ဆိုလာပြားထုတ် နည်းပညာ အမေရိကန် INGO အဖွဲ့ အခမဲ့ သင်ကြားပေးမည်

ပို့စ်တင်ချိန် - 2/20/2014 08:07:00 AM



မန္တလေး၊ ဖေဖော်ဝါရီ ၁၈

မန္တလေးမြို့တော်ရှိ မသန်စွမ်းများ၊ နည်းပညာတက္ကသိုလ်မှ လျှပ်စစ် ဘာသာရပ်ဖြင့် ဘွဲ့ရထားပြီးသူများ၊ လူလတ်ပိုင်းများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်နိုင်သည့် ဆိုလာပြား ထုတ်လုပ်သည့် နည်းပညာကို အမေရိကန်ပြည်ထောင်စု အခြေစိုက် INGO အဖွဲ့အစည်း တစ်ခုမှ ပညာရှင်များက သင်တန်း ပို့ချပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မသန်စွမ်းသူများ အသင်း ဘဏ္ဍာရေး တာဝန်ရှိသူ ဦးရဲအောင်တင့်က ပြောကြားသည်။

အဆိုပါသင်တန်းကို အမရပူရမြို့နယ်ရှိ ဖျောက်ဆိတ်ကုန်း ကျေးရွာတွင် ကျောင်းအိပ်ကျောင်းစား အဖြစ် မတ်လအတွင်းမှ စတင်ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ပြီး သင်တန်းကာလ တစ်လ ကြာမြင့်မည်ဖြစ်ကာ သင်တန်းသားဦးရေ ၁၀၀ ခန့် သတ်မှတ်ထားကြောင်း ၄င်းကပြောကြားသည်။

"အဓိကကတော့ မသန်စွမ်းတွေ အတွက် ဒီပညာရပ်ကို သင်ကြားပေးဖို့ ကမ်းလှမ်းထားတာပါ။ စက်မှုကျောင်းသားတွေ ကတော့ ဒီမှာ သင်တန်းလာတက်ရင်း ဆရာလည်းပြန်လုပ် ဈေးကွက်လည်း ရှာဖွေပေးပေါ့။ ပစ္စည်းတွေ ကိုတော့ မသန်စွမ်းတွေက ထုတ်လုပ်ပေးမယ်။ လူလတ်ပိုင်းတွေ ကတော့ ရရှိလာတဲ့ ဆိုလာပြားတွေကို မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ လိုအပ်နေတဲ့ နေရာတွေကို သွားရောက် ရောင်းချပေါ့" ဟု ၄င်းကထပ်မံဆိုသည်။

ယင်းသင်တန်းကို မသန်စွမ်းသူများ၏ တစ်ဦးချင်းဝင်ငွေ ရရှိနိုင်ရန်၊ မန္တလေး မသန်စွမ်းအဖွဲ့ ရန်ပုံငွေ ရရှိစေရန်နှင့် တိုင်းပြည်အတွက် လိုအပ်သည့် လျှပ်စစ်ကို တစ်ဖက်တစ်လှမ်းမှ ထုတ်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ဦးရဲအောင်တင့်က ပြောကြားသည်။

"အခုလက်ရှိ လုပ်နေတာကတော့ ချည်ထည်ရက်လုပ်တဲ့ အလုပ်ပါ။ အခုလို ဆိုလာပြား ထုတ်လုပ်တဲ့ နည်းပညာ သင်ကြားပေးတော့မယ် ကြားတော့ အရမ်း ဝမ်းသာပါတယ်။ ဒီလို ခေတ်မီနည်းပညာရပ် တစ်ခုကို ကျွန်တော်တို့လို မသန်စွမ်းတွေက သင်ကြားရတော့မယ် ဆိုတော့ အရမ်းလည်း ဝမ်းသာတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ကျွန်တော်တို့က မသန်ပေမယ့် စွမ်းကြပါတယ်။ သင်ကြား တတ်မြောက်နိုင်မယ်လို့လည်း ယုံကြည်တယ်။ လုပ်လည်း လုပ်နိုင်ကြပါတယ်" ဟု မန္တလေးမြို့တော်ရှိ မသန်စွမ်းသူတစ်ဦး ဖြစ်သူ ဒေါ်တင်ရွှေက ဆိုသည်။

လွန်ခဲ့သည့် ၁၅ နှစ်ခန့်က မသန်စွမ်းသူများ အနေနှင့် ပညာသင်ကြားနိုင်ခြင်း မရှိသော်လည်း လက်မှုပညာတွင် သူမတူအောင် ထူးချွန်လေ့ရှိကြောင်း အဆိုပါ သင်တန်းအတွက် မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းက အဓိကပံ့ပိုး ကူညီပေးထားကြောင်း ဦးရဲအောင်တင့်က ပြောကြားသည်။

The Voice Weekly