ကောလာဟလ ဖုန်း
ပို့စ်တင်ချိန်
- 3/24/2014 09:54:00 AM
ဖုန်းသတင်းကို မြို့ထဲက လက်ဖက်ရည်ဆိုင်မှာ ကျော်စိုး ကြားပြီးကတည်းက ရပ်ကွက်ထဲသို့ မြန်မြန်ပြန် ရောက်ချင်နေပြီ။ သေရေးရှင်ရေးတမျှ အရေးကြီးသော ထို သတင်းကို ရပ်ကွက်ထဲတွင် မြန်မြန်ပြန် ပြော မှဖြစ်မည်။ ကိုယ်အပြောနောက်ကျလို့ လူတွေသေကုန်လျှင် မိမိတာဝန်မကင်းဟု ကျော်စိုး စိုးရိမ်နေသည်။
မြန်မြန်ရောက်ချင်ပါတယ်ဆိုမှ မီးပွိုင့်တွေက ပျက်။ ကားတွေပိတ်နဲ့ ရပ်ကွက်ထဲရောက်ဖို့ တော်တော်လေး ကြာလိုက်သည်။ခုနက ကျော်စိုးမြို့ထဲတွင် လက်ဖက်ရည် ဆိုင်ထိုင်နေတုန်း ဟိုဘက်ဝိုင်းက လူကြီးနှစ် ယောက်စကားပြောသံကို တစ်စွန်းတစ်စ ကြားလိုက်ရသည်။
“သုညနဲ့စတဲ့ နံပါတ်အပူးတွေနဲ့ ဖုန်းလာရင် မကိုင်နဲ့ကွ”
“ဘာဖြစ်လို့လဲဗျ”
“မန္တလေးမှာ အဲဒီလို ဘယ်ကမှန်းမသိတဲ့ နံပါတ်အပူးတွေနဲ့ ဖုန်းလာလို့ ကိုင်လိုက်တာ လူတစ်ယောက် သေသွားတယ်ဆိုပဲ”
“ဟေ … ဟုတ်ပါ့မလား။ သေချာလို့ လားဗျာ”
“အင်တာနက်မှာ ဖတ်ရတာပဲဗျ။ တောင်ငူမှာဆို သုညတွေနဲ့စတဲ့ အပူးနံပါတ် ဖုန်းလာလို့ ကိုင်လိုက်တာ ဖုန်းပေါက်ကွဲသွားတယ်ဆိုပဲ” ထိုလူနှစ်ယောက်ပြောသံကို ကျော်စိုးကြားတော့ သေချာအောင်ပင် ထိုလူ နှစ်ယောက်ကို ထပ်မမေးမိ။ ချိန်းထားသော သူငယ်ချင်းကိုပင် မစောင့်တော့ဘဲ လက်ဖက်ရည်ဆိုင်မှ လစ် ကာ ရပ်ကွက်ထဲသို့ ပြန်လေသည်။ ရပ်ကွက်ထဲမ၀င်ခင် လမ်းထိပ်မှာပင် ဓမ္မာရုံဥက္ကဋ္ဌဦးမြကြီးကို တွေ့ သဖြင့် ထိုသတင်း ပြောပြလိုက်သေးသည်။
“မြို့ထဲကလူတွေ အပူးနံပါတ်နဲ့ ဖုန်းဝင်လာလို့ ကိုင်လိုက်တာ သေကုန်ကြတယ်တဲ့ ဗျ” ဟု ကျော်စိုးက သာသာထိုးထိုးလေး ပြောလိုက်သည်။ ဦးမြကြီးက ပြူးပြီး ကြည့်သည်။
“အဲဒါ သတင်းကြားကြားချင်း ရပ်ကွက်ထဲ ပြန်လာပြီးပြောတာ။ အဲဒီဖုန်းတွေ ၀င်လာရင် မကိုင်နဲ့လို့”
“ဟုတ်ပါ့မလား မောင်ကျော်စိုးရာ။ ဖုန်းဝင်လာတာကို ကိုင်တာနဲ့ သေသတဲ့လား” ဦးမြကြီးက မယုံသင်္ကာ မေးသည်။
“ဟုတ်တယ်ဗျ။ ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့တာ။ မယုံရင်တော့ ကိုယ့်သဘောပဲ” ဟု ကျော်စိုးပြောကာ အိမ်ကို ပြန်သည်။ အိမ်ရောက်တော့ အမေ့ကိုလည်း ထိုသတင်း ပြောသည်။
“အမေရေ။ ဟိုဘက်ရပ်ကွက်မှာ နံပါတ်အပူးနဲ့ ဖုန်းဝင်လာလို့ကိုင်လိုက်တာ လူတစ်ယောက် သေသွား တယ်တဲ့”
“ဘယ်နံပါတ်အပူးက ဘယ်အထဲကို ၀င်တာလဲ။ နင့်ဟာကလည်း ရှင်းရှင်း လုပ်စမ်းပါ”
“ဟာ အမေကလည်း တုံးလိုက်တာ။ ဟို ၁၅၀၀ ဖုန်းတွေကို ဖုန်းလှမ်းခေါ်ရင် ခေါ်တဲ့နံပါတ်ပေါ်တယ် လေ”
“ငါ့မှ ဖုန်းမဲ မပေါက်သေးတာ ဘယ်သိမလဲဟဲ့”
“အင်းပါ။ ဖုန်းလာရင် နံပါတ်ပေါ်တယ်။ အခုပေါ်တဲ့နံပါတ်က လာနေကျဖုန်းနံပါတ် မဟုတ်ဘဲ သုညတွေ အများကြီးနဲ့စပြီး အပူး ဂဏန်းတွေတဲ့။ အဲဒီဖုန်းကို ကိုင်လိုက်ရင် သေရောတဲ့”
“ဟေ … ဟုတ်ရဲ့လား။ ဟိုဖုန်းတွေ ခဏခဏ မဲပေါက်တဲ့ ရပ်ကွက်လူကြီးအမျိုးတွေ သေကုန်ပြီလား မသိ ဘူး”
“အင်း … သူတို့က ဖုန်းအများကြီးရှိတော့ တစ်ယောက်ယောက်တော့ သေလောက်တယ်”
“ပယောဂများကိုင်သလား မသိဘူး။ အောက်လမ်းသမားတွေ လုပ်တာနေမယ်။ ဒါနဲ့ ဟိုငါသွားသွားဆက် နေတဲ့ PCO က ကြိုးဖုန်းတွေဆို နံပါတ်မပေါ်ဘူးလေ။အဲဒီ ဖုန်းကိုင်ရင်ရော သေလား”
“သေတာပဲ”
“ပြဿနာပါပဲ။ ပီစီအိုက ကောင်မလေးကို သွားပြောဦးမှပဲ။ သေသွားရင် ဒုက္ခသို့ နှင့် ကျော်စိုး အမေလည်း အပြင်ထွက်သွားသည်။ ကျော်စိုးလည်း ရပ်ကွက်ထဲပတ်ကာ ထိုသတင်းကို ပြောလေသည်။ ကျော်စိုးက အုပ်ချုပ်ရေးမှူးကလွဲ၍ ကျန်ရပ်ကွက်သားများကို မသေစေချင်သေး။
ထို့ကြောင့် ဖုန်းသတင်းကို ယုတ္တိရှိရှိ ပြောရမည်။ မလိမ်ချင်သော်လည်း ရပ်ကွက်သားတို့ သေဘေးမှ မတွေ့စေရန် လိမ်ပြောရတော့မည်။ ပွဲစားဒေါ်ပုနှင့်တွေ့သည်။
“ဒေါ်ပုရေ …” ဟု အစချီကာ ဖုန်း သတင်းကိုပြောသည်။
“ကျော်စိုးရယ် … သေချာရဲ့လား” သေချာပါတယ် ဒေါ်ပုရဲ့။ “မြို့ထဲမှာနေတဲ့ ကျွန်တော့်ဘကြီးတို့အိမ်နား က လူတစ်ယောက် အဲ့လို သေသွားတာ”
“ဟိုဘက်လမ်းက ပွဲစားမသိန်းရဲ့ ဖုန်းကိုတောင် မနက်ကသုညတွေနဲ့စတဲ့ နံပါတ် ၀င်လာသေးတော့ ထူးဆန်းပြီး သူက ပြသေးတယ်။ မသိန်းကိုင်လိုက်တော့ ကျသွားတယ်။ မသေပါဘူးဟ”
“ဟာ … ဒေါ်ပုကလည်း ဖုန်းကျသွားလို့ မသေတာ။ ဖုန်းသာဝင်ရင် အသံအကျယ်ကြီး ကြားရပြီး နားစည် ကွဲသေတာပဲ”
“အို … တော်သေးတယ်။ မသိန်းသေလို့ မဖြစ်သေးဘူး။ ငါ့အကြွေးတွေ ရှိသေးတယ်။ သွားပြောဦးမှပါပဲ”
ဟုပြောကာ ထွက်သွားသည်။ ဒေါ်ပုဆီ ဒီသတင်းရောက်လို့ကတော့ သူတောင် ဆက်ဖြန့်နေစရာ မလို တော့ … ဒေါ်ပုကို ရပ်ကွက်ထဲမှာ BBC ဟု ခေါ်ကြသည်။ သို့ပေမယ့် ပြောစရာရှိတာကိုတော့ ပြောရဦး မည်။ တစ်ညနေလုံး ရပ်ကွက်ထဲ လှည့်ပြောသည်။ အချို့ မယုံသူများကိုဆိုလျှင် မရှိသော ကျော်စိုးဘကြီး ဖုန်းကိုင်ရင်း သေသွားသည်ဟု ပြောသည်။
ဟိုဘက်ရပ်ကွက်က လူသေသည်ဟု ပြောသည်။ ညနေတိုင်း ကန်နေကျ ဘောလုံးပွဲတောင် ပျက်သွားပြီး အိမ်ကို ပြန်ကုန်ကြသည်။
မိုးမချုပ်ခင်ပင် ထိုသတင်းက ပြန့်နှံ့သွားသည်။ တချို့ကလည်း ကျော်စိုးပြောပြမှ သိရသည်ကို သူတို့ကိုယ် တိုင် ကြုံဖူးသကဲ့သို့ ပြန်ပြောသည်။ ပွဲစားဒေါ်ပုက ဒေါ်သိန်းဖုန်းသို့လည်း ထိုနံပါတ် လာဖူးကြောင်း သာ ပြောခြင်းဖြစ်သော်လည်း နောက်ထပ် သတင်းဖြန့်သူများက ဟိုဘက်လမ်းက ဒေါ်သိန်း နံပါတ်အပူးဖုန်း ကိုင်ရင်းသေပြီဟု သတင်းလွှင့်သည်။
ထို့ကြောင့် ဒေါ်သိန်းအိမ်သို့ သွားကြသည်။ ဒေါ်သိန်းအိမ်ရောက်တော့ ဘယ်သူမှ မရှိ။ ဘေးအိမ်တွေက လည်း ဒေါ်သိန်းတို့ မိသားစုကားငှားပြီး ထွက်သွားကြကြောင်း ပြောသည်။
ထို့ကြောင့် ဒေါ်သိန်းသေပြီဟု ယူဆလိုက်ကြသည်။ တစ်ရပ်ကွက်လုံးလည်း သုညနှင့်စသည့်ဖုန်း မဟုတ် ဘဲ ဖုန်းနံပါတ် အစိမ်းလာလျှင်ပင် မကိုင်ရဲတော့။ နံပါတ် မှတ်ထားသည့်ဖုန်းမှ ကိုင်တော့သည်။ ကြိုးဖုန်း များလာလျှင်လည်း မကိုင်တော့။ ကြိုးများကို ဖြုတ်ထားလိုက်ကြသည်။
နောက်တစ်နေ့မနက် ဈေးထဲမှာလည်း ဖုန်းအကြောင်း။ လမ်းထဲမှာလည်း ဖုန်းအကြောင်း၊ ဓမ္မာရုံလည်း ဖုန်းအကြောင်း။ ဘာပဲဖြစ်ဖြစ် ကျော်စိုး ပျော်သည်။ ကျော်စိုး ပြောသောသတင်း ရပ်ကွက်ထဲ ပြန့်သွား သည်ကို ကျော်စိုး သဘောကျသည်။
သို့သော်လည်း ထိုသတင်းကို ကျော်စိုးမှ တစ်ဆင့်သိရကြောင်း ကျော်စိုးကို ခရက်ဒစ် မပေး။ ပြောသူတိုင်း က သူတို့ကိုယ်တွေ့သဖွယ် ပြောကြသည်။
ထိုနံပါတ်အပူးဖုန်းကို ကိုင်လိုက်သဖြင့် သူတို့ ဘကြီးသေသလိုလို၊ ကျောင်းက သူငယ်ချင်း သေသလိုလို ပြန်ပြောကြသည်။ ဘာပဲဖြစ်ဖြစ် ထိုသတင်းပြန့်သွား၍ ရပ်ကွက်သူရပ်ကွက်သားများ သေဘေးမှ ဝေးကွာ သွားသည့်အတွက် ကျော်စိုး ပျော်နေသည်။
ကျော်စိုး ဈေးထဲရောက်ချိန်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သေပြီဟု ယူဆထားသော ပွဲစားဒေါ်သိန်း ဈေးအတွင်း ၀င်လာသောကြောင့် ဖြစ်သည်။ ဒေါ်သိန်းကို သိသူများက သရဲဆိုပြီး ပြေးကြသေးသည်။နောက်တော့မှ သရဲမဖြစ်နိုင်မှန်းသိကာ ၀ိုင်းပြီးမေးကြရင်း မသေမှန်း သိသွားသည်။
“မနေ့က ပွဲတစ်ပွဲဖြစ်လိုက်လို့ တစ်အိမ်လုံး မြို့ထဲမှာ ကြေးအိုးသွားသောက်တာ”
“အော် …ဒါကြောင့် ညနေက အိမ်မှာ မရှိတာကိုး ။ မသိပါဘူးအေ … ညည်းကို ရေခဲတိုက်သွားပို့နေတယ် မှတ်လို့”
“ဘာလို့ ရေခဲတိုက်သွားရမှာတုန်း …. ညည်းသွားပါလား”
“နင့်ဆီကို သုညတွေနဲ့စပြီး ဘယ်ကမှန်း မသိတဲ့ ဖုန်းနံပါတ်အပူးတွေ လာတယ်ဆို”
“အေးလေ … အဲဒါ ဘာဖြစ်လဲ”
“အဲဖုန်းကိုင်ရင် သေတယ်ဆိုလို့”
“ဘယ်သူပြောတာလဲ”
“တစ်ရပ်ကွက်လုံး ပြောနေကြတာပဲ။ ညည်း မသိသေးဘူးလား”
“နံပါတ်အပူးပေါ်တယ်ဆိုတာ ဟုတ်တယ်။ ငါကိုင်လိုက်တော့ ကျသွားတယ်။ ဘာမှ မသေဘူး”
ဒေါ်သိန်းမသေသော်လည်း ထိုသတင်းကို အယုံအကြည် မပျက်သေး။ ဒေါ်သိန်း ဖုန်းကိုင်တော့ ကျသွား လို့မသေတာ။ ဖုန်း မကျရင်သေမှာပဲဟု တွေးတွေးဆဆ ပြောကြသည်။ ရပ်ကွက်ထဲကမှာ မသေလည်း မြို့ထဲကလူတွေမှာပဲ။ ရန်ကုန်ကလူ မသေလည်း မန္တလေးကလူ သေမှာပဲဟု ပြောကြသည်။
တချို့ကလည်း ဖုန်းကိုင်လိုက်လို့ သေတယ်ဆိုတာကို မယုံ။ မယုံသူနှင့် ယုံသူတို့ ရန်ဖြစ်ကြသေးသည်။
တစ်ရက် ကျော်စိုးတို့အိမ်ခြေရင်းက မကြည်၏ဖုန်းသို့ ထိုသုညများနှင့်စပြီး နံပါတ် အပူးဖုန်း ၀င်လာသည်။ မကြည် မကိုင်ရဲ။ ခဏနေတော့ ပြန်ကျသွားသည်။ မကြည်လည်း ရပ်ကွက်လူကြီးအိမ်သို့ပြေးကာ သူ့ ကို လူတစ်ယောက်ယောက် သေကြောင်းကြံကြောင်း ငိုယိုကာ တိုင်တော့သည်။
“ဒါ ခေါင်းရင်းအိမ်က ကျော်စိုး လုပ်တာပဲဖြစ်မယ်။ ဟိုတစ်နေ့က ငါးကြော်တာကို ညှော်တယ်ဆိုပြီး ရန် လာ ဖြစ်သေးတယ်။ ဒါကြောင့် သေအောင်လုပ်တာပဲ ဖြစ်မယ်”ဟုတိုင်တန်းသည်။ ထို့ကြောင့် ရပ်ကွက် လူကြီးက ကျော်စိုးကို ခေါ်ကာမေးသည်။
“ကျွန်တော့်မှာ ဖုန်းမှ မရှိတာ။ ဘယ်လိုလုပ်ပြီး သူ့ဖုန်းကို ခေါ်လို့ရမလဲဗျာ” ဟု ကျော်စိုးက ဖြေရှင်းချက် ပေးသည်။
“နင်နဲ့ငါနဲ့မတည့်တာ တစ်ရပ်ကွက်လုံး သိတယ်။ နင်မခေါ်လို့ ဘယ်သူ ခေါ်ရမလဲ ဟဲ့ သေနာကောင်ရဲ့” ဟု မကြည်က ၀င်ပြောသည်။
“သေမင်းခေါ်တာ နေမှာပေါ့ဗျ။ ဥက္ကဋ္ဌ မေးကြည့်ပါလား။ သေမင်း ဖုန်းမဲပေါက် သွားသလားလို့”မကြည်က မကျေနပ်ဘဲ ရဲစခန်းသွားတိုင်သေးသည်။ သို့သော်လည်း ထိုကိစ္စက ဘာမှ ခြေခြေမြစ်မြစ် မရှိသဖြင့် ပြီး သွားသည်။
“မကြည်ကို သေမင်းက ဖုန်းဆက်တယ်” ဆိုပြီး ကျော်စိုးက ဖွလိုက်သေးသည်။
နောက်တော့လည်း ရပ်ကွက်သားတို့ ထုံးစံအတိုင်း ဖုန်းနံပါတ်အပူးကိစ္စ မေ့မေ့ ပျောက်ပျောက် ဖြစ်သွား သည်။ ဖုန်းလိုင်းတွေ ပူးပြီးဖြစ်တာဟုလည်း အချို့က ပြောကြသည်။ ကျော်စိုးကတော့ သိပ်မကျေနပ်။ သူ ယူလာသည့်သတင်း မမှန်၍ဖြစ်သည်။ ဖြစ်နိုင်လျှင် သူ့ဆီနံပါတ် အပူးဖုန်းဝင်လာပါက ကိုယ့်ကိုကိုယ် သတ်သေဖို့တောင် ကြံစည်ထားလိုက်သည်။ သတင်းမှန်အောင် ဖြစ်သည်။ သို့သော် နံပါတ်အပူးဖုန်း ၀င် မလာသဖြင့် ကျော်စိုးမသေလိုက်။ သိပ် တော့မကျေနပ်။
Credit: Mizzima