ဓမ္မစက်၊ အာဏာစက်ဖြင့် ထိရောက်စွာ ဖြေရှင်းရတော့မည်၊ သာသနာတော် ညှိုးနွမ်းပျက်စီးနေသည်အထိ အမြင်ရောက်စေသော ရဟန်းအချို့၏ အမှုအခင်းနှင့် ဖြစ်ရပ်များ

ပို့စ်တင်ချိန် - 2/24/2014 10:51:00 AM


နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ ပေးပို့ခဲ့သည့် တိုင်ကြားစာများကို တွေ့ရစဉ်
မြန်မာနိုင်ငံအတွင်း သာသနာ့တာဝန်ကို ထမ်းဆောင်နေကြသော သံဃာထုအတွင်း သံဃာတော်များအပေါ် အကြည်ညိုပျက်စေအောင် လုပ်ဆောင်နေသော ရဟန်းအချို့၏ အမှုအခင်းများကို ဓမ္မစက်၊ အာဏာစက်များဖြင့် ထိရောက်စွာဖြေရှင်းရမည့်အချိန် ကျရောက်နေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရဟန်းအချို့အပေါ် ၀ိနည်းလေးစားလိုက်နာမှု မရှိဟူသော စွပ်စွဲချက်များသာမက သာသနာတော် ညှိုးနွမ်းမှု ဖြစ်ပေါ်စေသည်ဟူသော တိုင်ကြားမှုများ ရှိနေပါသည်။ ထိုတိုင်ကြားမှုများထဲတွင် များသောအားဖြင့် ရဟန်းတော်အချို့ ညပိုင်းလက်ဖက်ရည်ဆိုင်ထိုင်ခြင်း၊ လူစည်ကားရာ နေရာများတွင် ပိုက်ဆံလှည့်လည် အလှူခံခြင်း၊ အရက်သေစာ သောက်စားခြင်းနှင့် လောင်းကစား ကိစ္စရပ်များ ပြုလုပ်နေကြခြင်းအပြင် သံဃာလောကတွင် အမြင့်ဆုံးပြစ်မှုဖြစ်သော ပါရာဇိကကျမှုများဖြင့်လည်း စွပ်စွဲမှုများရှိခဲ့သည်။
ထိုသို့ စွပ်စွဲမှုများ ရှိနေရာတွင် အချို့သော ရဟန်းများမှာ အတုအယောင်များ ဖြစ်နေခြင်း၊ သင်္ဃန်းခြုံ၍ သံဃာအယောင်ဆောင်ခြင်းများ ဖြစ်သည့်နည်းတူ အချို့သော ရဟန်းများမှာ သာသနာ့ဝန်ထမ်းအဖြစ် နှစ်ကာလရှည်ကြာစွာ ရှိနေရာမှ ၀ိနည်းလေးစားလိုက်နာမှု မရှိသော ပြစ်မှုဟု ယူဆနိုင်သည်များကို ကျူးလွန်နေကြခြင်း ဖြစ်သည်။
ထိတ်လန့်ဖွယ် စွပ်စွဲတိုင်ကြားစာများ
Eleven Media Group က မကြာသေးမီအချိန်တွင် လက်ခံရရှိခဲ့သော ပေးစာအချို့တွင် ၀ိနည်းနှင့်လျော်ညီမှု မရှိသည့် ရဟန်းအချို့ကို စွပ်စွဲတိုင်ကြားထားသည့် စာများလည်း ပါဝင်ခဲ့သည်။
ထိုအထဲတွင် နိုင်ငံတော် သံဃာဗဟိုဝန်ဆောင် ရဟန်းတစ်ပါးအား ပါရာဇိကဖြင့် စွပ်စွဲမှု၊ ရဟန်းတစ်ပါးက မာတုဂါမတစ်ဦးအား ကိုယ်ဝန်ရသည်အထိ တိတ်တဆိတ် ပေါင်းသင်းခဲ့သည်ဟူသော စွပ်စွဲမှု တိုင်ကြားစာများလည်း ပါဝင်ခဲ့သည်။
ထိုပေးစာများနှင့် ဆက်စပ်ပြီး တိုင်ကြားသူများ၏ အခြေအနေ၊ စွပ်စွဲခံခဲ့ရသူ ရဟန်း၏ အခြေအနေများ၊ နေရာဒေသများကို စုံစမ်းခဲ့ရာတွင် စွပ်စွဲပြောဆိုမှုများသည် အခြေအမြစ်မရှိ ပေါ်ပေါက်လာခြင်း မဟုတ်သည်ကို တွေ့ရှိခဲ့သည်။
Eleven Media Group ကလက်ခံရရှိခဲ့သော တိုင်ကြားစာများသည် ပုဂ္ဂလိကဆန္ဒဖြင့် သီးခြားပေးပို့လာသော စာများမဟုတ်ဘဲ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ထံသို့ လိပ်မူဆက်ကပ်ခဲ့သည့် တိုင်ကြားစာများကို တစ်ဆင့်လက်ခံအနေဖြင့် ရရှိခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သို့ ဆက်ကပ်တိုင်ကြားခဲ့သော စာများ၌ “သာသနာတော်ကြီးအား တိုးတက်စည်ပင်ဖွံ့ဖြိုး တည်တံ့ခိုင်မာအောင် ကြိုးစားဆောင်ရွက်တော် မူနေကြသည့် ဆရာတော် သံဃာတော် အရှင်သူမြတ်ကြီးများနှင့် ရဟန်းသာမဏေ၊ သီလရှင်နှင့် ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ် အများအပြား ရှိသလို သာသနာတော်ကြီး ညှိုးနွမ်း၊ ပျက်စီးအောင် ပြုမူလုပ်ကိုင်နေသည့် အရည်းကြီး ရဟန်းများနှင့် ရဟန်းတု၊ ရဟန်းယောင်များနှင့် လူပုဂ္ဂိုလ်များ သာသနာတော်ကြီးတွင် အများအပြား ရှိနေသည်ကို ၀မ်းနည်းစိတ်မကောင်းခြင်းကြီးစွာဖြင့် တွေ့မြင်နေရပြီ ဖြစ်ပါသည်”၊ “… ရဟန်းဝတ်များ အရက်သေစာ သောက်စား၍ မူးယစ်ရမ်းကားနေသော သတင်း၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဘတ်(စ်)ကားများ၊ ကားမှတ်တိုင်များတွင် လှည့်လည်အလှူခံခြင်းကြောင့် ဖမ်းဆီး၊ လူဝတ်လဲလှယ်စေခြင်း၊ ရဟန်းတော်များနှင့် မသက်ဆိုင်သော မြေယာအရောင်းအ၀ယ် အမှုများနှင့် အဆိုးဆုံးမှာ မာတုဂါမများနှင့် တိတ်တဆိတ် ပေါင်းသင်းနေထိုင်ရာမှ ရရှိလာသော ကိုယ်ဝန်အား ဖျက်ချ၍ ဆိုးဝါးသောပြစ်မှု ကျူးလွန်ခြင်းများကိုပါ ငရဲမကြောက်၊ အပါယ်မကြောက်ရုံ သာမက ယုံကြည်ကိုးကွယ် ဆည်းကပ်ခံရ၍ ရရှိထားသော ၀တ္ထုငွေကြေးများကိုပါ ၎င်းမာတုဂါမများနှင့် ပျော်ပါးထောက်ပံ့ သုံးစွဲနေကြသည်ကိုပါ တွေ့မြင်ကြားသိနေရပြီး ရန်ကုန်မြို့ရှိ ဘုန်းကြီးကျောင်းအချို့တွင် သံဃာတော်များ သီတင်းသုံးနေသည်က နည်းနည်း၊ လူပုဂ္ဂိုလ်၊ မာတုဂါမများနှင့် နေထိုင်ကြသည်က များများ တွေ့မြင်နေရပါသည်”၊ “တချို့ကျောင်းများတွင် ဘော်ဒါဆောင်များသဖွယ် ယောက်ျားမိန်းမမရွေး အခကြေးငွေယူ၍ ထားရှိကြသည်ကိုလည်း ကြားသိမြင်တွေ့ရပါသည်။ နှစ်လုံးထီထိုးသော ဘုန်းကြီး၊ ချဲဒိုင်ကိုင်သော ဘုန်းကြီး၊ ဘောလုံးပွဲလောင်းသော ဘုန်းကြီး အများအပြား ရှိနေကြပါသည်”၊ “ပြည်သူများကြားတွင် ရဟန်းအချို့ကို ချဲဘုန်းကြီး၊ စီးပွားရေးဘုန်းကြီး၊ နိုင်ငံရေးဘုန်းကြီး၊ အရည်းကြီးဘုန်းကြီးများဟူ၍ ခေါ်ဝေါ်သမုတ်နေကြသည်မှာ ၀မ်းနည်းဖွယ် ကောင်းလွန်းလှပါသည်” ဟူ၍ ရေးသားဖော်ပြခဲ့သည်။
ထို့နောက် အဆိုပါ ဆက်ကပ်တိုင်ကြားစာများ၌ပင် သာသနာတော်ကြီး ပျက်စီးထိခိုက်နစ်နာ၊ ညှိုးနွမ်းစေမည့် ကိစ္စရပ် အမှုတွဲနှစ်ခုကို ပူးတွဲဆက်ကပ်ခဲ့ပြီး အမှုတစ်ခုသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၀ိနိစ္ဆယအဖွဲ့ငယ်) သီးခြားဝိနိစ္ဆယအဖွဲ့အမှတ် (၁/၂၀၁၃) ကို ဖွဲ့စည်းခြင်း အမိန့် (လုပ်ထုံးလုပ်နည်းများ အပုဒ်-၅၇/က) အရ ဖွဲ့စည်းစစ်ဆေးခဲ့သော အမှုဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သို့ ဆပ်ကပ်တိုင်ကြားရာ၌ သာဓကပြဆိုခဲ့သော အမှုနှစ်ခုအနက် တစ်မှုမှာ ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကျန်တစ်ခုသည် မန္တလေးတိုင်း မိထ္ထီလာခရိုင် မလှိုင်မြို့နယ်၌ ဖြစ်ပွားခဲ့သော အမှုတို့ဖြစ်ပါသည်။
ဆက်ကပ်တိုင်ကြားခံရသော အမှုဖြစ်စဉ်များ
ထိုနောက်ပိုင်းတွင် ဒေါ်—၏ နေအိမ်သို့ နေ့စဉ်ရက်ဆက် ရောက်ရှိလာပြီး လင်ယောက်ျားရှိသည့် ရက်များတွင် ဆွမ်းဘုဉ်းပြီးသာ ပြန်သွားလေ့ရှိကြောင်း၊ လင်ယောက်ျားမရှိသည့် ရက်များတွင်မူ နှစ်ဦးစလုံး လူမှုရေးဖောက်ပြန်မှုကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် ဘဒ္ဒန္တ —- က ၎င်းပိုင်ဆိုင်သည့် ပစ္စည်းများကို ဒေါ်—- ၏ နေအိမ်သို့ ပေးပို့ခဲ့ကြောင်း၊ နေအိမ်သို့လည်း လာရောက်နေထိုင်ကြောင်း . . . . .
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ၀ိနိစ္ဆယအဖွဲ့ငယ်ဖြင့် စစ်ဆေးခဲ့သည့် ဘားအံမြို့နယ်မှ အမှုသည် အနုဝါဒါ အဓိကရုဏ်းမှုခင်း၌ စွပ်စွဲ(တိုင်ကြား)သူ မာတုဂါမ ဒေါ် —- က စွပ်စွဲခံခဲ့ရသူ နိုင်ငံတော် ဗဟိုသံဃ၀န်ဆောင် ဆရာတော် ဘဒ္ဒန္တ —- အား သူမနှင့် ၁၃ နှစ်ခန့် တိတ်တဆိတ် ပေါင်းသင်းခဲ့သည်ဟု စွပ်စွဲပြီး နိုင်ငံတော် သံဃနာယကအဖွဲ့သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ထိုတိုင်ကြားစာ၌ပင် စွပ်စွဲသူ ဒေါ်—- သည် ကာမပိုင် လင်ယောက်ျားရှိပါလျက်နှင့် ဗဟိုသံဃ၀န်ဆောင် ဆရာတော် ဘဒ္ဒန္တ —- နှင့် ဖောက်ပြန်ခဲ့ပါသည်ဟုလည်း ၎င်း၏အပြစ်ဝန်ခံချက်နှင့်တစ်ကွ ဖော်ပြခဲ့သည်။
တိုင်ကြားစာကို စတင်ပေးပို့စဉ်က ရန်ကုန်မြို့ရှိ သာသနာရေးဝန်ကြီးဌာန ကမ္ဘာအေး သံဃ၀ိနိစ္ဆယ ဦးစီးဌာနမှတစ်ဆင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံသို့ ဆက်ကပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုင်ကြားခဲ့ပြီးနောက်ပိုင်း စွပ်စွဲခံရသည့် စုဒိကတ နိုင်ငံတော် ဗဟိုဝန်ဆောင် ဆရာတော် ဘဒ္ဒန္တ —- က အမှုတွဲကို သက်ဆိုင်ရာအသီးသီးသို့ မရောက်ရှိအောင် လူလွှတ်၍လည်းကောင်း၊ စွပ်စွဲသူ ဒေါ်—- အပေါ် အများတကာ ထင်ယောင်ထင်မှား ဖြစ်စေသည့် စကားများအား ပြောခိုင်း၍လည်းကောင်း၊ မိသားစုအား ပြဿနာအမှားအယွင်းဖြစ်အောင် တပည့်သံဃာများနှင့် လည်းကောင်း၊ ၎င်း၏ဆွေမျိုး ညီအစ်ကိုများဖြင့် လည်းကောင်း၊ အောက်လမ်းပညာဖြစ်စေသည်အထိ လိုက်လံနှောင့်ယှက်ခြင်းများ ရှိခဲ့သည်ဟု တိုင်ကြားစာဆက်ကပ်အပြီး ၁၇ ရက်အကြာတွင် ထပ်မံပေးပို့ခဲ့သည့် အသနားခံလွှာတွင် ဒေါ် —- က ရေးသားခဲ့သည်။
အသနားခံလွှာ ပေးပို့အပြီးတွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က သီးခြားဝိနိစ္ဆယအဖွဲ့ကို ဖွဲ့စည်းစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာတွင် စွပ်စွဲခဲ့သော ကျူးလွန်မှုများအဖြစ် (က) ပထမ ပါရာဇိက မေထုန်မှီဝဲမှု (ခ) အာပတ္တာဇိကရုဏ်း၊ အနုဝါဒါဓိကရုဏ်း (ဂ) ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်ဇူလိုင် ၆ ရက်အထိ ကျူးလွန်ခဲ့ခြင်းများဟူ၍ ဖော်ပြခဲ့ပြီး ပြစ်မှုဆိုင်ရာ ဥပဒေအရ တရားစွဲဆိုခြင်း ပြုမည်မဟုတ်ကြောင်းကိုလည်း စွပ်စွဲသူ ဒေါ်—- က ၀န်ခံကတိ လက်မှတ်ရေးထိုးစေခဲ့သည်။
ထွက်ဆိုချက်များ
စွပ်စွဲသူ ဒေါ်—- ၏ ထွက်ဆိုချက်များအရ စွပ်စွဲခံရသူ ဘဒ္ဒန္တ —- သည် ၂၀၀၀ ပြည့်နှစ်မှ စတင်ပြီး ဒေါ်—- ၏ နေအိမ်သို့ ညနေပိုင်းတွင် စက်ဘီးဖြင့် လာရောက်တတ်ကြောင်း၊ လာသည့်အခါတွင် ညနေစာထမင်းဟင်းများကို ည ၇ နာရီခန့်တွင် ချက်ပြုတ်ကျွေးမွေးရကြောင်း၊ ညနေစာ စားသောက်ပြီးချိန်တွင် ဒေါ်—-အား နှိပ်ပေးလေ့ရှိကြောင်း၊ အိပ်ခိုင်းပြီး ခြေသလုံးနှင့် ပေါင်များကိုလည်း နှိပ်ပေးလေ့ရှိကြောင်း၊ ည ၈ နာရီ ၉ နာရီခန့်အချိန်တွင် ပြန်ကြောင်း၊ လင်ယောက်ျားမရှိသော တစ်ရက်တွင် ဘဒ္ဒန္တ —- က ဒေါ်— အား ချစ်ကြိုက်ကြောင်းပြောပြီး  ကျူးလွန်မှုပြုလုပ်ခဲ့ကြောင်း အစရှိသဖြင့် ဖော်ပြခဲ့သည်။
ထိုနောက်ပိုင်းတွင် ဒေါ်—၏ နေအိမ်သို့ နေ့စဉ်ရက်ဆက် ရောက်ရှိလာပြီး လင်ယောက်ျားရှိသည့် ရက်များတွင် ဆွမ်းဘုဉ်းပြီးသာ ပြန်သွားလေ့ရှိကြောင်း၊ လင်ယောက်ျားမရှိသည့် ရက်များတွင်မူ နှစ်ဦးစလုံး လူမှုရေးဖောက်ပြန်မှုကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် ဘဒ္ဒန္တ —- က ၎င်းပိုင်ဆိုင်သည့် ပစ္စည်းများကို ဒေါ်—- ၏ နေအိမ်သို့ ပေးပို့ခဲ့ကြောင်း၊ နေအိမ်သို့လည်း လာရောက်နေထိုင်ကြောင်း၊ ၂၀၀၅ ခုနှစ်တွင် ဘဒ္ဒန္တ —- သည် ခြေချော်လဲရာမှ အရိုးအက်ပြီး လမ်းမလျှောက်နိုင် ဖြစ်ခဲ့ရကြောင်း၊ ထိုအချိန်၌ ဒေါ်—- ၏ နေအိမ်၌ပင် နေထိုင်ခဲ့ကြောင်း၊ ၂၀၀၆ ခုနှစ်တွင် ဒေါ်—- အား လင်ယောက်ျားဖြစ်သူက မော်လမြိုင်အပိုင် ကျိုက်မရောရှိ ရော်ဘာခြံသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ရောက်ရှိပြီး လင်ယောက်ျားမရှိသည့် အချိန်များတွင် ဘဒ္ဒန္တ —-  ရောက်ရှိလာပြီး ဒေါ် —-နှင့်အတူ နေထိုင်ပြီး လူမှုရေးဖောက်ပြန်မှုများကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း၊ တည်းခိုခန်း၌ တည်းခိုစဉ် ကာလတွင်လည်း ကျူးလွန်မှုများ ရှိခဲ့သည့်အပြင် အုပ်ချုပ်ရေးပိုင်းက ဘဒ္ဒန္တ —- ကို ဖမ်းလိုသဖြင့် လာရောက်ရှာဖွေ စစ်ဆေးခြင်းများလည်း ရှိခဲ့ကြောင်း ဒေါ်—-က ထွက်ဆိုသည်။
ထို့အပြင် ၂၀၀၈ ခုနှစ်တွင် စကားပြော အဆင်မပြေဖြစ်ခြင်းများကို အကြောင်းပြုပြီး ဘဒ္ဒန္တ —- က ဒေါ်—- ကို နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ညာလက်တစ်ဖက် ကျိုးခဲ့ကြောင်း၊ သို့သော် ပြန်အဆင်ပြေခဲ့ပြီး ယခင်နှစ်များအတိုင်း လူမှုရေးဖောက်ပြန်မှုများကို ၂၀၁၃ ခုနှစ် ဇူလိုက်လအထိ ပြုလုပ်ခဲ့ကြောင်း အစရှိသည်တို့ကို ထွက်ဆိုခဲ့ပြီး ဘဒ္ဒန္တ —- ၏ ကျောင်းတွင်ရှိနေပြီး ဒေါ်—-  ပိုင်ဆိုင်ထားသည့် ကျောက်ပျဉ်၊ အပ်ချုပ်စက်၊ တီဗွီ၊ ဗီရိုနှင့် အိုးခွက်အသုံးအဆောင်များကိုလည်း ဒေါ် —- က သက်သေအဖြစ် တင်သွင်းခဲ့သည်။
စစ်ဆေးမှုပြုလုပ်ခြင်း
စွပ်စွဲသူ ဒေါ်—- ၏ ထွက်ဆိုချက်များအရ ဘဒ္ဒန္တ —- ကို သီးခြားဝိနိစ္ဆယအဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ဘဒ္ဒန္တ —- ကလည်း ခုခံချေပ လျှောက်တင်မှုများ ပြုလုပ်ခဲ့သည်။
ဘဒ္ဒန္တ —- ၏ ထွက်ချက်များတွင် မိမိသည် သက်တော် ၅၅ နှစ်၊ သိက္ခာ ၃၅ ၀ါရှိပြီဖြစ်ကာ နိုင်ငံတော် ဗဟိုသံဃ၀န်ဆောင်အဖြစ် ၂၀၀၉ ခုနှစ်က စတင်တာဝန် ထမ်းဆောင်ခြင်းဖြစ်ကြောင်း၊ ယခုတိုင်ကြားခံရမှုသည် အပင်မြင့်၍ လေတိုက်ခံရခြင်းသာဖြစ်ကြောင်း စသဖြင့် ဖော်ပြခဲ့ပြီး ဒေါ် —-၏ စွပ်စွဲချက်များ မမှန်ကြောင်း ငြင်းဆိုခဲ့သည်။
သို့သော် ဒေါ်—- နှင့် ၂၀၀၀ ပြည့်နှစ်ကပင် သိကျွမ်းခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ်တွင် ခြံမြေ၀ယ်သော ကိစ္စနှင့် ပတ်သက်၍  အကူအညီပေးရာမှ ပိုမိုရင်းနှီး သိကျွမ်းခဲ့ကြောင်း၊ ဒေါ်—- သည် ချဲထီလောင်းကစား အကြီးအကျယ် ပြုလုပ်၍ ခြံအားပေါင်နှံခြင်း၊ အကြွေးဖြင့် အသိမ်းခံရခြင်းများ ဖြစ်ပေါ်လာ၍ အကြွေးပတ်လည် ၀ိုင်းနေသဖြင့် — ရွာရှိ —- ရော်ဘာခြံသို့ ပြောင်းရွေ့နေထိုင်ရေးအတွက် အစစအရာရာ ကူညီပေးခဲ့ကြောင်း၊ ထိုခြံသည် ၎င်းပိုင်ဆိုင်သော ရော်ဘာခြံသာဖြစ်ကြောင်း၊  မိမိထူထောင်၍ အောင်မြင်လာသော ရော်ဘာခြံကို ဒေါ်—-က တောင်းဆိုမှု ပြုလာရာမှ မပေးသဖြင့် ယခုကဲ့သို့ စွပ်စွဲမှု ပြုလုပ်လာခြင်းဖြစ်ကြောင်း၊ ဒေါ်—- နှင့်မိသားစုများ ရော်ဘာခြံအတွင်း စတင်နေထိုင်စဉ်က စားသောက်စရိတ် အနည်းငယ် ပေးကမ်းခဲ့ကြောင်း၊ ယခုအခါ လောဘတက်လာပြီး မကောင်းကြံစည်လာ၍ ပေးကမ်းစွန့်ကြဲခြင်း မပြုတော့ကြောင်း အစရှိသဖြင့် ထွက်ဆိုခဲ့သည်။
ဒေါ်—- နှင့် မေထုန်မှီဝဲမှု စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပြီး အုပ်ချုပ်ရေးမှူးများက ဖမ်းဆီးရန် လာရောက်ရှာဖွေသည် ဆိုခြင်းမှာလည်း မမှန်ကြောင်း၊ ဘုန်းကြီးကျောင်းများတွင် ရင်းနှီးသော ဒကာ၊ ဒကာမများက ပစ္စည်းပစ္စယများ အပ်နှံထားသည်မှာ မဆန်းကြောင်း၊ ဒေါ်—-၏ ပစ္စည်းများ ကျောင်း၌ရှိသည်မှာ မှန်ကန်ကြောင်း၊ ဒေါ် —- ၏ လက်ကျိုးခြင်းမှာလည်း နှိပ်စက်ကန်ကျောက်၍ မဟုတ်ဘဲ ဒေါ်—-၏ အလုပ်မကြိုးစားမှု၊ လောင်းကစား ၀ါသနာပါနေမှုတို့ကြောင့် ပြောဆိုစဉ် ဒေါ်—-က ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုပြီး ကျောင်းတိုက်အား ပုတ်ခတ်စော်ကားသဖြင့် ဒေါသအလျောက် ကန်ကျောက်ခဲ့ခြင်းသာဖြစ်ကြောင်း ထွက်ဆိုသည်။
နိဂုံးချုပ်အနေဖြင့် ဒေါ်— သည် မိမိ၏ ဂုဏ်ကျော်ဇောမှုကို မလိုလားဘဲ ၎င်း၏လောင်းကစား ၀ါသနာပါမှုကြောင့် စီးပွားရေးကျပ်တည်းမှု ဖြစ်လာပြီး မိမိထူထောင်ထားသည့် ရော်ဘာခြံကို ရယူလိုသဖြင့် ယခုကဲ့သို့ မဟုတ်မမှန် လုပ်ကြံစွပ်စွဲခြင်းသာ ဖြစ်သည်ဟု ဘဒ္ဒန္တ —- က ပြန်လည်ချေပခဲ့သည်။
အမှုပိတ်ခြင်း
စစ်ဆေးမှုများအတွက် အဆုံးသတ်အဖြေ မထွက်ပေါ်မီ ၂၀၁၃ ခုနှစ် နိုဝင်ဘာလဆန်းတွင် စွပ်စွဲသူ ဒေါ်—- က  ဘဒ္ဒန္တ —- အား ပထမပါရာဇိက အမှုဖြင့် စွပ်စွဲခြင်းအား ရုပ်သိမ်းပြီး နောက်နောင် ထပ်မံစွဲဆိုခြင်း မပြုလုပ်တော့ကြောင်း ၀န်ခံကတိပြုခဲ့သည်။
ထို့နောက် အမှုကို စစ်ဆေးခဲ့သည့် သီးခြားဝိနိစ္ဆယအဖွဲ့က “စောဒကမှ အမှုကို ရုပ်သိမ်းလွှာတင်သွင်း၍ နောက်နောင်တွင်ထပ် မံစွဲဆိုမှု မပြုတော့ပါကြောင်း ကတိခံဝန်ချက်ပေး၍ ၀ိ-လုပ်ထုံး/၃၇(ဂ)/၀ိလက်စွဲ အပိုဒ် ၁၄၄ အရ အမှုအား ရုပ်သိမ်းခွင့်ပြုရန် အမှုပိတ်ကြောင်း” ဆုံးဖြတ်ခဲ့သည်။
သံဃမဟာနာယကအဖွဲ့ ၄၇ ပါးမှာ ၁၅ ပါးစီ လေးလတစ်ကြိမ် တာဝန်ယူရပါတယ်။ အခုဖြစ်နေတာမှာ တချို့မြို့နယ်အဆင့်၊ တိုင်းအဆင့်လို သံဃနာယကတွေက အလုပ်မလုပ်တဲ့အခါ တိုင်ကြားမှုတွေ အကုန်လုံးက နိုင်ငံတော် သံဃနာယက အဖွဲ့ဆီကိုပဲ ရောက်လာပြီး အမှုတွေ များသွားတယ်။ အဲဒီတော့ ဒါတွေကို ဖြေရှင်းရာမှာ ကြန့်ကြာတာမျိုးတွေ ဖြစ်နေတယ် . . . . .
ထို့ကြောင့် ထိုကိစ္စရပ်အတွက် အမှုမှန်ဖြစ်စဉ်မှာ ပေါ်ပေါက်ခဲ့ခြင်းမရှိဘဲ အလွယ်တကူ စွပ်စွဲပြစ်တင်၊ အလွယ်တကူ ကျေအေးလွှာဖြင့်သာ အလွယ်တကူ ပြီးဆုံးသွားခဲ့ပြီး အမှု၏ အမှန်တရားမှာ ပျောက်ဆုံးသွားခဲ့သည်။
Eleven Media Group က စွပ်စွဲခံရသူနှင့် စွပ်စွဲသူနှစ်ဦးစလုံးကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
နောက်ထပ်အမှုတစ်ခု
ဘားအံတွင် ဖြစ်ပွားခဲ့သော အမှုတစ်ခုနည်းတူ နောက်ထပ်အမှုတစ်ခုမှာ မန္တလေးတိုင်းဒေသကြီး၊ မိထ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော အမှုဖြစ်သည်။
ထိုအမှုတွင် သက်တော် ၃၅ နှစ်အရွယ်ရှိ ရဟန်းတစ်ပါးနှင့် မာတုဂါမတစ်ဦးတို့ ချစ်ကျွမ်းဝင်ခဲ့ရာမှ ရဟန်း၏ အကြိမ်ကြိမ်တောင်းဆိုမှုများကြောင့် လွန်ကျူးမှုများ ဖြစ်ခဲ့ပြီး ကိုယ်ဝန်ရခဲ့ခြင်းကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံ ဆက်ကပ်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တိုင်းကြားသူ မ —- က  ၎င်းကျူးလွန်ခဲ့သော အပြစ်အတွက် နောင်တကြီးစွာရကြောင်းနှင့် ရဟန်း—- နှင့် ရရှိခဲ့သော ကိုယ်ဝန်ကို နှစ်ဦးတိုင်ပင်ပြီး နှစ်ဦးသဘောတူဖြင့် ဖျက်ချမိခဲ့သည်ဟု ရေးသားပြီး အဖြစ်အပျက်အစုံကို လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ကိုယ်ဝန်ရရှိပြီးနောက် ဖျက်ချရန်နှင့် ၀ါကျွတ်တွင် လူထွက်ပြီး ပေါင်းသင်းမည်ဟု ရဟန်းက ပြောဆိုခဲ့ကြောင်း၊ သို့သော် ကိုယ်ဝန်ဖျက်ချပြီးချိန်တွင် မ—- အား ရဟန်း—- က အတွေ့မခံတော့ဘဲ ရှောင်သွားပြီး ဖုန်းဖြင့်ဆက်သွယ်မှုပင် အလုပ်မခံတော့ကြောင်း၊ ထို့ပြင် နေထိုင်နေသည့် ဘုန်းတော်ကြီးကျောင်းမှပင် နှင်ထုတ်ခံခဲ့ရကြောင်း၊ ၂၀၁၁ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သော ကိစ္စရပ်အတွက် ၂၀၁၃ ခုနှစ်အထိ စောင့်ဆိုင်းခဲ့သော်လည်း ရဟန်း —- မှာ ပေးထားသော နှုတ်ကတိကို အကောင်အထည် မဖော်ခဲ့ကြောင်း၊ ထို့ကြောင့် ရဟန်း—- အား လူထွက်ပြီး ပေးထားသော ကတိအတိုင်း တာဝန်ယူစေလိုကြောင်းနှင့် ရဟန်း—- ထံမှ မည်သည့်ငွေကြေး၊ ဥစ္စာပစ္စည်းကို ရယူလိုသည့်အတွက် တိုင်တန်းရခြင်း မဟုတ်ကြောင်း ဆက်ကပ်တိုင်ကြားစာ၌ မ—- က ရေးသားခဲ့သည်။
ထိုကိစ္စရပ်နှင့် ပတ်သက်၍မူ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က မည်သို့စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်ကို မသိရှိရသည့်အပြင် ကာယကံရှင်များကိုလည်း ဆက်သွယ်မေးမြန်းမှု မရရှိခဲ့ပါ။
ဓမ္မစက်ဖြင့် အရေးယူမှု နည်းပါးခြင်း  
အထက်ပါ ဖြစ်ရပ်များသည် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သို့ ဆက်ကပ်ပေးပို့ခဲ့ပြီး Eleven Media Group က လက်ခံရရှိခဲ့သော တိုင်ကြားစာများထဲမှ အချို့ကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ထိုသို့သော တိုင်ကြားစာများ ရှိနေသော်လည်း နိုင်ငံတော် သံဃနာယက အဖွဲ့၏ အရေးယူ ဆောင်ရွက်မှုများအပေါ် မေးခွန်းထုတ်မှုများ ရှိနေခဲ့သည်။
မြန်မာနိုင်ငံတွင် ရဟန်းသံဃာ အရေအတွက် ငါးသိန်းခန့်ရှိနေပြီး ဂိုဏ်းအလိုက် ခွဲတန်းဖြင့် မြို့နယ်၊ တိုင်း၊ ဗဟို သံဃ၀န်ဆောင်အဖွဲ့များကို ရွေးကောက်တင်မြှောက်လေ့ရှိသည်။ ထိုသို့အဆင့်ဆင့် တင်မြှောက်ထားသည့် ဗဟိုသံဃ၀န်ဆောင် အရေအတွက် အပါး ၂၉၀ ခန့်ရှိပြီး ထိုသံဃာများထဲမှ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို ပြန်ရွေးချယ်ရသည်။ ထိုသံဃနာယကအဖွဲ့သည် တစ်နိုင်ငံလုံးရှိ သံဃာအားလုံး၏ အချုပ်ဖြစ်ပြီး သံဃာအမှုအခင်းများတွင် တာဝန်အရှိဆုံး ဖြစ်သည်ဟု သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“သံဃမဟာနာယကအဖွဲ့ ၄၇ ပါးမှာ ၁၅ ပါးစီ လေးလတစ်ကြိမ် တာဝန်ယူရပါတယ်။ အခုဖြစ်နေတာမှာ တချို့မြို့နယ်အဆင့်၊ တိုင်းအဆင့်လို သံဃနာယကတွေက အလုပ်မလုပ်တဲ့အခါ တိုင်ကြားမှုတွေ အကုန်လုံးက နိုင်ငံတော် သံဃနာယက အဖွဲ့ဆီကိုပဲ ရောက်လာပြီး အမှုတွေ များသွားတယ်။ အဲဒီတော့ ဒါတွေကို ဖြေရှင်းရာမှာ ကြန့်ကြာတာမျိုးတွေ ဖြစ်နေတယ်” ဟု သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
သံဃနာယက အဖွဲ့များအတွင်း တိုင်ကြားလာသော အမှုအခင်းများကို ဖြေရှင်းရာ၌ အားနည်းမှုများ ရှိနေသည်မှာ အမှန်ပင်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓဘာသာသာသနာပြု တက္ကသိုလ်မှ လက်ထောက်ကထိက ဆရာတော်တစ်ပါးက မိန့်ကြားသည်။
“သံဃနာယကအဖွဲ့တွေ အလုပ်မလုပ်ဘူးလားဆိုတော့ လုပ်နေတယ်။ ဖိဖိစီးစီးလုပ်တာ အားနည်းနေတယ်လို့ ပြောရမှာပဲ။ အဓိကကတော့ သံဃနာယက အဖွဲ့တွေက ထက်အောက်အဆက်အသွယ် ပြတ်နေတာက အဓိကလို့မြင်တယ်။ အောက်ခြေပြတ်တော့ မနိုင်မနင်း ဖြစ်လာတာရော၊ ကိုယ်နဲ့မဆိုင်သလို နေတာကြောင့်ရော ဒီလိုအမြင်မတင့်တယ်တဲ့ ကိစ္စရပ်တွေ ဖြေရှင်းမှု နည်းလာတယ်” ဟု အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓဘာသာသာသနာပြု တက္ကသိုလ်မှ လက်ထောက်ကထိကဆရာတော်က မိန့်ဆိုသည်။
လက်ရှိအချိန်တွင် ပါရာဇိက ပြစ်မှုများအပြင် ရဟန်းတော်အချို့ ညဘက်ဆိုင်ထိုင်ခြင်း၊ ညပိုင်းတွင် စားသောက်ဖွယ်ရာများ သုံးဆောင်ခြင်း၊ လောင်းကစားပြုလုပ်ခြင်း၊ စီးပွားရေးလုပ်ခြင်း၊ မာတုဂါမများနှင့် ပျော်ပါးခြင်း အစရှိသည်တို့ လုပ်ဆောင်နေခြင်းများက သာသနာတော်ကို ညှိုးနွမ်းစေခြင်းများ ဖြစ်စေသည်ဟူသော မိန့်ကြားမှုများလည်း ရှိနေသည်။
“၀ိနည်းမလိုက်နာတဲ့ သံဃာဆိုတာက ဘုရားလက်ထက်တော်ကတည်းက ရှိခဲ့တာပဲ။ ဒါကြောင့်ပဲ ဘုရားက သိက္ခာပုဒ်တွေ ပညတ်ခဲ့ရတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒါတွေက သာသနာကို ညှိုးနွမ်းစေပါတယ်။ သံဃာတော်တွေဟာ မကြည်ညိုသေးတဲ့သူတွေ ကြည်ညိုလာစေဖို့ တာဝန်ရှိပါတယ်။ ရဟန်းတချို့ကြောင့်လို့ ဆိုပေမဲ့ မြင်မိတဲ့သူတွေအတွက်တော့ ပြောစရာဖြစ်တာပေါ့။ ဘာသာခြားအမြင်မှာလည်း မတင့်တယ်နိုင်ဘူးလေ” ဟု မဟာဓမ္မရောင်ခြည် ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အရှင်ဓမ္မလောကက မိန့်ကြားသည်။
အာဏာစက်ဖြင့် အရေးယူရမည်လား  
ရဟန်းအချို့၏ သာသနာတော်ကို ညှိုးနွမ်းပျက်စီးစေရန် အထင်ရောက်စေသော ဖြစ်ရပ်များအတွက် သံဃာမဟာနာယက အဖွဲ့သို့ ဆက်ကပ်တိုင်ကြားခဲ့သည့် ပေးစာများတွင် အမှုမှန်များ ပေါ်ပေါက်ရေးအတွက် ဓမ္မစက်ဖြင့်သာ မကဘဲ အာဏာစက်ဖြစ်သော အရပ်ဘက်ပြစ်မှုဆိုင်ရာ ဥပဒေများအရ စုံစမ်းဖော်ထုတ် အရေးယူမှု ပြုလုပ်သင့်သည်ဆိုသော စာများလည်း ပါဝင်ခဲ့သည်။
သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ ရောက်ရှိလာသော အမှုများကို ဖော်ထုတ်ရန် အုပ်ချုပ်ရေး အာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှုလိုကြောင်း ဆိုသည်။
“အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုတယ်။ သံဃနာယကအဖွဲ့က သြ၀ါဒပေးတာမျိုးပဲ လုပ်ရပြီး ကျန်တဲ့အရေးယူတာမျိုးက ရဲတပ်ဖွဲ့လို အာဏာပိုင်တွေက လုပ်မှရတာ” ဟု သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားသည်။
“သံဃနာယကအဖွဲ့တွေနဲ့အတူ အာဏာပိုင်တွေကလည်း ပူးပေါင်းပါဝင်ရမယ်။ ဒီလိုပဲ တစ်ယောက်ချင်းစီကလည်း ပူးပေါင်းပါဝင်ဖို့လိုတယ်။ ရဟန်းတွေ အမြင်မတော်တာ ဖြစ်နေရင် ဆိုင်ရာသံဃနာယကအဖွဲ့ကို တိုင်၊ သံဃနာယကအဖွဲ့ကလည်း ဖိဖိစီးစီးကိုင်တွယ်၊ အဲဒါဆိုရင် အမြင်မတော်မှုတွေ အများကြီး လျော့နည်းသွားမှာပါ” ဟု အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓဘာသာ သာသနာပြုတက္ကသိုလ်မှ လက်ထောက်ကထိက ဆရာတော်က မိန့်ကြားသည်။
မည်သို့ပင်ဆိုစေကာမူ သာသနာတွင်း၌ လူအများ အကြည်ညိုပျက်အောင် ၀ိနည်းသိက္ခာ မလေးစားသော သံဃာအချို့ ရှိနေသည်မှာ အမှန်ဖြစ်ပြီး သာသနာတော်ကို လူအများ အထင်အမြင်လွဲမှားမှု မဖြစ်စေရန် လုပ်ဆောင်မှုများ လိုအပ်နေကြောင်း ရန်ကုန်မြို့ မနာပဒါယီကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အရှင်ဝိစိတ္တ (မနာပဒါယီ)က မိန့်ကြားသည်။
“သာသနာတော်ထဲမှာ အနေအစားချောင်တယ်လို့ ယူဆတဲ့အတွက် တချို့တွေက ဘုန်းကြီးဝတ်ကြတယ်။ အဲဒီလိုလူတွေက သင်္ကန်းဝတ်ထားပေမယ့်လည်း ၀ိနည်းကို လေးစားလိုက်နာတာမျိုး မရှိဘူး။ အရင်အစိုးရ ခေတ်မှာတုန်းက သံဃာတွေ နိုင်ငံရေးမလုပ်ရင် ပြီးရောဆိုပြီး အကုန်လုံး အရေးမယူဘဲ လွှတ်ပေးထားတော့ အုတ်ရောရော ကျောက်ရောရောတွေ ဖြစ်လာတာပေါ့။ ၀ိနည်းလေး စားလိုက်နာခြင်း မရှိတဲ့ ရဟန်းတွေကို စိစစ်ရှင်းလင်းမှု လုပ်သင့်ပါတယ်” ဟု ဆရာတော် အရှင်ဝိစိတ္တ (မနာပဒါယီ)က မိန့်ကြားခဲ့သည်။
ဘုရားရှင် ဟောကြားတော်မူခဲ့သည့် တရားတော်များအနက် ၀ိနည်းဆိုသည်မှာ သံဃာတော်များ လိုက်နာအပ်သည့် စည်းမျဉ်းစည်းကမ်းများဖြစ်သည်။ ၀ိနည်းတွင် အမျိုးအစား ခုနစ်မျိုးရှိပြီး အပြစ်အနိမ့်အမြင့် အစဉ်လိုက်အားဖြင့် ပါရာဇိက၊ သံဃာဒိသိသ်၊ ထုလ္လစ္စည်း၊ ပါစိတ်၊ ဒုက္ကဋ်၊ ဒုဗ္ဘာသိဟု ခွဲခြားထားသည်။ ယင်းဝိနည်းများနှင့် ငြိစွန်းမှုကို အပြစ်သက်ရောက်သည်။ ပါဠိအားဖြင့် အာပတ်သင့်သည်ဟု ပြောဆိုကြသည်။ အာပတ်ခုနစ်မျိုးအနက် ပါရာဇိကနှင့် သံဃာဒိသိသ်မှာ ပြင်းထန်သော အာပတ်များဖြစ်ကြပြီး ကျန်သည့်အာပတ်ငါးမျိုးမှာ အစဉ်လိုက် အပြစ်သက်ရောက်သည့် အနုစား အာပတ်များ ဖြစ်ကြသည်။ အာပတ်သင့်ပြီးနောက် ပြစ်ဒဏ်ကျေအောင် ပြန်လည်ပြုလုပ်ရမှုကို အာပတ်ဖြေသည်ဟု ပြောဆိုကြသည်။ အာပတ်ဖြေရာ၌ ထုလ္လစ္စည်းနှင့် အောက်အနုစား အာပတ်များမှာ သံဃာတော်တစ်ပါးခြင်းဖြစ်စေ၊ နှစ်ပါးသုံးပါးကိုဖြစ်စေ မိမိ၏အပြစ်ကို ၀န်ခံပြီး နောင်မပြုလုပ်ရန် ၀န်ခံကတိပြုခြင်းဖြင့် အာပတ်သင့်ခြင်းကို ဖြေဖျောက်နိုင်သည်။ သို့သော် ပါရာဇိကအပြစ်သည် သင့်ပြီးနောက် ပြန်လည်ဖြေစွမ်းနိုင်ခြင်း မရှိဘဲ ယခုဘ၀တွင် ရဟန်းဘ၀ သေဆုံးသွားရသည်။ သံဃာဒိသိသ် အာပတ်သည် ပြန်ဖြေနိုင်သော်လည်း ရဟန်းတော်တစ်ပါးခြင်း သို့မဟုတ် နှစ်ပါးသုံးပါးနှင့် ဖြေစွမ်းနိုင်ခြင်းမရှိဘဲ သံဃာထုက ကူညီဖြေရှင်းပေးမှသာ အာပတ်သင့်နေခြင်းကို ကုစားနိုင်ကြောင်း သိရသည်။
Credit: EMG