ကမ္ဘာကြီးရသွားတဲ့ အတွေးအခေါ်တစ်ခု
ပို့စ်တင်ချိန်
- 3/09/2014 02:14:00 PM
(12 Years a Slave ဇာတ်ကားမှ ဇာတ်ဝင်ခန်း)
(ဆောင်းပါးရှင် - နီမင်းဆွေ)
‘ကျွန်တော် ငွေဝယ်ကျွန်လည်း မဖြစ်ချင်ဘူး။ ကျွန်ပိုင်ရှင်တစ်ယောက်လည်း မဖြစ်ချင်ဘူး။ ဒါဟာ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အခြေခံအကျဆုံး ကျွန်တော့်ရဲ့ ခံယူချက်ပဲ ဖြစ်တယ်’ လို့ အမေရိကန်သမ္မတ ‘အေဘရာဟန်လင်ကွန်း’ က ပြောခဲ့ဖူးပါတယ်။ ငွေဝယ်ကျွန်စနစ်ဟာ ကမ္ဘာပေါ်မှာ ဘီစီ ၈၀၀၀ လောက်ကတည်းက စပေါ်ခဲ့တာပါ။ လူတွေအားလုံး အကြိုက်တွေ့ခဲ့ကြတဲ့ စနစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အမေရိကန်သမ္မတတွေထဲမှာတောင် ကျွန်ပိုင်ရှင်တွေ ရှိခဲ့ကြဖူးပါတယ်။ အဲဒီလိုသမ္မတမျိုး ၁၈ ဦးရှိပြီး အဲဒီအထဲမှာ ‘ဂျော့ခ်ျဝါရှင်တန်’ တောင်ပါပါတယ်။ လူတွေ အသိဉာဏ် မပြည့်ဝခင်က လုပ်ခဲ့ကြတာဖြစ်ပြီး အခုခေတ်မှာ ငွေဝယ်ကျွန်စနစ်တော့ မရှိတော့ပါဘူး။ ဒါပေမဲ့ အဲဒီစနစ်မျိုးဆန်ဆန် လူတစ်ဦးချင်းအပေါ်မှာရော လူတွေအစုလိုက် အပြုံလိုက်အပေါ်မှာရော နှိပ်ကွပ်မှုတွေ အမြတ်ထုတ်မှုတွေကတော့ ကမ္ဘာကြီးပေါ်မှာ နေရာအနှံ့ ပန်းပန်လျက်ပါပဲ။
အာဖရိကနွယ်ဖွား အင်္ဂလန်နိုင်ငံသားဖြစ်တဲ့ ‘စတိမက်ကွင်း’ ဆိုတဲ့ ဒါရိုက်တာဟာ (12 Years a Slave) ဆိုတဲ့ ဖြစ်ရပ်မှန် ၀တ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်ခဲ့တယ်။ နာမည်ကြီး မင်းသားဖြစ်တဲ့ ‘ဘရက်ပစ်’ ဟာ ဒီဇာတ်ကား ထုတ်လုပ်သူတွေထဲမှာပါပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၂.၃.၁၄ ရက်နေ့တုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ (၈၆) ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အဲဒီဇာတ်ကားဟာ အကောင်းဆုံဇာတ်ကားဆု၊ အကောင်းဆုံး မူရင်းဝတ္ထုနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ထားတဲ့ ဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ငွေဝယ်ကျွန်ဆိုတာ ကိုယ်ပိုင်ကျွဲ,နွား စတဲ့ တိရစ္ဆာန်တွေနဲ့ ခြေထောက်လေးချောင်းပါတာနဲ့ နှစ်ချောင်းပါတာပဲ ကွာပါတယ်။ ငွေဝယ်ကျွန်တွေကို ရောင်းလို့ဝယ်လို့ရတယ်။ မဖွယ်မရာ လုပ်ချင်လည်း လုပ်လို့ရတယ်။ စိတ်တိုင်းကျ ကြိုက်သလောက် ရိုက်လို့ရတယ်။ သတ်ပစ်လို့လည်း ရတယ်။ ကျွဲတွေနွားတွေလို သူတို့အသားကို စားလို့မရတာဘဲ ကွာတာပါ။ အဲသလို စိတ်ထင်တိုင်း လုပ်လို့ရအောင်လည်း ရှေးတုန်းက တရားဥပဒေတွေက ခွင့်ပြုထားခဲ့ကြတာကိုး။ အဲဒီဇာတ်ကား ဆုတွေရတော့ လူတွေအားလုံး ၀မ်းသာကြတယ်။ ကမ္ဘာကြီး အနေနဲ့လည်း အရေးကြီးတဲ့ အတွေးအခေါ်တစ်ခု ရသွားခဲ့တာမို့ အဲဒီဲဇာတ်ကားဖြစ်မြောက်အောင် ကြိုးပမ်းခဲ့သူတွေကို လူတွေက ကျေးဇူးတင်နေကြတယ်။
၁၈၄၂ ခုနှစ်မှာ နယူးယောက်ပြည်နယ်ရဲ့ အရှေ့မြောက်ဖျားက ‘ဆန်ရာတာဂိုစပရင်းစ်’ ဆိုတဲ့ မြို့လေးတစ်မြို့မှာ ‘ဆော်လမွန်နော့သပ်’ ဆိုတဲ့ လွတ်လပ်တဲ့ အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသားတစ်ယောက် ပြန်ပေးဆွဲခံရတယ်။ နောက်ပြန်ပေးဆွဲသူတွေက သူ့ကိုသံကြိုးတွေ လက်ထိတ်တွေနဲ့ခတ်ပြီး ရောင်းစားလိုက်ကြတယ်။ အဲဒီအချိန်ကစပြီး ‘နော့သပ်’ ဟာ ငွေဝယ်ကျွန်စနစ်ကို ဥပဒေက တရားဝင်ခွင့်ပြုထားတဲ့ အမေရိကန်တောင်ပိုင်း ဂျော်ဂျီယာပြည်နယ်က ထွက်ပြေးလာတဲ့ ‘ပလပ်’ ဆိုတဲ့ ငွေဝယ်ကျွန်တစ်ယောက် အလိုလို ဖြစ်သွားရတဲ့အပြင် သင်္ဘောနဲ့ နယူးအော်လင်းပြည်နယ်ကို ပို့တာကိုလည်း ခံလိုက်ရတော့တာပါပဲ။
နောက်တော့ ‘နော့သပ်’ ဟာ ရက်ရက်စက်စက် အရိုက်ခံရပြီး ၀ါဂွမ်းစိုက်တဲ့သူဌေး ၀ီလျံဖို့ဒ်ရဲ့ ၀ယ်ယူခြင်းကို ခံရတယ်။ အဲဒီမှာ သူဌေးရဲ့ယာတောမှာ အလုပ်လုပ်နေတဲ့ လက်သမား ‘တိဘိစ်’ ဆိုသူက သူ့ကိုအနိုင်ကျင့်ပြီး ရိုက်နှက်ပါတယ်။ ‘နော့သပ်’ က ပြန်ခုခံလို့ တိဘိစ်အနာတရ ဖြစ်သွားပါတယ်။ ဒါကို တိဘိစ်က မကျေနပ်လို့ အဖွဲ့နှင့်ဝိုင်းဖမ်းချုပ်ပြီး ‘နော့သပ်’ ကို ကြိုးပေးသတ်ဖို့ ကြံစည်ပေမယ့် ဘေးကလူတွေ ၀ိုင်းဆွဲလို့ အသက်တော့မသေပါဘူး။ ဒါပေမဲ့ လည်ပင်းမှာ ကြိုးကွင်းတန်းလန်းနဲ့ တစ်နေ့နဲ့တစ်ညလောက် မတ်တတ်ရပ်နေခဲ့ရပါတယ်။ အဲဒီအချိန်မှာ သစ်ကိုင်းမှာချည်ထားတဲ့ ကွင်းလျှောကြိုးကွင်းက လည်ပင်းကိုမညှစ်မိအောင် တစ်ချိန်လုံး ခြေဖျားလေးတွေနဲ့ မြေကြီးကို ထောက်ထားရပါတယ်။ နောက်တစ်နေ့မှာတော့ ခြံပိုင်ရှင်က ကြိုးကွင်းကိုဖြုတ်ပေးပြီး သူ့ခြံမှာဆက်နေရင် တစ်နေ့နေ့တစ်ချိန်ချိန် အသက်အန္တရာယ် ဖြစ်လာနိုင်တဲ့အတွက် ‘နော့သပ်’ ကို ‘အက်ပ်စ်’ ဆိုတဲ့လူဆီ ရောင်းစားလိုက်ပါတယ်။
‘အက်ပ်စ်’ ရဲ့ခြံက ‘ပက်စီ’ ဆိုတဲ့ ငွေဝယ်ကျွန် အပျိုမလေးဟာ ၀ါဂွမ်းအဆွတ်တော်ပြီး တစ်ရက်ကို ပေါင် ၅၀၀ ကျော်အောင် ဆွတ်နိုင်သူ ဖြစ်ပါတယ်။ ‘နော့သပ်’ ကတော့ သတ်မှတ်စံနှုန်းဖြစ်တဲ့ ပေါင် ၂၀၀ ( ၇ ပိဿာအစိတ်သား)ကိုတောင် ရအောင်ဆွတ်နိုင်သူ မဟုတ်ပါဘူး။ ဒါ့ကြောင့် ညနေအလုပ်သိမ်းချိန်ရောက်ရင် ၀ါဂွမ်းပေါင် ၂၀၀ ပြည့်အောင် မဆွတ်နိုင်သူတွေဟာ ခြံပိုင်ရှင်ရဲ့ ကြာပွတ်နဲ့ရိုက်တာကို ခံကြရပါတယ်။ ‘နော့သပ်’ ကတော့ ပေါင် ၁၆၀ ပဲဆွတ်နိုင်လို့ အရိုက်ခံရတဲ့အထဲမှာ ရှေ့ဆုံးကပါတာပေါ့။
အဲဒီအချိန်မှာ ခြံပိုင်ရှင်အက်ပ်စ်ဟာ ပက်စီ့အပေါ် အနိုင်အထက်ပြုပြီး အသွေးအသားကို အတင်းအဓမ္မ ရယူလေ့ရှိပါတယ်။ ပက်စီရဲ့ဘ၀မှာ အဲဒီလိုလုပ်ခံရတာတွေ အကြိမ်ရေ စိပ်လာတဲ့အခါ ပက်စီဆုတောင်းမိတဲ့ အရာတစ်ခု ရှိလာပါတယ်။ အဲဒါကတော့ သေခြင်းတရားဆိုတဲ့ ဆုပါပဲ။ ဒါ့ကြောင့်သူ့ကို အဆုံးစီရင်ပေးဖို့နဲ့ ယာတောဘေးက နဂါးပွက်အိုင်ထဲမှာ သူ့အလောင်းကို ဖျောက်ဖျက်ပေးဖို့ ‘နော့သပ်’ ကို အကူအညီ တောင်းခဲ့ပါတယ်။ ဒါပေမဲ့ ‘နော့သပ်’ က လက်မခံခဲ့ပါဘူး။ တစ်ရက်မှာတော့ ပက်စီပျောက်သွားတဲ့အတွက် အက်ပ်စ်ဟာ ဆောက်တည်ရာမရဖြစ်သွားပြီး ခြံထဲကလူတွေအပေါ် သောင်းကျန်းပါတော့တယ်။ တကယ်တော့ ပက်စီဟာ တစ်ဖက်ခြံကခြံပိုင်ရှင် မစ္စစ်ရှောဆီသွားပြီး ဆပ်ပြာသွားတောင်းတာပါ။ ပက်စီရဲ့ခြံပိုင်ရှင် မစ္စစ်အက်ပ်စ်က ပက်စီ့ကိုညစ်ပြီး ဆပ်ပြာမပေးဘဲထားလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အက်ပ်စ်က ခွင့်မလွှတ်ပါဘူး။ ပက်စီ့ကို တစ်ကိုယ်လုံးချွတ် တိုင်မှာကြိုးနဲ့ကပ်ချည်ပြီး နောက်ကျောကို ကြာပွတ်နဲ့ရိုက်ဖို့ နော့သပ်ကို စေခိုင်းပါတယ်။ မစ္စစ်အပ်ပ်စ်က ဘေးကမတ်တတ်ရပ်ကြည့်နေပြီး အသက်ပါသွားအောင်ရိုက်လို့ အော်နေပါတယ်။ အက်ပ်စ်ကလည်း နောက်ကျောက အရှိုးရာတွေကြားက သွေးနဲ့အသားတစ်တွေအတူ ထွက်ကျလာတဲ့အထိရိုက်လို့ အော်ပြီးအမိန့်ပေးနေပါတယ်။ နောက်တော့ နော့သပ်ရိုက်တာ အားမရလို့ အက်ပ်စ်ကိုယ် တိုင်ဝင်ရိုက်ပြီး မောမှပြီးသွားပါတယ်။
နောက် နော့သပ်တို့ခြံကို ကနေဒါနိုင်ငံက လက်သမား ‘ဘတ်စ်’ (Brad Pit)ဆိုသူ ရောက်လာပါတယ်။ ခြံပိုင်ရှင် ရှုခင်းကြည့်ဖို့ နော့သပ်နဲ့အတူတွဲပြီး အဆောက်အအုံအသေးတစ်လုံး ဆောက်ကြရပါတယ်။ ဘတ်စ်ဟာ ငွေဝယ်ကျွန်စနစ်ကို လက်မခံသူမို့ ခြံပိုင်ရှင်အက်ပ်စ်နဲ့ သိပ်အလွမ်းမသင့်လှပါဘူး။ ဒါကို သတိထားမိတဲ့ နော့သပ်က နယူးယောက်မှာရှိတဲ့ သူ့မိတ်ဆွေတွေဆီကို စာတစ်စောင်ထည့်ပေးဖို့ အကူအညီတောင်းရာမှာ အသက်အန္တရာယ် ရှိတယ်ဆိုတာကို သိပေမယ့် ကူညီမယ်လို့ ဘတ်စ်ကပြန်ပြောခဲ့ပါတယ်။
နောက်များ မကြာခင်တစ်နေ့မှာ ရှရစ်ဖ်လို့ခေါ်တဲ့ နယ်မြေငြိမ်ဝပ်ပိပြားမှု အရာရှိဟာ အက်ပ်စ်တို့ခြံကို မြင်းလှည်းနဲ့ရောက်လာပြီး နော့သပ်ကို ပြန်ခေါ်သွားပါတော့တယ်။ ပက်စီ့ခမျာမှာတော့ ၀မ်းနည်းပက်လက်နဲ့ ကျန်ရစ်ခဲ့ရှာတာပေါ့။
နောက် နော့သပ်ဟာ ဇာတိမြို့လေးက သူ့အိမ်ကို သူပြန်ရောက်သွားပါတယ်။ ဇနီး သားနဲ့သမီး အပါအ၀င် မိသားစု အစုံအလင်နဲ့ ပြန်တွေ့ရပါတယ်။ သမီးက အိမ်ထောင်တောင်ကျနေပြီး ကလေးတောင်ရနေပါပြီ။ လသားအရွယ် မြေးယောက်ျားလေးကို နော့သပ်ချီနေတဲ့အချိန်မှာ ရုပ်ရှင်လည်း ပြီးသွားပါတယ်။
အခုနှစ် အော်စကာရာသီမှာ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ဘယ်သူရမလဲဆိုတာကို ပိုစိတ်ဝင်စားကြပါတယ်။ နောက်တော့ ‘ပက်စီ’ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကင်ညာနွယ်ဖွား ‘လွတ်ပစ်တာနယွန်းဂို’(LupitaNyong’o) က ရသွားပါတယ်။ ဒါနဲ့ပတ်သက်ပြီး အငြင်းပွားမှု မရှိခဲ့ပါဘူး။ ပက်စီ ရက်ရက်စက်စက် အနှိပ်စက်ခံရတဲ့ အခန်းကို သရုပ်ဆောင်တဲ့နေရာမှာ ပရိသတ်ကြီးရဲ့ရင်ထဲ အသည်းထဲကို အေးခနဲစိမ့်ခနဲဖြစ်သွားအေင် သရုပ်ဆောင်နိုင်ခဲ့လို့ ‘နယွန်းဂို’ ဟာ ဒီဆုကို ထိုက်ထိုက်တန်တန် ရခဲ့တာ ဖြစ်ပါတယ်။
ကိုယ်လည်း ဒီရုပ်ရှုင်ကြည့်ရင်းနဲ့ ပက် ရဲ့ အ၀တ်မပါ ဗလာဖြစ်နေတဲ့ ကျောပြင်ကြီးပေါ်ကို ပြင်းထန်တဲ့ကြာပွတ်ရိုက်ချက်တွေ ကျရောက်နေတာကို တွေ့ရတဲ့အခါ ပက်စီ့ကျောပြင်လို့ မမြင်မိတော့ပါဘူး။ မြန်မာပြည် မြေပုံကြီးပေါ်မှာ ကြာပွတ်ရိုက်ချက်တွေ ကျနေတယ်လို့ပဲ မျက်စိအာရုံထဲမှာ ထူးထူးခြားခြား တွေ့မြင်ပြီး ခံစားနေရပါတယ်။ ကျောပြင်ပေါ်ကို ကြာပွတ်ရိုက်ချက်တစ်ချက်ကျလိုက် မြန်မာပြည်မြေပုံမျက်နှာပြင်ပေါ်က သစ်တောကြီးတွေ ပျောက်သွားလိုက်၊ နောက်ကြာပွတ်ရိုက်ချက်တစ်ချက်ကျလိုက် မြေပုံပေါ်က မြစ်ရေတွေနောက်သွားလိုက်။ နောက်တစ်ချက်ကျလိုက် တက္ကသိုလ်တွေ တောထဲရောက်သွားလိုက်နဲ့ အဲဒီလိုပဲ မြင်နေမိပါတယ်။ ကြာပွတ်ရိုက်ချက် ဘယ်လောက်များများသလဲဆိုရင် ကြိုးဖြေပေးလိုက်တဲ့အခါ ပက်စီဟာ သတိမေ့ပြီး မြေကြီးပေါ်မှာ ခွေခွေလေးလဲနေပါပြီ။ ညဘက်ကျတော့ ပက်စ်စီရဲ့ နောက်ကျောပေါ်က ဧရာမ အရှိုးရာကြီးတွေကို နော့သပ်နဲ့ ငွေဝယ်ကျွန်မိန်းမတွေ ၀ိုင်းပြီးဆေးထည့်ပေးကြတဲ့အခါ ပက်စီ့ခမျာ နာလွန်းလို့ အော်တာတောင် အသံမထွက်နိုင် ရှာတော့ပါဘူး။
ငွေဝယ်ကျွန်တွေကြောင့် ၀ါဂွမ်းတွေအများကြီးထွက်ပြီး အမေရိကန်တောင်ပိုင်းကလူတွေ ထားစရာမရှိအောင် တအားချမ်းသာလာခဲ့ကြတာ အမှန်ပါပဲ။ အမှန်တရားနဲ့ လူလူချင်းအပေါ် ထားသင့်တဲ့ စာနာတရားတွေကို မျက်ကွယ်ပြုခဲ့ကြတဲ့ အဲဒီလူတွေဟာ နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ ကြာပွတ်နဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမတာကို ခံခဲ့ကြရပါတယ်။ သူတို့တစ်တွေဟာ ပြည်တွင်းစစ်ကြီး ဖြစ်လာတဲ့အခါမှာလည်း စစ်ရှုံး၊ မိသားစုဝင်တွေထဲက ခင်ပွန်းသည်တွေနဲ့ အရွယ်ကောင်းသားပျိုလေးတွေကိုလည်း မရဏရွာကို အရောက်ပို့ဆောင် ပေးခဲ့ကြရတဲ့အပြင် ကုန်းကောက်စရာ မရှိတော့တဲ့အထိလည်း မွဲသွားကြရပါတယ်။
ဒီဇာတ်ကားကြောင့် ကမ္ဘာကြီးရသွားတဲ့ အတွေးအခေါ် တစ်ခုကတော့ ‘လုပ်လို့ရတုန်း စည်းလွတ်ဘောင်လွတ် ထင်တိုင်းလုပ်ခဲ့ကြတဲ့လူတွေဟာ တစ်ချိန်မှာ ကိုယ်ရယူထားတာထက် အဆပေါင်းများစွာ ပြန်လည်ပေးဆပ်ရတတ်တယ်’ ဆိုတဲ့ အတွေးအခေါ်ပဲ ဖြစ်ပါတယ်။
Eleven Media Group