Media Junk Food

ပို့စ်တင်ချိန် - 2/16/2014 10:53:00 PM



Written By - ချစ်ဝင်းမောင်

အလုပ်သဘောအရ လည်းကောင်း၊ ဝါသနာအရ လည်းကောင်း နေ့စဉ်သတင်းများနှင့် ထိတွေ့လုံးပန်း နေခဲ့သည်မှာ နှစ်အတော် ကြာခဲ့ပြီဖြစ်သည်။ ပြောရလျှင် ဆယ်စုနှစ် သုံးစုနီးပါး ရှိခဲ့ပါပြီ။ ကမ္ဘာကြီးသည် လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်စုအတွင်း အလွန်တရာ လျင်မြန်သောနှုန်းဖြင့် (Rapid Change) ပြောင်းလဲရွေ့လျား ခဲ့ရာတွင် အံ့မခန်းနိုင်ဖွယ် မယုံကြည်နိုင်ဖွယ် အသစ်များစွာကို မြင်တွေ့ခဲ့ရသည်။ အထူးသဖြင့် နည်းပညာပိုင်းတွင် သမားရိုးကျ Analog စနစ်မှ Digital စနစ်သို့ ရုတ်တရက် ကူးပြောင်းသွားခဲ့ရာတွင် သမားရိုးကျ ကိရိယာများအားလုံး ခေတ်ဟောင်းတွင် ကျန်ရစ်သွားခဲ့ရသည်။ အသိသာဆုံး တစ်ခုကို ပြောရလျှင် ၁၉၈ဝ ပြည့်လွန်နှစ်များအထိ ကျွန်တော်တို့ ပုံနှိပ်မီဒီယာလောကတွင် ခဲဘလောက် စာလုံးများကို လူတစ်ဦးချင်းစီက စာစီခုံများတွင် စာစီ၊ ဖောင်သွင်းပြီးမှ ဘလောက်ပုံနှိပ်စက်ကြီးများဖြင့် ရိုက်နှိပ်ထုတ်ဝေ နေရသေးသည်။ အောဖ့်ဆက် (Off-Set) ခေါ်ဖလင်ပေါ်မှတစ်ဆင့် ပလိတ်ပြားပေါ်သို့ ပုံကူးရိုက်နှိပ်သည့်စက်များ ထိုအချိန်အထိ တွင်တွင်ကျယ်ကျယ် မဖြစ်သေး။

Desktop ကွန်ပျူတာစနစ်ကို ၁၉၉ဝ ပြည့်လွန် နှစ်များကျမှ ထိတွေ့ခွင့်ရကြ သည်။ ကနဦးပိုင်း ကာလများတွင် ကွန်ပျူတာ စာစီစနစ်ကို အလုံးစုံအသုံးမချ နိုင်ကြသေးပါ။ ကွန်ပျူတာ စာစီစနစ်ကို မတွေ့မမြင်ဖူးသေး သူများက ကွန်ပျူတာဆိုတာ လက်နှိပ်စက်နှင့် တီဗွီပေါင်းထားတာဟုပင် အလွယ်ပြောခဲ့ကြတာ ရှိဖူးသည်။ သမားရိုးကျ ခဲဘလောက် စာစီစနစ်မှ ကွန်ပျူတာစာစီစနစ်သို့ ရုတ်တရက် ခုန်ကူးသွားသောအခါ ပထမဦးဆုံး ထိုတော်လှန်ရေး (သို့မဟုတ်) အပြောင်းအလဲ (Change) ကို ခံလိုက်ရသူများမှာ ဘလောက်တုံး ပုံနှိပ်စက်များနှင့် လက်နှိပ်စက်များဖြစ်သည်။ ခေတ်ဟောင်းဘလောက် ပုံနှိပ်တိုက်များကို သံရည်ကျိုစက်များသို့ ပို့လိုက်ရပြီး ခဲစာစီလုပ်သားတို့မှာ ကွန်ပျူတာ စာစီသမားအဖြစ်သို့ ကူးပြောင်းကြရသည်။ ဤအကူးအပြောင်းကို အမီမလိုက်နိုင်သူတို့မှာ ဤနယ်ပယ်မှ ထွက်ခွာသွားကြရသည်။

ပုံနှိပ်မီဒီယာ (Print Media) တွင် သိသာထင်ရှားသော အကူးအပြောင်းကာလ တစ်ရပ်လည်း ရှိသေးသည်။ စောစောတုန်းက ပြောခဲ့သလို Analog မှ Digital အကူးအပြောင်းဖြစ်သည်။ ဆိုရှယ်လစ်စနစ်ဟု ခေါင်းစဉ်တပ်ထားသော တစ်ပါတီ အာဏာရှင်စနစ်အောက်တွင် ကျွန်တော်တို့သည် ကမ္ဘာကြီး၏ အကူးအပြောင်းနှင့် အမြဲတမ်းလိုလို ခပ်ဝေးဝေးမှာ ကျန်နေရစ်ခဲ့သည်။ ပြင်ပကမ္ဘာမှာ နည်းပညာတွေ အပြောင်းအလဲ ဖြစ်လာသော်လည်း ကျွန်တော်တို့သည် အခြေအနေအရ ပြောင်းခွင့်မသာကြ။ ဥပမာအားဖြင့် ရောင်စုံဓာတ်ပုံ တစ်ခုကို ပုံနှိပ်တော့မည်ဆိုလျှင် အခြေခံ အရောင်လေးရောင်(ဝါ၊ နီ၊ ပြာ၊ နက်) ကို ဖလင်တစ်ချပ်ချင်း ခွဲထုတ်သည့် ကာလာခွဲစနစ် (Color Seperation) ကို ကျွန်တော်တို့ တစ်တွေက မှန်ဘီလူးတွေသုံးပြီး အမှောင်ခန်းထဲမှာ ထုတ်ကြချိန်တွင် တခြားနိုင်ငံတွေမှာ ယခုအသုံးပြုနေသော Digital စနစ်ဖြင့် အလိုအလျောက် ဖလင်ထုတ်နိုင်ပြီဖြစ်သည်။

ထိုအကူးအပြောင်း ကာလအတွင်း ရုတ်တရက် ခေတ်ဟောင်းထဲမှာ ကျန်နေရစ်ခဲ့သည်မှာ ဖလင်လိပ်ကို အသုံးပြုရိုက်ကူး ပုံဖော်သည့် ဓာတ်ပုံကင်မရာများနှင့် ရောင်စုံဖလင်ကူး စက်ကြီးများဖြစ်သည်။ ၁၉၈ဝ ပြည့်လွန်နှစ်များနှင့် ၁၉၉ဝ ပြည့်လွန်နှစ်များအထိ ကျွန်တော်တို့သည် ဖလင်ကင်မရာများကိုသာ အသုံးပြုခဲ့ကြရသည်။ သတင်းဓာတ်ပုံ တစ်ပုံကို စာမျက်နှာပေါ် တင်နိုင်ဖို့ လုပ်ဆောင်ရသည့် လုပ်ငန်းစဉ် (Process) သည် နာရီအတန်ကြာသည်။ ဖလင်ကို ဆေးရသည်။ ပုံဖော်ရသည်။ ထွက်လာသော ဓာတ်ပုံကို (ဟိုတုန်းက) ဘလောက် ရိုက်ရသည်။ အော့ဖ်ဆက်ခေတ်မှာတော့ ကတ်ကြေးတွေ၊ ကော်တွေ၊ ဓားတွေသုံးပြီး စာမျက်နှာဖွဲ့ရသည်။ Digital ကင်မရာတွေ ရုတ်တရက် ပေါ်လာသောအခါ ခေတ်ဟောင်း ဖလင်ကင်မရာတွေ အလိုလိုနေရင်း အမှိုက်ပုံးထဲ ရောက်သွားသည်။ ကျွန်တော်တို့သည် ဤစနစ်များကို ဖြတ်သန်းပြီး မီဒီယာအလုပ် လုပ်ကိုလုပ်ခဲ့ ကြရသည်။

အားလုံးသိပြီး ဖြစ်သည့်အတိုင်း နည်းပညာ၏ အရှိန်အဟုန်ဖြင့် ပြောင်းလဲသွားနိုင်မှုနှင့် အလွန်လွယ်ကူ ရိုးရှင်းမြန်ဆန်သော မီဒီယာလုပ်ငန်းစဉ် စနစ်ကို ယနေ့မျိုးဆက်များ ခံစားနေကြရသည်။ ဓာတ်ပုံတစ်ပုံ ရိုက်ပြီးလျှင် စာမျက်နှာပေါ် တိုက်ရိုက်ရောက်သည်။ မိနစ် ၃ဝ အတွင်း သတင်းနှင့် သတင်းဓာတ်ပုံ ပါဝင်သော စာမျက်နှာများကို ထုတ်လုပ်နိုင်လာကြသည်။ ခေတ်သစ် နည်းပညာ အကျိုးဆက်များကို ယနေ့လူငယ် မီဒီယာများ ခံစားနေကြရသည်။ ကမ္ဘာကြီးတစ်ခုလုံးနှင့် ချိတ်ဆက်ထားသော (W.W.W) အင်တာနက်တွေ ပေါ်လောသောအခါ မီဒီယာလုပ်ငန်း အရှိန်အဟုန်မှာ ကြောက်ခမန်းလိလိ မြန်ဆန်သွားသည်။ ၂ဝဝဝ ပြည့်နှစ်အထိ ကျွန်တော်တို့ဆီမှာ အင်တာနက် တွင်တွင်ကျယ်ကျယ် မဖြစ်သေးပါ။ ထိုစဉ်က သတင်းတစ်ခုရဖို့ ပြင်ပနိုင်ငံများက Source တွေကို အားကိုးရသည်။ အစိုးရ သတင်းစာမှာသာ Teleprinter စနစ် သုံးနိုင်သော်လည်း ပြင်ပမဂ္ဂဇင်း ဂျာနယ်တွေမှာ မသုံးနိုင်ပါ။ အင်တာနက် အသုံးပြုမှုမှာ ၂ဝဝဝ ပြည့်နှစ်ကျော်ခါမှ တဖြည်းဖြည်း တွင်ကျယ်လာသည်။ ဆိုလိုသည်မှာ ယနေ့မျိုးဆက် မီဒီယာများသည် သတင်းကို အသင့်ဆွတ်ခူး စားသုံးခွင့်ရသော အခြေအနေမျိုးကို ရရှိကြသည်။

ယနေ့မီဒီယာသည် လွယ်ကူလာ၏။ လျင်မြန်လာ၏။ ယနေ့အချိန်တွင် လူတိုင်းသည် ထုတ်ဝေသူ ဖြစ်နိုင်သည်။ လူတိုင်းသည် ဂျာနယ်လစ် ဖြစ်နိုင်သည်။ လူတိုင်းသည် (ဖန်တီးနိုင်လျှင်) စာရေးဆရာ ဖြစ်နိုင်သည်။ သတင်းတို့သည် ကမ္ဘာကြီး၏အနှံ့ အတားအဆီးမဲ့ ကူးလူးဖြတ်သန်းလျက် ရှိသည်။ ကိုယ်ပိုင် Account တစ်ခုရှိလျှင် အွန်လိုင်းပေါ်မှာ ကိုယ်ပိုင်မဂ္ဂဇင်း ထုတ်လို့ရသည်။ သည်လိုနှင့် ယနေ့မီဒီယာ လောကမှာ ဘလော့ဂါတွေ၊ စီတီဇင်ဂျာနယ်လစ်တွေ ပေါများလာသည်။ ကျွန်တော်တို့ ခေတ်တုန်းကနှင့် ဘာမျှမဆိုင်။ ယနေ့အချိန်မှ လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ကျော်ကာလ မီဒီယာရှုခင်းကို မှန်းမျှော်ကြည့်လိုက်သောအခါ အရာရာသည် မယုံကြည်နိုင်လောက်အောင် အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီ။

ဒါကနည်းပညာပိုင်းဖြစ်သည်။ အနှစ်သာရပိုင်း Media Essence (သို့မဟုတ်) Media Value ကျတော့ အားလုံးမြင်တွေ့ ကြသည့်အတိုင်း လျော့ရဲရဲ ဖြစ်လာသည်။ နည်းပညာ တိုးတက်မှုသည် လူသားတို့၏ ခံစားမှုရသ တန်ဖိုးကို ယုတ်လျော့လာစေသည်။ တခြားမကြည့်ပါနှင့်။ ယခုနောက်ပိုင်း ထုတ်လုပ်နေသည့် ဟောလိဝုဒ်ရုပ်ရှင်တွေ သည်ပင်လျှင် နည်းပညာ အကူအညီဖြင့် ဖန်တီးထားသည်။ Fantasy တွေက များနေသည်။ Digital မပေါ်ခင်က ဖန်တီးခဲ့သော ဂန္ထဝင်ရုပ်ရှင် ကားကြီးတွေလောက် ရသမပေး နိုင်တော့သလို တန်ဖိုးလည်း ကျဆင်းလာသည်။

ယနေ့မီဒီယာသည် လွယ်ကူ၏။ လျင်မြန်၏။ လူတိုင်းဖန်တီး နိုင်ခွင့်ရှိ၏။ ထိုအချိန်တွင် အထက်တွင် ဖော်ပြခဲ့သလို တန်ဖိုး ယုတ်လျော့မှုတွေ ရှိလာသည်။ ဘယ်သတင်းကို အတည်ယူမလဲ။ ဘယ်မီဒီယာပြောတာ အမှန်လဲ။ ဆန်းစစ်၊ သုံးသပ်လက်ခံနိုင်စွမ်းရှိဖို့ လိုလာပြီ။ ဝင်လာသမျှ သတင်းတိုင်းကို ယုံကြည်၍မရ။ မြင်နေ၊ တွေ့နေ၊ ဖတ်နေ၊ ကြားနေရသော သတင်းတိုင်းကို မိမိ၏ ဆင်ခြင်တုံတရားဖြင့် သုံးသပ်လက်ခံတတ်ဖို့ လိုလာသည်။ ယနေ့ခေတ် New Media သည် နေရာပေါင်းဆုံမှ ရောက်လာတတ်သော သတင်းအချက်အလက်တွေဖြစ်၍ အမှန်၊ အမှား စိစစ်ထားတာမရှိပါ။

မိမိ၏ ဆင်ခြင်ဥာဏ်စွမ်းဖြင့်သာ လက်ခံတတ်ဖို့ လိုလာသည်။ အမေရိကန် သတင်းစာဆရာကြီး တစ်ဦးကတော့ ယနေ့အချိန် အလျင်အမြန် ပေါ်ပေါက်လာသော မီဒီယာများ (Online Website, Blog, Facebook, Twitter, TV Channel, Print Media) ပေါ်မှ သတင်းအချက်အလက် အားလုံးသည် Junk Food တွေလိုဖြစ်ပြီး အနှစ်သာရ ပျောက်ဆုံးနေသည်ဟု သုံးသပ်ထားသည်။ မီဒီယာကို စားသုံးသူများ အနေဖြင့် မည်သည့် မီဒီယာသည် Junk Food ဖြစ်ပြီး မည်သည့်မီဒီယာက အာဟာရတန်ဖိုး ရှိသည်ကို မိမိ၏ကိုယ်ပိုင် ဆင်ခြင်တုံတရားဖြင့် သုံးသပ်လက်ခံတတ်ဖို့ လိုအပ်နေကြောင်း တင်ပြလိုက်ရပါသည်။

(အင်တာနက်ဆိုင် တစ်ဆိုင်တွင် အင်တာနက် အသုံးပြုနေသူများအား တွေ့ရစဉ်)

EMG