဒဏ်ရိုက်ခံရလျှင် ကုန်ကျမည့်ငွေ၊ အချိန်ထက် သက်သာအောင် ဆောင်ရွက်ကြရသည်။

တစ်ခါက ကျွန်တော်၏ အိမ်ရှေ့ခန်း မျက်နှာစာမှာ သစ်သားများ ဆွေးနေ၍ အောက်ခြေကို ခိုင်ခံ့အောင် အုတ်တက်ပြင် ဆင်လိုက်သည်။ စည်ပင်က ပုဂ္ဂိုလ်က ကျွန်တော်ပြုပြင်ပြီးမှ တွေ့သွားသည်။ ရုံး သို့လာရောက်ရန် ဓာတ်ပုံရိုက်တင်ပြ၍ ပုံကြီးချဲ့တော့သည်။

ကျွန်တော့်မိတ်ဆွေ စာနယ်ဇင်းဥက္ကဋ္ဌက သိရှိသွား၍ စည်ပင်အဖွဲ့ဝင်ကို ပြောပြ လိုက်တော့မှ ကိစ္စပြီးစီးသွားလေသည်။ ဤသည်မှာ စစ်အုပ်ချုပ်ရေး အစိုးရများခေတ်က အခြေအနေများ ဖြစ်လေသည်။ ရပ်ကွက်နေ ပြည်သူအများကို ကလူနှိပ်စက်သူများကို မြို့နယ် စည်ပင်သာယာအောင် လုပ်သူများဟု မှတ်ယူ ရလေမည်လားမသိ။

ယခုအခါ အစိုးရသစ်တက်လာသည်။ ဒီမိုကရေစီရှေးရှု၍ မိဘပြည်သူတို့ အကျိုး သယ်ပိုး ဆောင်ရွက်မည်ဟု ကြွေးကြော်သည်။ ယခင်ကလို အိမ်ပြင်လျှင် ခွင့်ပြုချက် ယူရမည်။ ဘာလုပ်ရမည်။ ညာလုပ်ရမည် ဟုဆိုသော စည်ပင်အဖွဲ့တို့ ခြေငြိမ်သွားသည်ကို တွေ့ရသည်။ မြို့သစ်နေရပ်ကွက် ပြည်သူလူတန်းစားများက ကျေးဇူးတင်ပါ၏။

သို့သော် ယခုအစိုးရသစ် လက်ထက်၌ ကောက်ခံသော အိမ်ခွန်မြေခွန် အထွေထွေ သန့်ရှင်းရေးခွန် စသည်တို့ ယခင်ကထက် အဆများစွာ တက်လာသည်ကို တွေ့ရှိရပါသည်။ ယခင်က ၃၇ ကျပ်သာကျသော မြေခွန်သည် ယခုအခါ ၅၀၀ ဖြစ်နေပါသည်။ လာပြီး ငွေကောက်ခံသော စာရေးမလေးကို မေးတော့လည်း ရုံးကို သွားမေးပါတဲ့။ ယခု အခါမှာ လူဦးရေက တိုးပွား၊ အမှိုက်သရိုက်များကလည်း များသထက် များလာသဖြင့် စည်ပင်ဝန်ထမ်းများ တိုးခန့်ရသဖြင့် အခွန်အတုပ်များလည်း တိုးယူရသည်ဟု ယူဆရပါသည်။

လိမ္မော်ရောင်အင်္ကျီနှင့် ထဘီနက်ပြာနှင့် စည်ပင်သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးကလေးများကို တစ်ခါတစ်ရံ တွေ့ရပါသည်။ သူတို့သည် ဘတ်စ်ကားပြေးသော လမ်းမကြီးများတွင် အိတ်တစ်အိတ်နှင့် အမှိုက်ကောက်ကြ ပါသည်။ ရပ်ကွက်အတွင်း လမ်းသွယ်များမှာတော့ မကောက်ပါ။ အမှိုက်နည်းနည်းတွေ့တောင် ကျော်လွှား သွားကြပါသည်။

မြို့နယ်များမှာ ရန်ကုန်မြို့တွင်းလို ခေါင်းလောင်းတီး အမှိုက်သိမ်းစနစ်မရှိပါ။ အမှိုက်ပုံးကြီးများ ထားပေး တာကလည်း တစ်ရပ်ကွက်လုံးမှ တစ်ပုံးနှစ်ပုံးသာ တွေ့ရပါသည်။ အမှိုက်ကန်များကလည်း  တစ် ရပ်ကွက် လုံးမှ တစ်လုံးနှစ်လုံးသာ ရှိပါသည်။ လူဦးရေတိုးပွား၊ အမှိုက်ပစ်သူ များပြားလာသော်လည်း အမှိုက်ပစ်စရာ နေရာက တိုးမလာပါ။

ထို့ကြောင့် အမှိုက်ကန်နှင့်ဝေးသော နေရာမှာ နေသူများက ကြုံလျှင်ကြုံသလို လမ်းဘေး ပစ်သွားကြသည်မှာလည်း မကောင်းပါ။ အမှိုက်ပုံးကြီးများကို လမ်းတိုင်းမှာ ထားပေးသင့်ပါ၏။

မြို့တော်စည်ပင်သာယာသည် မြို့နယ်သန့်ရှင်းလှပရေးကို ဆောင်ရွက်နေသည်ဟု သိရပါသည်။ သန့်ရှင်းရေးသည် အလွန်အရေးကြီးပါသည်။ သန့်ရှင်းပါမှ ကူးစက်ရောဂါများကို တားဆီးနိုင်ပါမည်။

စည်ပင်သာယာ၏ ယခင်က ကြွေးကြော်သံကို မှတ်မိကြဦးမည် ထင်ပါသည်။ ဈေးဆိုင်ရှိလျှင် အမှိုက်ပုံးရှိရမည်။ ဈေးရှိလျှင် အမှိုက်ကန်ရှိရမည်ဟူ၍ ဖြစ်ပါသည်။ ရပ်ကွက်ထဲရှိ အိမ်ဆိုင်ကလေးများက ယခင်က အမှိုက်ပုံး ထားကြပါသည်။ ယခု မထားကြသလောက် ဖြစ်နေပါပြီ။ အလွန် ခေတ်စားနေသော ကြွပ်ကြွပ်အိတ်များကို ဈေးဝယ်သူအချို့က လမ်းပေါ်မှာပဲ ပစ်သွားကြပါသည်။

သည့်ထက်ဆိုးတာက အမှိုက်ကန် ဖြစ်ပါသည်။ တောင်ဥက္ကလာပ ၁၂ ရပ်ကွက်၊ ရေကန်ကြီးအနီး၌ ထန်းပင် သုံးပင် ရှိသည်။ ထိုထန်းပင်သုံးပင်ကို အစွဲပြု၍ ရှေးယခင်ကပင် ထန်းသုံးပင် ပျံကျဈေး ကလေးရှိပါသည်။ ထိုဈေးသည် အခြေခံ လူတန်းစားတို့ အားကိုးရသော ညနေဈေးကလေးဖြစ်သည်။ ဟင်းသီးဟင်းရွက်၊ ငါးပုစွန် အစုံ ရသည်။

ထိုဈေးကလေးကို နှစ်အတန်ကြာသောအခါ မြို့နယ်စည်ပင်သာယာက သိမ်းလိုက်၍ တရားဝင် စည်ပင် ဈေးကလေး ဖြစ်လာသည်။ ဈေးကို ခြံစည်းရိုးခတ်၊ ဈေးခေါင်းတစ်ဦးနှင့် ဈေးစောင့်များခန့်ထားရသည်။ နေ့စဉ် အခွန်အခများ ရပါသည်။ ထူးခြားသည်မှာ ထိုဈေးတွင် အမှိုက်ပစ်စရာ နေရာမရှိပါ။ ဈေးသွားဈေးလာများက ကြုံရာ ပစ်နေကြပါသည်။

ထို့ကြောင့် ဈေးတစ်ဝိုက်တွင် ညစ်ပတ်ကာ၊ ခွေးလေခွေးလွင့်များလည်း ပေါများနေပါသည်။ ယခင်က ရတနာ လမ်းမပေါ်မှာ အမှိုက်ကန်ရှိ၍ ဈေးနှင့်အဆင်ပြေနေသော်လည်း ထိုအမှိုက်ကန်ကို အနီးရှိ မြေပိုင်ရှင်တစ်ဦးက ဖျက်ခိုင်း၍ ဖျက်လိုက်ရသည် ဆိုပါသည်။ မည်သို့ပင်ဖြစ်စေ။ စည်ပင်သာယာမှာ တာဝန်ရှိပါသည်။

ဈေးအင်္ဂါနှင့်အညီ အမှိုက်ထည့်ရန် အမှိုက်ကန်ထားပေးပါဟူသော အသံများ ကြားနေရကြောင်းပါခင်ဗျား။ ။

မြတ်ဆွေ