ရင်ထဲမှာ မကောင်းလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး

ပို့စ်တင်ချိန် - 3/29/2014 10:05:00 PM


ညနေ ၄နာရီလောက် ယုဇနပလာဇာခဏရောက်ဖြစ်တယ်။
ရိုးရိုးလှေကားကနေ တက်လာတုန်း လှေကားထောင့်နားမှာ ကလေးတစ်ယောက် အကြော်ဗန်းလေးကိုင်ရင်း အလွန်စိတ်ပျက်အားငယ်နေတဲ့ မျက်နှာနဲ့ ထိုင်နေတာ တွေ့မိတယ်။
သူ့ပုံစံက ပင်ပန်းနွမ်းနယ်နေရှာပုံပါပဲ။
အနားကဖြတ်သွားတော့ လူကို အားကိုးတကြီးမျက်လုံးတွေနဲ့ ကြည့်နေရှာတယ်။
ပထမတစ်ခေါက် ဒီတိုင်း အမှုမဲ့အမှတ်မဲ့ ဖြတ်သွားမိတယ်။
နောက်တစ်ခေါက် ကျွန်တော်လှေကားက ပြန်ဆင်းအလာမှာ ခုနက ကလေး ဒီတိုင်း ထိုင်နေတာတွေ့ရပြန်တယ်။ စိတ်ဝင်စားလို့ မေးလိုက်မိတယ်။

“ သား……မင်း ဈေးမရောင်းဘူးလား။ ဘာလို့ ဒီမှာလာထိုင်နေတာလဲ”
“ ရောင်းပါတယ်ခင်ဗျ။ ရောင်းလို့ မကုန်သေးလို့ပါ။ ညနေတောင်ရောက်ပြီ အကြော်တွေ အများကြီးကျန်နေလို့ စိတ်ပျက်ပြီးထိုင်နေတာပါ”
“ အေးလေ…..ရောင်းမကုန်ရင် ကုန်အောင် မြန်မြန်လှည့်ပြီး ရောင်းရမှာပေါ့ကွ။ ထိုင်နေရင် ဘယ်ရောင်းရပါ့မလဲ သားရဲ့”
“ ရောင်းတာပါပဲ ဦးရယ်။ ဒီရက်ပိုင်း နေအရမ်းပူလို့ ရောင်းနေရင်း ရေ အရမ်းငတ်ပြီး ခေါင်းအရမ်းမူးလာလို့ထိုင်နေတာပါ။ အကြော်တွေကလည်း ဒီရက်ပိုင်း သိပ်မရောင်းရတော့ဘူး”
(အင်း………….နေသိပ်ပူလာတော့ လူတွေလည်း အကြော် သိပ်မစားကြတော့တာထင်ပါရဲ့)

ဆက်မေးကြည့်တော့ နာမည်က ၀င်းကိုကို၊ အသက် (၁၁)နှစ်၊ ရွာသာကြီးနားမှာ အဘိုး၊ အဘွားတွေနဲ့ နေတယ်။ အဘိုး၊ အဘွားက (၇၆)နှစ်စီရှိပြီ။ ၀င်းကိုကိုတို့ မောင်နှမ (၅)ယောက်မှာ သူက အကြီးဆုံး။ အဖေက သူ (၅)နှစ်သားအရွယ်မှာ ဆုံးသွားတယ်။ ဆုံးပြီး တစ်နှစ်အကြာမှာ အမေက သူတို့အားလုံးကို ထားခဲ့ပြီး နောက်အိမ်ထောင်ပြုသွားတယ်တဲ့။ ဒါနဲ့ သူတို့တွေအားလုံး အဘိုး၊ အဘွားတွေနဲ့ ကျန်ခဲ့ရှာတယ်။
သူက အကြီးဆုံးကလေးဆိုတော့ အလုပ်လုပ်ဖို့ ကျောင်းလည်းထွက်လိုက်ရရှာတယ်။
နေ့တိုင်း မနက်အစောကြီးထပြီး အကြော်လိုက်ရောင်းနေပါတယ်။
အကြော်အားလုံးကုန်ရင်တော့ သုံးထောင်လောက်မြတ်တယ်တဲ့။

မေးသမျှ မျက်နှာငယ်လေးနဲ့ တစ်ခွန်းချင်းဖြေနေရှာတဲ့ ကလေးကိုကြည့်ရင်း ကျွန်တော့်ရင်ထဲမှာ အပူလုံးကြီးတွေ အလိပ်လိုက်တက်လာပါတယ်။
မတ်လရဲ့ နွေနေအပူက ဆယ်ဆပိုကဲလာသလိုပါပဲ။
တကယ်ဆို မိဘအရိပ်အောက်မှာ နားခိုရင်း ကျောင်းခန်းထဲ ငြိမ်းချမ်းစွာ ပညာသင်၊ ဆော့ကစားနေရမယ့် အရွယ်လေးပါဗျာ။
ကျွန်တော့်မှာလည်း ဒီအရွယ် တူလေးတွေရှိပါတယ်။ တကယ်လို့ကိုယ့်တူသားတစ်ယောက်ယောက်သာ ဒီလို လုပ်ကိုင်နေရရင်ဆိုတဲ့ ကိုယ်ချင်းစာအတွေးတွေးမိရင်း ……………
သက်ပြင်းရှည်ကြီးပဲ မှုတ်ထုတ်လိုက်မိပါတော့တယ်။

ဘာမှ မစဉ်းစားတော့ဘူး။ ဒီကလေး လိမ်ချင်လည်း လိမ်တော့။
သူ့ ဗန်းထဲက တစ်ဝက်ကျော်လောက် ကျန်နေတဲ့ အကြော်အားလုံး အကုန်ဝယ်လိုက်တယ်။
ကလေးကို လက်ထဲက သောက်ရေသန့်ဘူးအေးအေးလေးကို သောက်ဖို့ ပေး၊
ကလေးရဲ့ ကျောကို ပွတ်သပ်ပေးပြီး ခဏတာ အားပေးမိလိုက်တယ်။
ကလေးရဲ့ မျက်နှာက ၀မ်းသာမှုနဲ့အတူ မေတ္တာငတ်နေတဲ့ အရိပ်တစ်ချို့ ဖြတ်ကနဲ မြင်မိလိုက်တယ်။
နွေနေပူ ကန္တာရခရီးမှာ သူ့အတွက် ခဏတာ နားခိုတဲ့ အရိပ်ကလေးဖြစ်ပါစေတော့လေ။
နှုတ်ဆက်ပြီး ပြန်ခဲ့တယ်။
အိမ်ပြန်လာရင်း ၀ယ်လာတဲ့အကြော်တွေကို ကျွန်တော်တို့ အိမ်ရာဝင်းဂိတ်က ချို့တဲ့ရှာတဲ့ လုံခြုံရေးသမား (၃)ယောက်ကို စားဖို့ပေးလိုက်တော့
သူတို့လည်း ကျေးဇူးတင်ဝမ်းသာကြတယ်။ သုပ်ပြီး ညစာဟင်းလုပ်စားမယ်တဲ့။

သြော်…….မြန်မာပြည်မှာ ဒီလိုမျိုး ရင်မောစရာ ပုံစံတူဖြစ်ရပ်တွေ ဘယ်လောက်တောင်ရှိနေခဲ့ပြီလဲဗျာ။

(ကျွန်တော် ကရုဏာရှင်ကြီးလည်း မဟုတ်ပါ။ Like လိုချင်လို့လည်း ရေးတာလည်း မဟုတ်ပါ။ Like မပေးကြပါနဲ့။ )

ရေးသားသူ- Kyaw Hlaing Win