လာမည့်နှစ် Valentine's Day တွင် ချောကလက်များ ယခုထက် ပို၍ ဈေးကြီးနိုင်
ပို့စ်တင်ချိန်
- 2/15/2014 05:57:00 PM
Valentine's Day တွင် ကမ္ဘာတစ်ဝန်း ၌ အသည်းပုံ ချောကလက် ဘူး ၃၅ သန်းကျော် ၀ယ်ယူ ခဲ့ကြပြီး အမေရိကန် ပြည်ထောင်စု တစ်ခုတည်းတွင် အမေရိကန် ဒေါ်လာ တစ်ဘီလီယံ နှင့်အထက် တန်ဖိုးရှိသော ချောကလက် များကို ၀ယ်ယူ ခဲ့ကြသည်။
ဤမျှ များပြားလှသော ချောကလက် ၊ ချစ်သူတို့ နှစ်သက်စွာ စားသုံးသော ချောကလက် ၊ ကမ္ဘာ့ ကလေး သူငယ်များ နေ့စဉ် စားသုံးသော ချောကလက် ၏ အရင်းအမြစ် မှာ လူသိ နည်းပါးပြီး အဆင်းရဲဆုံး နိုင်ငံစာရင်း တွင် ထိပ်ဆုံးက ပါဝင်သော နိုင်ငံလေး တစ်နိုင်ငံ မှ ကျောင်းတက်ခွင့် မရရှိသော ကလေးငယ်များဖြစ်သည်ကို သင်သိ ပါသလား။
အာဖရိကတိုက် ၏ ဝေးလံသီခေါင် သော နေရာ တစ်နေရာတွင် အိုင်ဗရီကို့စ် နိုင်ငံ ပါရှိသည်။ ချောကလက် ပြုလုပ်ရန် အဓိက ကိုကိုးသီး လိုပါသည်။ ကမ္ဘာ့ ချောကလက် ဈေးကွက် တစ်ခုလုံး အတွက် လိုအပ်သော ကိုကိုးသီး သုံးပုံတစ်ပုံ ကျော်ကို ဤနိုင်ငံမှ စိုက်ပျိုး ရောင်းချ နေပါသည်။ ထိုသို့ စိုက်ပျိုး ရောင်းချရာတွင် ကလေးငယ် များ၏ လုပ်အားက အဓိက ပါဝင်နေ ပါသည်။
ယခုလည်း ကိုကိုးသီး ဆွတ်ချိန် ရောက်ရှိလို့ လာပါပြီ။ ပင်စည်တွင် တိုက်ရိုက် ပေါက်လေ့ ရှိသော ကိုကိုးသီး များမှာ ဝင်းမှည့် နေပြီး ဆွတ်ယူမည့် သူကို ဖိတ်ခေါ် နေသကဲ့သို့ပင်။ ကိုကိုးသီးသည် အခွံမာ အသီး အမျိုးအစား ဖြစ်ပြီး ၄င်းကို ဆွတ်ရာတွင် လည်းကောင်း၊ အစေ့အိမ်မှ ထုတ်ရာတွင် လည်းကောင်း၊ မရှက်တီ ဓားဖြင့် ခုတ်ထုတ်ရခြင်း ဖြစ်သည်။ တန်ပေါင်း များစွာရှိသော ကိုကိုးသီး များကို တစ်လုံးချင်း ဓားဖြင့် ခုတ်ကာ ဆွတ်ယူရပြီး အခွံချွတ် ရသည်မှာ အန္တရာယ်များ သလောက် ပင်ပန်း ဆင်းရဲလှပြီး ရရှိသော ငွေကြေးမှာလည်း နည်းလွန်း လှပေသည်။
ကျောင်းနေ အရွယ် ကလေးငယ် များမှာ မိမိတို့၏ ကြုံလှီ သေးကွေးသော လက်နှင့် မလိုက်အောင် ကြီးမားသည့် အာဖရိကန် မရှက်တီဓား ကို ကိုင်ဆောင်ကာ ကိုကိုးသီး ဆွတ်ရန် အသင့်ပြင် နေကြပါပြီ။ ဆွတ်ပြီး ရုံဖြင့် မပြီးသေး ယင်းအသီး များကို မရှက်တီဓား ဖြင့်ပင် အခွံချွတ် ရပေဦးမည်။ လက်ဓားထိခြင်း များကို တံတွေးဆွတ်၊ ဖုန်မှုန့် သိပ်ကာ၊ သီချင်းဆိုကာ အာရုံလွှဲရင်း တစ်နေကုန် တစ်နေခန်း ကိုကိုး သီးဆွတ်၊ အခွံချွတ် နိုင်ပါမှ ညနေ စောင်းသော် နောက်နေ့ အတွက် စားသောက်ရုံ ငွေကြေး အနည်းငယ် ကို ပိုင်ရှင် တောင်သူထံမှ ရရှိပါမည်။ ဤ ကလေးငယ်များ ကျောင်း မတက်နိုင်ပါ။ ကျောင်းတက် လျှင် နောက်နေ့ စားသောက်ရေး ခက်ခဲသွား ပါလိမ့်မည်။
တောင်သူများ ကလည်း ကလေးသူငယ် များကို ခေါင်းပုံဖြတ်ခြင်း မဟုတ်ပါ။ ဆင်းရဲ လှသော တောင်သူ များမှာ ကိုကိုးသီး ဆွတ်ရန်၊ အခွံချွတ်ရန် ကလေး အလုပ်သမားများ ကိုသာ ငှားရမ်း ခိုင်းစေ နိုင်ကြ၏။ လူကြီး အလုပ်သမား များကို အခကြေးငွေ ပိုပေးရလေ့ ရှိသည့် အတွက် ဈေးပေါပေါ နှင့်ရသော ကလေး လုပ်သား များကိုသာ ငှားရမ်း ကြခြင်း ဖြစ်သည်။ ကလေးငယ်များ အတွက်လည်း ယခုကဲ့သို့ အလုပ်လုပ် ခွင့်ပေးခြင်းကို ကျေးဇူးပင် တင်ကြ ရသေး၏။ ကျောင်းတက်ဖို့ ဝေးစွ၊ ဆင်းရဲမွဲတေ လှသောဘဝ ဖြစ်သဖြင့် ပညာရေးကို ဦးစား မပေးနိုင် ကြတော့ဘဲ သမုဒ္ဒရာ ဝမ်းတစ်ထွာ ကို ဖြည့်တင်း နိုင်ရန် ကိုကိုး စိုက်ခင်းထဲ သို့သာ ခြေဦးလှည့် ရောက်ရှိ လာကာ လွယ်အိတ်ကို ပစ်ချပြီး မရှက်တီဓား ကို ကောက်ကိုင် ကြပါ၏။
ကမ္ဘာပေါ်၌ ရောင်းရ အကောင်းဆုံး မုန့်ပဲ သရေစာ တွင် ချောကလက် သည် ထိပ်ဆုံးက ပါဝင်သည်။ ကုမ္ပဏီများ က ကိုကိုးသီး များကို အလုအယက် ဈေးကောင်း ပေး၍ ဝယ်ရသည်။ သို့သော်လည်း ငွေကြေး ဖောင်းပွမှု ကြောင့် ကိုကိုးစိုက် ပျိုးသူများမှာ ရံဖန်ရံခါ ထမင်းပင် နပ်မှန်အောင် မစားရပေ။ အိုင်ဗရီကို့စ် တွင် ကိုကိုး စိုက်ပျိုးရေး အပေါ်မှီတင်း နေထိုင်သူ ၃ ဒသမ ၅ သန်း ကျော်ရှိပြီး ၄င်းတို့၏ တစ်အိမ်ထောင်ချင်း ဝင်ငွေမှာ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁ဝဝဝ ပင် မရှိပေ။
တစ်ဖန် ကိုကိုးသီး များကို ချောကလက် တောင့်များ ဖြစ်အောင် အသွင် ပြောင်းလဲ ရောင်းချ နေသော ချောကလက် စက်ရုံကြီးများ၊ ကုမ္ပဏီ ကြီးများ မှာမူ အညွန့် တလူလူ တက်နေသော စီးပွားရေး၊ တဖိတ်ဖိတ် လက်နေသော အနာဂတ်နှင့် ဝင်လာမစဲ တသဲသဲ ဖြစ်နေသော သန်းပေါင်း များစွာ ရှိသည့် အမြတ်အစွန်း များဖြင့် တိုးတက် ကြီးပွား နေပုံမှာ နားလည် ချင်စရာပင် မကောင်း တော့ချေ။
ချောကလက် လောကတွင် ကိုကိုးသီး များကို ဝယ်ယူသူများ၊ ကိုကိုးသီး သန့်စင် စက်ရုံ ပိုင်ရှင်များ၊ ကိုကိုးသီး တင်ပို့ ရောင်းချ သူများ၊ ကိုကိုးသီး ကိုလိုအပ်သလို ရောနှော ပြင်ဆင်ကာ ချောကလက် ပြုလုပ် ရောင်းချ နေသူများ အားလုံးသည် ငွေကြေး အမြတ်အစွန်း ကောင်းစွာ ရရှိကြပြီး မိုးထဲ ရေထဲ စိုက်ပျိုး ခဲ့ကြသော တောင်သူ များကမူ အရိုး အရင်းသာ ကိုက်ရသည့် အခြေအနေ သို့ ရောက်ရှိ နေသည်။
အိုင်ဗရီကို့စ် ၏ ဆင်းရဲ မွဲတေမှုကို ဖြေလျှော့ရန် ကူညီ နေကြ သူများကလည်း ရှိပါ၏။ ကမ္ဘာ့ အကြီးဆုံး အစားအသောက် ကုမ္ပဏီ ဖြစ်သော နက်စလေမှ လူမှုဝန်ထမ်း အဖွဲ့တစ်ဖွဲ့ ကအိုင်ဗရီကို့စ် တွင် ကျောင်းပေါင်း ၂၃ ကျောင်း ကို ငွေကြေး ထောက်ပံ့ ဖွင့်လှစ် ပေးထား၏။ ကလေး အလုပ်သမား ပပျောက်ရေး၊ ကျောင်းနေ အရွယ် ကလေးများ ကျောင်းတက် ရောက်ရေးကို နက်စလေ ကုမ္ပဏီ က ရေရှည် စီမံကိန်း ရေးဆွဲကာ ကြိုးပမ်း ဆောင်ရွက် နေ၏။ကိုကိုး တောင်သူ များ၏ လူနေမှု အဆင့်အတန်း ကိုလည်း ကြိုးစား မြှင့်တင်ပေး နေကာ ကိုကိုး စိုက်ပျိုးရေး ကိုလည်း ခေတ်မီ စိုက်ပျိုးရေး လုပ်ငန်း ဖြစ်လာအောင် ကူညီ စောင့်မရန် အစီအစဉ်များ ရေးဆွဲနေ၏။
သို့သော် လောဘဇော အတောမသတ် နိုင်သော ကိုကိုး ဝယ်ယူသူ သန့်စင် ချောကလက် ထုတ်လုပ်ရေး လုပ်ငန်းစုမှ ချမ်းသာ ကြွယ်ဝသော ကုမ္ပဏီကြီး များက နက်စလေ ၏ အပြုသဘော ဆောင်သော လုပ်ရပ် များကို ပြစ်တင် ရှုတ်ချ ဝေဖန်လျက် ဘေးထိုင် ဘုပြော နေကြ၏။
အနှီ ကုမ္ပဏီ များသည် တောင်သူ များ၏ ဘဝကို မြှင့်တင်ပေးရန် ထက် အမျိုးအစား ကောင်းမွန်သော ကိုကိုး သီးများကို ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူကာ ချောကလက် ကောင်းကောင်း ဖြစ်အောင် ထုတ်လုပ်ပြီး အမြတ်အစွန်း များများ ရရှိရန် ကိုသာ အာရုံစိုက် နေကြ၏။
အိုင်ဗရီကို့စ် အစိုးရ ကလည်း ကိုကိုးသီး ရောင်းဈေးကို လျှော့ချခဲ့၏။ အစိုးရ သတ်မှတ် ရောင်းဈေးမှာ နိမ့်လွန်း၍ တစ်နှစ်လျှင် ကိုကိုးသီး တန်ချိန် ၁၂ဝဝ ထွက်ရှိသော မြို့ငယ်လေး တစ်မြို့ သည်ပင် စားဝတ်နေရေး ဖူလုံ ပြေလည်မှု မရှိသည်ကို တွေ့ရ၏။ ယခုအခါ ကိုကိုးသီးပင် များမှာ နှစ်ချို့နေပြီး ကိုကိုး အထွက် နှုန်းလည်း ကျလာနေသည်။ များမကြာမီ တောင်သူများ ကိုကိုးသီးပင် စိုက်ခင်းသစ်များ စိုက်ပျိုး ရတော့မည်။ သို့သော် တောင်သူများ အဖို့ ကိုကိုးပင် ဟောင်းများကို ခုတ်ထွင် ရှင်းလင်းကာ အပင်အသစ် စိုက်ပျိုးပြီး ကိုကိုး သီးခူးရမည့် အချိန်ရောက် သည်အထိ ဝင်ငွေ ပြတ်လပ် သွားမည့် အခြေအနေ ကို ဖြည့်ဆည်းရန် ငွေကြေးအခံ အင်အား မရှိပါချေ။
''ကျွန်တော်တို့ လုပ်ရတာနဲ့ ပြန်ရတဲ့ ငွေနဲ့က မတန်ဘူး။ ဒါကြောင့် ကိုကိုးပင် တွေကို ခုတ်ထွင် ရှင်းလင်းပြီး ရော်ဘာပင် တွေကိုပဲ စိုက်ပျိုးဖို့ စဉ်းစား နေပါတယ် ... '' ဟု တောင်သူ ခေါင်းဆောင် တစ်ဦးက ပြောပြသည်။
အမှန်ပင် အိုင်ဗရီကို့စ် နိုင်ငံတွင် ယခင် ကိုကိုး စိုက်ခင်းများ နေရာတွင် ရော်ဘာစိုက်ခင်းများ ကိုတွေ့ မြင်နေ ရပါသည်။ ရော်ဘာ လုပ်ငန်းသည် တစ်နှစ် ပတ်လုံး ဝင်ငွေရနိုင် သည့်အတွက် တောင်သူ များသည် ကိုကိုး မစိုက်လို တော့ပါလေ။
ထို့ပြင် အားကောင်း မောင်းသန် လုပ်သားများ ကလည်း နင်းပြားဘဝ ကို စွန့်ခွာကာ မြို့ပေါ်တက်ပြီး ရရာ အလုပ်ကို လုပ်ကိုင် နေကြပြီ ဖြစ်၍ ကိုကိုးစိုက်ခင်း များအတွက် တောင်သူ အင်အားလည်း လုံလောက်စွာ မရှိတော့ ပါချေ။
မကြာမီ အိုင်ဗရီကို့စ် တွင် ရော်ဘာ စိုက်ခင်းများ ထွက်ပေါ် လာမည် ဖြစ်ပြီး တောင်သူများ ကလည်း လုပ်အားနှင့် ထိုက်တန်သည့် ငွေကြေး ကိုရရှိမည် ဖြစ်လေရာ ကလေးငယ်များ ကျောင်းတက် ခွင့်ရ ကြပေ တော့မည်။ ဘိုးစဉ် ဘောင်ဆက် စိုက်ပျိုး လာသော ကိုကိုးစိုက်ခင်း များလည်း အစိုးရ၏ လိမ္မာ ပါးနပ်မှု မရှိခြင်း၊ စီးပွားရေး သမားများ၏ ကုပ်သွေးစုပ်ခြင်း တို့ကြောင့် ပျောက်ကွယ် သွားပါတော့ မည်။ နောက်နှစ် Valentine's Day တွင် ချောကလက်များ ယခုထက် ပို၍ ဈေးကြီး နေပေ ရော့မည် ဖြစ်ကြောင်း ရေးသား တင်ပြအပ် ပါသည်။