မှားယွင်းသွားသော ကြိယာဝိသေသန

ပို့စ်တင်ချိန် - 3/04/2014 07:13:00 PM


‪#‎emg_opinions‬
(Written by: နရီမင်း)

"မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ်ရယ်....မနေ့က ငါ သေဆုံးသွားခဲ့တယ်။ ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် ဘယ်မှာလိုက်လို့ရှာမယ် ကြင်နာသူ မင်းမရှိတဲ့နောက်..."

မှုန်ကုပ်ကုပ် လက်ဖက်ရည်ဆိုင်လေးအတွင်း စုတ်ချာချာ ကက်ဆက်မှ မှုန်ကုပ်ကုပ် ထူးအိမ်သင်၏ သီချင်းသံ ထွက်ပေါ်လာနေခဲ့သည်။ ဤနေရာ၌ ကြိယာဝိသေသန အထားမှားသွား၏။ "ထွက်ပေါ် လာနေခဲ့သည်" ဟူသော ကြိယာရှေ့၌ "မှုန်ကုပ်ကုပ်" ဟူသော ကြိယာဝိသေသနကို ထားရမည့်အစား ယင်းသည် 'ထူးအိမ်သင်' ဟူသော နာမ်၏ရှေ့သို့ နာမ၀ိသေသနအဖြစ် ရောက်ရှိသွားသောကြောင့် ထူးအိမ်သင်ခမျာ အခြောက်တိုက် မှုန်ကုပ်ကုပ် ဖြစ်သွားရလေသည်။

စာကို တမင်မရှည်ရှည်အောင် ဤကဲ့သို့ အပိုဆာဒါးများ ထည့်သွင်းရေးသားခြင်းမျိုးကို "၀တ္ထုအစ၌ နံရံပေါ်တွင် သေနတ်တစ်လက် ချိတ်ထားပါက ယင်းသေနတ်ကို တစ်နေရာရာတွင် ပစ်ကိုပစ်ရမည်" ဟု ဆိုခဲ့ဖူးသည့် ရုရှားစာရေးဆရာကြီး ချက်ကော့ဗ်ကဲ့သို့ သိပ်သည်းကျစ်လျစ်သော စကားပြေ အရေးအသားကို အလိုရှိကြကုန်သော ပညာရှင်အပေါင်းတို့က လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပါ။

ငယ်စဉ်က သင်ကြားခဲ့ရသော "အထက်တန်းစကားပြေ လက်ရွေးစင်" စာအုပ်ပါ ဆရာကြီးရွှေဥဒေါင်း၏ "ခွန်အားရှိသောစာ" ဆောင်းပါး၌-

(၁) ရေးလိုသည့် အကြောင်းအရာကို ကောင်းစွာ နားလည်ခြင်း။

(၂) အချက်ကျကျ ရေးတတ်ခြင်း (၀ါ) သင့်လျော်သော စကားလုံးများကို ရွေးချယ်တတ်ခြင်း။

(၃) ကြံ့ခိုင်ကျစ်လျစ်သော ၀ါကျမျိုး တည်ဆောက်ခြင်းတို့ လိုအပ်ပေသည်" ဟု ခံ့ညားစွာ ရေးသားထားသည်ကို သင်ရိုးအဖြစ် သင်ကြားနာယူ ခဲ့ရဖူးပါသည်။ သို့သော် ကျွန်တော့်အတွက် ခက်နေသည်က ကျွန်တော့ဘာသာ "ဘာရေးချင်မှန်း မသိခြင်း" ပင်ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုသော် ရေးလိုသည့် အကြောင်းအရာကို (ကိုယ်တိုင်က) ကောင်းစွာနားမလည်ဟု ဆိုရပေလိမ့်မည်။

အချုပ်အားဖြင့်ဆိုရလျှင် ကျွန်တော့်အကြောင်းအရာကို စာဖတ်သူအနေဖြင့် "နားမလည်" ဟု ပြောလာခဲ့ပါက ကျွန်တော် ကိုယ်တိုင်သည်ပင်လျှင် နားမလည်ကြောင်း မရှက်မကြောက် ၀န်ခံလိုက်ပါသည်။

အမှန်အတိုင်း ၀န်ခံရပါက အဖွင့်စာကြောင်း၌ ကျွန်တော်သည် ကြိယာဝိသေသနကို တမင်မှားယွင်းစွာ သုံးစွဲခဲ့ခြင်း ဖြစ်ပါသည်။ အကယ်၍ အစကတည်းက အမှန်အတိုင်း ဖြစ်ခဲ့ပါလျှင် ဤစာစု ပေါ်ပေါက်လာနိုင် စရာပင် အကြောင်းမရှိပါ။ ၀တ္ထုဇာတ်လမ်း တစ်ပုဒ်၌ပင်လျှင် အစကတည်းက အရာရာသည် အမှန်အတိုင်း ဖြစ်နေပါက (၀ါ) အရာရာ အဆင်ပြေချောမွေ့နေပါက စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာတော့မည် မဟုတ်ပါ။ လူတိုင်းလူတိုင်းသည် ကိစ္စတိုင်း ကိစ္စတိုင်း၌ အမှန်အတိုင်းသာ ပြုလုပ်ဆောင်ရွက် နေကြမည်ဆိုပါလျှင် ပြောစရာ(၀ါ) ရေးသားစရာ အကြောင်းအရာများ ရှားပါးကုန်ခန်း လာနိုင်ပါသည်။ (ဂျာနယ်လစ်များစွာတို့ အလုပ်လက်မဲ့ဘ၀သို့ ကျရောက်သွားနိုင်သည်။)

အိမ်တစ်လုံးအတွင်း၌ ပစ္စည်းကိရိယာ အ၀၀ကို အမြဲထာဝရ နေသားတကျ ပြန်ထားပါက အိမ်ကိုရှင်းရန် မလိုအပ်တော့သောကြောင့် အိမ်ရှင်မတို့၏ ဘ၀သည် အတော်ပင် ပျင်းရိပြီး ငြီးငွေ့ဖွယ် ကောင်းသွားပေလိမ့်မည်။ (ဤစာကြောင်းကို ဖတ်ပြီးလျှင် သင့်အနေဖြင့် 'ရှုပ်' ဟူသောစကားလုံး မရှိပါက 'ရှင်း' ဟူသော စကားလုံးပေါ်ပေါက်လာနိုင်စရာ အကြောင်းမရှိကြောင်း ဘာသာစကား သမိုင်းရှုထောင့်မှ နားလည်သဘောပေါက် သွားနိုင်ပါသည်။)

အစတွင် ဖော်ပြထားသော ထူးအိမ်သင်၏ သီချင်းသံထွက်ပေါ် လာချိန်သည် ကျွန်တော်တစ်ယောက် 'ရှိုပင်ဟောင်းဝါး' ၏ 'အသက်ရှင် ရပ်တည်လိုသောဆန္ဒ' နှင့် ပတ်သက်သည့် အတွေးအခေါ်အပေါ် စဉ်းစားဆင်ခြင်ချိန်နှင့် တိုက်ဆိုင်၏။ ထို့ကြောင့် "ကျွန်တော် စဉ်းစားဆင်ခြင်နေခဲ့သည်" ဟူ၍ Verb ကို Past Continuous Tense သုံးသင့်ပါသည်။

ထူးအိမ်သင်၏ သီချင်းသံထွက်ပေါ်လာပြီးမှ ယင်းသီချင်းစာသားက နှိုးဆွပေးလိုက်သောကြောင့် ကျွန်တော် ရှိုပင်ဟောင်းဝါးကို သတိရသွားခြင်းမျိုး မဟုတ်ပါ။ တစ်ခုပြီးတစ်ခု ဖြစ်ခြင်းမျိုး မဟုတ်သောကြောင့် "ထူးအိမ်သင်သီချင်း ထွက်ပေါ်လာခဲ့ပြီးနောက်" ဟူ၍ Past Perfect Tense ကိုသုံးရန် မသင့်လျော်ပါ။

ထို့နောက် ဟောင်းနွမ်းလှပြီဖြစ်သော ကက်ဆက်ကြောင့် ချမ်းလွန်း၍ ခွေးအိုကြီးတစ်ကောင် တအီအီ ညည်းညူနေသည်နှင့်တူသော သီချင်းသံကို လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုယ်တိုင်က နားကြားပြင်းကတ်သွား၍ လားမသိ၊ သူ၏ကက်ဆက်ကို ပိတ်ပစ်လိုက်၏။ အမှန်တကယ်၌ ယခုခေတ်ကဲ့သို့ အိုင်တီထွက်ကုန်များ ပေါကြွယ်ဝလှသော ခေတ်အခါတွင် ကက်ဆက်ကို အသုံးပြုသေးခြင်းကပင် ခပ်ကြောင်ကြောင် နိုင်သလိုလို ထူးဆန်းသလိုလို ဖြစ်နေသည်။ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ဆိုနိုင်သည်။

ရသဗေဒအမြင်အရ ဆိုင်ရှင်သည် ကက်ဆက်ကို ရှေးဟောင်းပစ္စည်း တစ်ခုကဲ့သို့ သဘောထားကာ 'မြတ်နိုးမှုတန်ဖိုး' ဖြင့် ထိန်းသိမ်းထားသည်ဟု ဆိုရမည်လား သို့မဟုတ် နိုင်ငံရေးဘောဂဗေဒ အမြင်အရ ခေတ်သစ်၏ အသီးအပွင့်များကို လူတိုင်းခံစားခွင့် မရကြဟုဆိုရမည်လား မပြောတတ်။

ရှိုပင်ဟောင်းဝါး၏ အလိုအရ လူတို့၏ အသက်ရှင်မှုသည် စိတ်ဆန္ဒကြောင့်ဖြစ်သည်။ တစ်နည်းဆိုသော် အသက်ရှင်သန်လိုသော ဆန္ဒကြောင့်သာလျှင် လူတို့သည် ဘ၀တွင် ရုန်းကန်နေကြခြင်းဖြစ်သည်။ ထို့အပြင် လူတို့၏ လောဘ၊ ကြိုးပမ်းမှု၊ ရုန်းကန်မှု၊ ခံစားမှု အလုံးစုံတို့သည် စိတ်ဆန္ဒကြောင့်သာ ပေါ်ပေါက်လာရသည်။ ထို့ကြောင့် စိတ်ဆန္ဒသည်သာ အရာခပ်သိမ်းကို ပြဋ္ဌာန်းသော အခြေခံအကြောင်းတရားဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ တုန်နှုန်းမမှန်သော ကက်ဆက်ကြောင့် နားဝင်ပီယံ မရှိလှသော သီချင်းသံ ရပ်ဆိုင်းသွားရာ ကျွန်တော်သည် "တချို့သီချင်းတွေက ဖွင့်ထားတဲ့ အချိန်အရသာ ခံရတာ မဟုတ်ဘူး။ ပြီးသွားတဲ့အချိန် ဒါမှမဟုတ် ပိတ်လိုက်တဲ့အချိန်ကို အရသာခံရတာ" ဟူသည့် သူငယ်ချင်းတစ်ဦး၏ ဂီတဆိုင်ရာ ခံစားတွေ့ရှိချက် တစ်ရပ်ကို သတိရလိုက် မိပါသေးသည်။

နားထဲ၌ အေးမြချမ်းမြေ့သွားသောကြောင့် ကျွန်တော်သည် အတွေးများအား ဆက်လက်ရွက်လွှင့်ရန် ပြင်ဆင်လိုက်ပါသည်။ အသက်ရှင်သန်လိုသော စိတ်ဆန္ဒနှင့် အသက်ရှင်သန်လိုမှုနှင့် မသက်ဆိုင်သော စိတ်ဆန္ဒများအကြောင်း ကျွန်တော်ခွဲခြမ်းစိတ်ဖြာ ကြည့်လိုစိတ် ပေါ်ပေါက်လာပါသည်။

သို့သော် ကျွန်တော်၏ မျက်လုံးများသည် ကျွန်တော် မပတ်ချင်ဘဲ ပတ်ထားရသော လက်ပတ်နာရီပေါ်သို့ မတော်တဆ ကျရောက်သွားပါသည်။ ထို့ကြောင့် ကျွန်တော်သည် ထူးအိမ်သင်၊ ရှိုပင်ဟောင်းဝါးနှင့် အခြားအရာများကို အသာထားပြီး လက်ဖက်ရည်သောက် မုန့်ကိုစားကာ နေ့စဉ်အလုပ်ရှိရာသို့ ထွက်လာခဲ့ရပါတော့သည်။

Eleven Media Group