နယူးယောက်မှာ ဂက်စ်ပေါက်ကွဲမှု မီးလောင်၊ အဆောက်အဦပြိုကျ

ပို့စ်တင်ချိန် - 3/13/2014 09:27:00 AM

 ဓာတ်ပုံ- အေအက်ဖ်ပီ

အမေရိကန် ပြည်ထောင်စု နယူးယောက် ပြည်နယ် မန်ဟတ်တန် အရပ်ဘက်မှာ ပေါက်ကွဲမှုကြီး တခု ဖြစ် ပြီး လူနေ အဆောက်အဦး ပြိုကျပျက်စီးသွားလို့ အနည်းဆုံး လူ ၁၅ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။


ဒီအပြင် အကြီးအကျယ် မီးလောင်မှုလည်း မတ်လ ၁၂ ရက်နေ့က ဖြစ်ပွားပါတယ်။ မီးလောင်မှုကြောင့် မီးသတ်သမားတွေ၊ ရဲတွေ ရာနဲ့ချီကာ မီးငြိမ်းသတ်ခဲ့ကြပြီးကူညီကယ်ဆယ်ရေးတွေ လုပ်ကြပါတယ်။

အတည်ပြုလို့ မရသေးတဲ့သတင်းတွေမှာတော့ ပေါက်ကွဲမှုကြောင့် အဆောက်အဦပြိုကျမှုမှာ အနည်းဆုံး လူ ၂ ဦး သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။

East Harlem မှာ ရှိတဲ့ ၁၁၆ လမ်းနဲ့ Park Avenue မှာ ရှိတဲ့ အဆောက်အဦတခုက စပြီး ပေါက်ကွဲမှု ဖြစ်ခဲ့
ပြီး မြေငလျင် လှုပ်သလို တုန်ခါသွားတယ်လို့ မျက်မြင်သက်သေတဦးက ပြောထားပါတယ်။

နယူးယောက်မြို့တော်ဝန်နဲ့ NYPD ရဲအရာရှိကလည်း ဂက်စ် ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ကာ အဆောက် အဦ ပြိုကျ သွားတာလို့ ပြောဆိုပြီး အသေးစိပ် ပြောလို့ မရနိုင်သေးဘူးလို့ သတင်းထောက်တွေ ကိုပြောပါတယ်။

ပေါက်ကွဲပြိုကျမှုဟာ အကြမ်းဖက်မှုတော့ မဟုတ်ဘူးလို့တော့ သတင်းတွေက ပြောနေပါတယ်။

နယူးယောက်မြို့ မျက်မြင်သက်သေတွေကလည်း ဂက်စ် ပေါက်ကွဲမှုဖြစ်လို့ အခုဖြစ်တဲ့နေရာအနီးတဝိုက်မှာ ဂက်စ်နံ့တွေနဲ့ အတော် နံစော်နေတယ်လို့လည်း ပြောပါတယ်။

သူက ဆက်ပြောတာမှာတော့ အဆောက်အဦ ကတော့ ပြိုကျသွားပြီး လူ ဘယ်လောက် သေတယ်ဆိုတာ မသိရပေမယ့် ဒဏ်ရာရသူကတော့ အတော်များတယ်လို့ ပြောပါတယ်။

အိမ့်သံစဉ် ~

ဧရာဝတီ