ဝက်ခေါင်းချိတ်ပြီး ခွေးသားမရောင်းပါနဲ့

ပို့စ်တင်ချိန် - 3/21/2014 11:03:00 AM



(Written By - နေထွန်းနိုင်)

(၁)

သတင်းသမားတွေ တာဝန်ယူမှုနဲ့ ကျင့်ဝတ်ရှိဖို့ ဆိုတဲ့စကားကို ပြီးခဲ့တဲ့ နှစ် ၂၀ မှာ အစိုးရအာဏာပိုင်တွေက တစ်လျှောက်လုံး ပြောခဲ့တဲ့ လက်သုံးစကားပါပဲ။ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ လက်သုံးစကား၊ အရင်ကတော့ ထောက်လှမ်းရေးရဲ့ လက်သုံးစကား ဖြစ်ပါတယ်။

တကယ်တော့ တာဝန်သိမှု၊ ကျင့်ဝတ်ရှိမှုဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ဒါကိုပုံကြီးချဲ့ ပြောနေစရာ မလိုပါဘူး။ ဘယ်သူ မဆို Professional ဖြစ်လာပြီဆိုရင် သူ့မှာလိုက်နာရမယ့် ကျင့်ဝတ်၊ တာဝန်ယူမှုရှိပြီးသား ဖြစ်ပါတယ်။ သတင်းသမားတွေလည်း ထို့အတူပါပဲ။ သတင်းသမားတွေ လိုက်နာရမယ့်ကျင့်ဝတ်၊ တာဝန်သိမှုဆိုတာ သီးခြားပြောစရာ မလိုပါဘူး။ ဒါပေမဲ့ အာဏာရှင် တွေကတော့ သတင်းသမားတွေ ကျင့်ဝတ်ရှိရမယ်၊ တာဝန်ယူမှု ရှိရမယ်ဆိုတာ တစ်ချိန်လုံး ပြောနေပါတယ်။

သူတို့ ဘာကြောင့် တစ်စိုက်မတ်မတ် ပြောနေသလဲ ဆိုတာကို ဆန်းစစ်ကြည့်တဲ့အခါ အမှန်တရားကို ရဲရဲဝံ့ဝံ့ ရင်မဆိုင်ရဲတာ၊ ကိုယ့်ကိုဝေဖန်မှာ ကြောက်ရွံ့တာ၊ ကိုယ့်လိပ်ပြာ ကိုယ်မလုံဘဲ ကိုယ့်ရဲ့ အမှားတွေကို သတင်းသမားတွေက ဖော်ထုတ်မှာ ကြောက်တဲ့အတွက် ပြောနေတယ်ဆိုတာ တွေ့လာရပါတယ်။

ဒါကြောင့်လည်း အာဏာရှင်တွေနဲ့ အုပ်စိုးသူ လူတန်းစားတွေဟာ သတင်းသမားတွေကို ကျင့်ဝတ်ညီဖို့၊ တာဝန်ယူဖို့ ဆိုတာကို အခုချိန်အထိ အပ်ကြောင်းထပ် ပြောဆိုနေကြပါတယ်။ နှစ် ၂၀ အတွင်း ထုတ်ဝေနေတဲ့ အစိုးရသတင်းစာ တွေမှာလည်း ဒီအကြောင်းရေးတဲ့ ဆောင်းပါးတွေ ရာနဲ့ချီ တွေ့ခဲ့ရပါတယ်။

(၂)

မတ် ၁၈ ရက်ထုတ် သတင်းဂျာနယ် တစ်စောင်မှာ ဖော်ပြတဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ကိုဇော်သက်ထွေးရဲ့ ဆောင်းပါးကို ဖတ်ပြီးချိန်မှာ ဆရာလူထုစိန်ဝင်း ပြောခဲ့တာကို သတိရမိပါတယ်။

"၀က်ခေါင်းချိတ်ပြီး ခွေးသားရောင်းတာမျိုးကို လက်မခံဖို့" ဆရာက ပြောခဲ့တာပါ။ မှတ်မှတ်ရရဆိုရရင် ၂၀၁၂ ခုနှစ် မတ်လထဲမှာ ဆရာနဲ့ ကျွန်တော်တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ ဒီအင်တာဗျူးဟာ ဆရာရဲ့ နောက်ဆုံးအင်တာဗျူး ဖြစ်ခဲ့သလို အသက်ရှူမ၀တဲ့ကြားက ပင်ပန်းတကြီး ဖြေဆိုပြီး သူ့ရပ်တည်ချက်ကို အခိုင်အမာ ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီကာလမှာ ပြန်ကြားရေး ၀န်ကြီးဌာနက ယူနက်စကိုတို့၊ IMS (International Media Support) တို့နဲ့ ပေါင်းပြီး ဆွေးနွေးပွဲတွေ ခြိမ့်ခြိမ့်သဲ လုပ်နေပါတယ်။ မြန်မာမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်နေတာပါ။ ပြည်ပရောက် exile မီဒီယာတွေကလည်း ပြန်ကြားရေးနဲ့ ပလဲနံပသင့်ပြီး ဆွေးနွေးပွဲတွေရဲ့ ထိပ်ဆုံးမှာ နေရာတက်ယူပါတယ်။ ဒီကြားထဲမှာပဲ ပြန်ကြားရေး ၀န်ကြီးဌာနက သူတို့လိုချင်တဲ့ မီဒီယာဥပဒေ ဆိုတာကို နောက်ဖေးပေါက်ကနေ ဆွဲသွင်းခဲ့ပါတယ်။ အများအမြင်မှာတော့ သူတို့ဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ရေးဆွဲတယ်ဆိုတဲ့ အမြင်ဖြစ်အောင် ပုံဖော်ခဲ့ပါတယ်။

ဒီအခြေအနေတွေကို ခြုံငုံသုံးသပ်ပြီး ဆရာက သူ့သဘောထားကို ပြောလိုက်တာပါ။ ၀က်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ပုံစံဖြစ်နေတယ်။ ၀က်သားမှန်း၊ ခွေးသားမှန်းသိလို့ ခွေးသားကို လုံးဝမ၀ယ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။

(၃)

ကိုဇော်သက်ထွေးရေးတဲ့ ဆောင်းပါးခေါင်းစဉ်က "သတင်းမီဒီယာသမားတွေကို မေးချင်တယ်" လို့ ဆိုပါတယ်။ အကြောင်းရင်းက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ IMS နဲ့စာနယ်ဇင်းကောင်စီ (ယာယီ) တို့ ပူးပေါင်းလုပ်တဲ့ မြန်မာသတင်းစာ ဆရာများ ကျင့်ဝတ်ဖွံ့ဖြိုးရေး အလုပ်ရုံ ဆွေးနွေးပွဲကို သတင်းမီဒီယာ ကြီးတွေက သတင်းအယ်ဒီတာတွေ မလာတာကို ဝေဖန်ပြစ်တင်ခဲ့တာပါ။ ကျင့်ဝတ်အကြောင်း ဆွေးနွေးမယ့် IMS သုတေသီ တိုဘီမန်ဒဲလ် စိတ်ပျက်သွားတယ်လို့ သူကဆိုပါတယ်။

ကိုဇော်သက်ထွေးရဲ့ ဝေဖန်ရေးသားချက်က ၀ါးလုံးရှည်နဲ့ ယမ်းတဲ့သဘောပါပဲ။ ပြဿနာ ဖြစ်လာတိုင်း သတင်းမီဒီယာ အဖွဲ့အစည်းတွေကို ဘာလုပ်ပေးမလဲ မမေးဘဲနဲ့ ကိုယ်တိုင်ကျင့်ဝတ်ကို ဘယ်လောက်ကျေညက် နားလည်သလဲလို့ သူကမေးခွန်း ထုတ်ပါတယ်။

ဒီအချိန်မှာ မြန်မာသတင်းသမားတွေအတွက် ဘာကအရေးကြီးဆုံး ဖြစ်နေလဲ။ ကျင့်ဝတ်အကြောင်း သင်မယ်ဆိုတဲ့ IMS က ဘယ်လိုရပ်တည်ချက်ရှိတဲ့ အဖွဲ့အစည်းလဲ။ ဒီဆွေးနွေးပွဲ ဖြစ်အောင် ကမကထပြုတဲ့ စာနယ်ဇင်းကောင်စီ (ယာယီ)ကို စာနယ်ဇင်း သမားတွေက ဘယ်လိုသဘောထားလဲ။

ကျွန်တော့် သဘောက ရှင်းပါတယ်။ ဆရာဦးစိန်ဝင်း ပြောခဲ့သလို "၀က်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ကိစ္စ" မှာ ဘယ်ဟာက ၀က်သား၊ ဘယ်ဟာက ခွေးသားဆိုတာ သိတဲ့အတွက် လက်ညှိုးထောင် ခေါင်းညိတ်ဝင်ပြီး ပူးပေါင်းနေစရာ မလိုပါဘူး။

(၄)

ဒိန်းမတ်အခြေစိုက် IMS(Internati- onal Media Support) ဆိုတာအစိုးရရဲ့ ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ တစ်ချိန်လုံးပူးပေါင်း ဆောင်ရွက်လာတဲ့ အဖွဲ့ပါ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်ဖို့ လုပ်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ဆိုပေမယ့် သူတို့လုပ်ရပ်တွေက ပြန်ကြားရေး ၀န်ကြီးဌာန အလိုကျတွေချည်း ဖြစ်ခဲ့ပါတယ်။ ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ နားလည်မှု စာချွန်လွှာထိုးပြီး Myanmar Journalism School ဖွင့်ဖို့ လုပ်နေပါတယ်။ ဒီကျောင်းကို ပြန်ကြားရေးက ဦးစီးလုပ်ကိုင်မယ့် ပုံစံမျိုးတွေ့ရပါတယ်။

IMS အပါအ၀င် ယူနက်စကိုလို နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒီနှစ်နှစ်တာအတွင်း ဒေါ်လာသိန်းချီ သန်းချီသုံးပြီး လုပ်လာတဲ့ အကျိုးဆက်တွေကို မြန်မာမီဒီယာလောက ဘယ်လောက်ခံစား နေရပြီလဲ။ မြန်မာပြည်သူတွေရော ဘယ်လောက် အကျိုးခံစားခွင့် ရခဲ့သလဲ။ မြန်မာနိုင်ငံထဲက သတင်းမီဒီယာသမား စစ်စစ်တွေက IMS ကို မကြိုက်ပါဘူး။ သူတို့လုပ်ရပ်တွေက ပြန်ကြားရေးအတွက်ပဲ ဖြစ်နေတယ်လို့ ဝေဖန်သူတွေက ပြောနေကြပါပြီ။

မြန်မာသတင်းသမားတွေ လက်တွေ့ရင်ဆိုင် နေရတာက ကျင့်ဝတ်ပြဿနာ မဟုတ်ပါဘူး။ စာနယ်ဇင်း လွတ်လပ်ခွင့်ကို သွယ်ဝိုက်သောအားဖြင့် ထိန်းချုပ်ခံ နေကြရတဲ့ကိစ္စပါ။ တစ်ဖက်မှာတော့ ပြန်ကြားရေး ၀န်ကြီးဌာနက သူတို့ရဲ့ ရည်ရွယ်ချက်အမှန်ကို ဖုံးကွယ်ပြီး သတင်းထောက်တွေ ကျင့်ဝတ်ညီဖို့ပဲ ပြောနေပါတယ်။ ပြန်ကြားရေးနဲ့ အကြောင်းအပေါင်းသင့်တဲ့ IMS က သတင်းထောက်တွေ ကျင့်ဝတ်နဲ့ညီအောင် သင်တန်းပို့ချမယ်လို့ ဆိုပါတယ်။

ဒီကြားထဲ သတင်းလွတ်လပ်ခွင့် ထိပါးစေမယ့် မီဒီယာဥပဒေတွေကို ပြန်ကြားရေးက ပြဋ္ဌာန်းဖို့ ကြိုးစားတာ၊ ဂျာနယ်လစ်တွေကို ဖမ်းဆီးထောင်ချတာ ဖြစ်နေပါတယ်။ ဒါတွေကို IMS တို့၊ ယူနက်စကိုတို့က ထိထိရောက်ရောက် ဝေဖန်ပြောကြားတာ မရှိပါဘူး။

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဂျာနယ်လစ် အဖွဲ့တွေဖြစ်တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)၊ နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ)၊ နိုင်ငံတကာ ဂျာနယ်လစ်များ ဖက်ဒရေးရှင်း (IJF)၊ ကမ္ဘာ့သတင်းစာများနဲ့ သတင်းစာ ထုတ်ဝေသူများ အစည်းအရုံး (WAN-IFRA) တို့က ကြေညာချက်တွေထုတ်၊ ပေးစာတွေပို့ပြီး ပြောနေကြပေမယ့် IMS တို့ ယူနက်စကိုတို့က နှာစေးနေခဲ့ပါတယ်။

သူတို့တွေ နှာစေးနေပေမယ့် ကျန်တဲ့နိုင်ငံတကာ မီဒီယာအဖွဲ့တွေက ငြိမ်မနေပါ ဘူး။ ဖေဖော်ဝါရီ ၁၇ ရက်မှာ CPJ က သမ္မတ ဦးသိန်းစိန်ကို စာပို့လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့် တဖြည်းဖြည်း ဆုံးရှုံးနေတယ်။ ယခင်အစိုးရ လက်ထက်က စာနယ်ဇင်းတွေကို ဖိနှိပ်ပုံတွေနဲ့ အခုဖြစ်နေတာတွေ ဆင်တူနေတယ်လို့ CPJ က ပြောခဲ့ပါတယ်။

(၅)

နောက်တစ်ချက်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ ရပ်တည်မှုကလည်း ဒီအချိန်မှာ ပြတ်ပြတ်သားသား မဖြစ်တော့ပါဘူး။ မီဒီယာသမားတွေ ပြဿနာ ဖြစ်တဲ့အခါ မီဒီယာ အဖွဲ့အစည်းတွေကို ဘာလုပ်ပေးနိုင်မလဲလို့ မေးကြပါတယ်။ မြန်မာဂျာနယ်လစ် ကွန်ရက်ကလွဲပြီး ကျန်တဲ့ စာနယ်ဇင်း အဖွဲ့တွေဆီက ထိရောက်တဲ့ အကူအညီ ရခဲ့တာမျိုး သိပ်မတွေ့ရပါဘူး။ ဒီအတွက်ကြောင့် စာနယ်ဇင်း အဖွဲ့အစည်းတွေက သတင်းထောက်တွေရဲ့ ပြဿနာကို ဘာမှမလုပ်ပေးနိုင်ဘူးလို့ ပြောလာကြတာပါ။ ဒီလိုမေးကြမယ့်အစား ကျင့်ဝတ်နဲ့ပတ်သက်ပြီး ဘယ်လောက်ကျေညက် နားလည်သလဲ၊ ဘယ်လောက် လိုက်နာသလဲလို့ ကိုဇော်သက်ထွေးက သူ့ဆောင်းပါးမှာ ပြန်မေးပါတယ်။ ပြန်ကြားရေးက တုံ့ပြန်လေ့ရှိတဲ့ ပုံစံအတိုင်း တုံ့ပြန်ခဲ့တာပါ။

အလုပ်ဖြစ်ရုံ ဖွဲ့ထားခဲ့တဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) က စာနယ်ဇင်းသမား အားလုံးကို ကိုယ်စားမပြုတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အထိုက်အလျောက် သြဇာတိက္ကမ ရှိခဲ့ပါတယ်။ သိပ်တော့ ကြာကြာမခံ လိုက်ပါဘူး။ သမ္မတ ဦးသိန်းစိန်ထံက ငွေကျပ် သိန်း ၅၀၀ ကို လက်ခံပြီးချိန်မှာ သူတို့အပေါ် မေးခွန်းထုတ်မှုတွေ ပေါ်လာပါတယ်။ ဒီနောက်ပိုင်း စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် တိုက်ပွဲတွေမှာ သူတို့ ရှိခြင်း၊ မရှိခြင်း၊ သြဇာရြှိုခင်း၊ မရှိခြင်းနဲ့ မသက်ဆိုင်တော့ပါဘူး။ သူတို့ဟာ အသေးအဖွဲ ကိစ္စမှာတောင် ပြည်သူတွေရဲ့ ယုံကြည်မှုကို မရခဲ့ပါဘူး။

သတင်းသမားတွေက သူတို့ကို မယုံကြည်တော့သလို စိတ်ဝင်စားခြင်းလည်း မရှိတော့ပါဘူး။ ဒါဟာစာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ IMS တို့ပေါင်းလုပ်တဲ့ ကျင့်ဝတ် အလုပ်ရုံဆွေးနွေးပွဲကို သတင်းမီဒီယာကြီးတွေက သတင်းအယ်ဒီတာတွေ ဘာကြောင့် မတက်ကြသလဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။

အခုချိန်မှာ သတင်းမီဒီယာ ဥပဒေပေါ်လာပါပြီ။ ဥပဒေအရ လက်ရှိ စာနယ်ဇင်းကောင်စီ(ယာယီ)ကို ပြန်ဖျက်ပြီး အသစ်ဖွဲ့စည်းရတော့မှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လက်ရှိစာနယ်ဇင်းကောင်စီ (ယာယီ)မှာ တာဝန်ယူထားသူတွေ ဘာလဲ၊ ဘယ်လဲ ဆိုတဲ့ မေးခွန်းတွေ ထွက်နေပါတယ်။

(၆)

နောက်တစ်ချက်က သက်ဆိုင်ရာ သတင်းမီဒီယာတိုင်းမှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို ရေးဆွဲထားပြီး ဖြစ်သလို နိုင်ငံခြားက သင်တန်းဆရာတွေကို ငှားရမ်းပြီး သင်ကြားနေတာတွေ ရှိပါတယ်။

ကျွန်တော်တို့ Eleven Media Group မှာဆိုရင် ၀ါရင့်သတင်းစာ သင်တန်းဆရာဖြစ်တဲ့ ပီတာအန်းကို မြန်မာနိုင်ငံခေါ်ယူပြီး သတင်းထောက်တွေအတွက် ကျင့်ဝတ်၊ အရေးအသားဆိုင်ရာ ကိစ္စတွေကို သင်ကြားပို့ချစေတာ သုံးကြိမ်ရှိပါပြီ။ နိုင်ငံတကာ ဂျာနယ်လစ်ဇင်ဖောင်ဒေးရှင်း (IJF) က ၀ါရင့်သတင်းစာဆရာ ဂျွန်ပန်ကိတ်ဆိုရင် ကျွန်တော်တို့ မီဒီယာမှာ တစ်လခွဲ၊ နှစ်လကြာ နေထိုင်ပြီး သတင်းစာပညာရပ် ဆိုင်ရာတွေကို အကြံပေးပို့ချနေတာ ရှိပါတယ်။ ကျွန်တော်တို့လိုပဲ ကျန်တဲ့သတင်းမီဒီယာ အချို့မှာလည်း ဒီလိုလုပ်ဆောင်တာတွေ ရှိနေပါတယ်။

အခုလက်ရှိမှာ ကျင့်ဝတ်ကို ဖောက်ဖျက်ပြီး ရေးသားနေတာ ဘယ်သူတွေလဲ။ ကျင့်ဝတ်မရှိတဲ့သူတွေကို တိတိကျကျ ဖော်ထုတ်ပြီးရေးပါ။ သတင်းမီဒီယာ နယ်ပယ်တစ်ခုလုံး ကျင့်ဝတ်ကို နားမလည်၊ ကျင့်ဝတ်မကျေညက်ဘူး ဆိုတဲ့ပုံစံနဲ့ ၀ါလုံးရှည်နဲ့ သိမ်းကျုံးရိုက်တာမျိုးကို ကျွန်တော်တို့ လက်မခံပါဘူး။ သတင်းမီဒီယာသမား စစ်စစ်တွေက ကျင့်ဝတ်နဲ့ညီအောင် ရေးသားဖော်ပြ နေပါတယ်။

သတင်းသမားတွေကို အာဏာပိုင်တွေက ကျင့်ဝတ်နဲ့ တာဝန်ယူမှု ဆိုတာကို အပ်ကြောင်းထပ်ပြောပြီး လူတွေရဲ့ စံနှုန်းကျင့်ဝတ်ကို ဖောက်ဖျက်နေတာ ဘယ်သူတွေလဲ။ ကျင့်ဝတ်အပျက်ဆုံးသူတွေက ဘယ်သူတွေလဲ။ ပြည်သူတွေက မွဲတေဆင်းရဲ နေတဲ့အချိန်မှာ အာဏာရှင်တွေဆီက အခွင့်အရေး လှည့်ပတ်ယူနေတဲ့ သူတွေက ဘယ်သူတွေလဲ။ ပြည်သူတွေကို နားလှည့် ပါးလှည့်ပြီး အာဏာရှင်တွေ၊ ခရိုနီတွေဆီက သွယ်ဝိုက်ပိုက်ဆံယူနေတာ ဘယ်သူတွေလဲ။ ၈၈ မှာ နိုင်ငံရေး လှုပ်ရှားမှုထဲ ပါခဲ့တယ်ဆိုပြီး ဘယ်လိုလူတွေက အခွင့်အရေးသမား ဖြစ်ကုန်ပြီလဲ။

အခုချိန်မှာ ကျင့်ဝတ်အပျက်ဆုံးက ပြည်သူလူထုကို သစ္စာစောင့်သိ ရမယ်ဆိုတဲ့ ကျင့်ဝတ်ကို ဖောက်ဖျက်တာ အဆိုးဆုံးပါပဲ။ ဘယ်သူတွေက ဘယ်သူတွေနဲ့ ပေါင်းလုပ်နေကြတယ်။ ဘယ်သူတွေက ဘယ်သူတွေဆီက ဘာတွေ ယူထားတယ် ဆိုတာကို ကျွန်တော်တို့ အကုန်လုံးသိပါတယ်။ စာနယ်ဇင်းကောင်စီ (ယာယီ)ထဲမှာ ဘယ်သူတွေက MPC (Myanmar Peace Center) နဲ့ ပေါင်းပြီး အခွင့်အရေးတွေ ယူထားသလဲ။ ဘယ်သူတွေက ခရိုနီတွေဆီက အထောက်အပံ့ယူပြီး ရပ်တည်နေသလဲ။

သတင်းထောက်တိုင်း ကျင့်ဝတ်လိုက်နာရမယ်ဆိုတာ သိကြပါတယ်။ ကျင့်ဝတ်နဲ့ ညီအောင်လည်း သတင်းသမား စစ်စစ်တိုင်းက ကြိုးစားလုပ်ကိုင် နေပါတယ်။ ဒါပေမဲ့ ကျင့်ဝတ်ဆွေးနွေးပွဲကို လာမတက်တဲ့ ကိစ္စတစ်ခုကိုကြည့်ပြီး သတင်းအယ်ဒီတာတွေ ကျင့်ဝတ်အလေးမထားဘူးလို့ သိမ်းကျုံးမပြောပါနဲ့။ နောက်ပြီးလက်ရှိအချိန်မှာ အရေးကြီးဆုံးက စာနယ်ဇင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလို ခြိမ်းခြောက်ခံနေတာကို စာနယ်ဇင်း အဖွဲ့အစည်းတွေက ဘယ်လောက်အထိ ထိထိ ရောက်ရောက် ဟန့်တားနိုင်ခဲ့သလဲ။ ပြန်ကြားရေးနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ IMS ကရော ဘယ်လောက်ပြောဖူးသလဲ။ ဒါကိုဦးစားပေး မပြောဘဲ ကျင့်ဝတ်ကိုပဲ ဦးတည်ပြောနေတာဟာ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်းချုပ်လိုသူတွေရဲ့ သဘောထားအတိုင်း လိုက်ပြောတာ ဖြစ်ပါတယ်။

ကျွန်တော်တို့က ပြည်သူလူထုကို သစ္စာစောင့်သိတဲ့ ကျင့်ဝတ်မျိုးကို ပိုပြီးတန်ဖိုး ထားပါတယ်။ ပြည်သူလူထုကို မျက်ကွယ်ပြု၊ သစ္စာဖောက်ပြီး ၀က်ခေါင်းချိတ် ခွေးသားရောင်းတာမျိုးက ကျင့်ဝတ်ဖောက်ဖျက်မှုထဲမှာ အဆိုးဆုံး ဖြစ်ပါတယ်။ စာနယ်ဇင်း အဖွဲ့အစည်းတွေလည်း ၀က်ခေါင်းချိတ်ပြီး ခွေးသား မရောင်းကြပါနဲ့။

Eleven Media Group