ဖွံ့ဖြိုးရေး မြန်မာစတိုင်

ပို့စ်တင်ချိန် - 2/01/2014 09:00:00 PM

ဖွံ့ဖြိုးဆဲ နိုင်ငံ အများအပြားတွင် လုပ်ဆောင်ကြသည့် ဖွံ့ ဖြိုးရေးသည် အင်္ဂလိပ်၊ အမေရိကန်တို့နှင့် တူအောင် လိုက်လုပ်ခြင်းသာ ဖြစ်သည်။ ၁၉၄၅ ဒုတိယကမ္ဘာစစ် အပြီးတွင် ကိုလိုနီ နိုင်ငံကြီးများသည် စစ်နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ စစ်ဒဏ်ကြောင့် ချည့်နဲ့သွားသဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်တည် ဆောက်ကြရသည်။ ကိုယ်လွတ် ရုန်းရမည် ဖြစ်သောကြောင့် ကိုလိုနီနယ်များကို ဖြေလွှတ်လိုက်သည့် အတွက် အာဖရိက၊ အာရှမှ ကိုလိုနီတို့ လွတ်လပ်ရေး ရလာကြသည်။ ပေါ်ထွန်းလာသော နိုင်ငံသစ်များသည် ဖွံ့ဖြိုးတိုးတက်ရန် ကြံလာကြသည်။ သူတို့၏ ဖွံ့ဖြိုး တိုးတက်ရန် ဗျူဟာမှာ ရိုးရှင်းသည်။ သူတို့၏ အရှင်သခင်ဟောင်းများကို အမီလိုက်ရန်။ အရှင်သခင်ဟောင်းတို့ နှစ် ၁၀၀ တည်ဆောက်မှ ရသည့် ရည်မှန်းချက်တို့ကို ၁၀ နှစ်နှင့် ရအောင် လုပ်မည်ဟု တော်လှန်ရေး ခေါင်းဆောင်တစ်ဖြစ်လဲ သမ္မတ၊ ဝန်ကြီးချုပ်တို့က ကြုံးဝါးကြသည်။ သူတို့၏ ကြုံးဝါးချက်ကို သေချာ ဆန်းစစ် လိုက်သည့်အခါ အရှင်သခင်ဟောင်းတို့ကို အတုယူ လိုခြင်းသာ ဖြစ်သည်။ လွတ်လပ်စ နိုင်ငံတို့သည် ကိုယ့်မြေကိုယ်ရေတွင် အရှင်သခင် ပြန်ဖြစ်လာသော်လည်း အောက်ကျ နောက်ကျစိတ်က ကြီးစိုးနေသည်။ အရှင်သခင်ဟောင်းတို့ ကြိုက်သော အရာများသည် ကောင်းသည်၊ အရှင်သခင်ဟောင်းတို့ ဆောင်ရွက်သမျှသည် အတုခိုးသင့်သည် ဟူသော စိတ်သည် ထုတ်မပြောသော်လည်း ကိန်းအောင်းနေသည်။

ထိုသို့ အတုခိုး လုပ်ဆောင်ကြသော ဖွံ့ဖြိုးရေးသည် အင်္ဂလိပ်၊ အမေရိကန်တို့ကဲ့သို့ လိုက်လံ ဖွံ့ဖြိုးရေးပင် ဖြစ်လာသည်။ ကမ္ဘာပေါ်တွင် မည်သည့် လူနေမှုပုံစံ အကောင်းဆုံးလဲ၊ အင်္ဂလိပ်၊ အမေရိကန်တို့၏ လူနေမှု ပုံစံ ဖြစ်သည်။ ခေတ်မီ တိုးတက်ရေးသည် အင်္ဂလိပ်၊ အမေရိကန်တွေနှင့် တူအောင် လုပ်ရေး။ သူတို့နှင့် မတူသေးသမျှ မဖွံ့ဖြိုးသေး။ ထို့ကြောင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး Modernization သည် အနောက်တိုင်းနှင့် တူအောင် လုပ်ခြင်း Westernization ဖြစ်လာသည်။ အနောက်တိုင်းတွင်မှ အနောက်တိုင်း၏ ထိပ်သီး မည်သူနည်း။ ယခင်က အနောက်တိုင်း၏ ခေါင်းဆောင်သည် နေမဝင် အင်ပါယာ အရှင် အင်္ဂလိပ်၊ ဒုတိယကမ္ဘာစစ် အပြီးတွင်မူ အမေရိကန်။ ထိုကြောင့် Westernization သည်လည်း Americanization အမေရိကန်နှင့်တူအောင် လုပ်ခြင်း ဖြစ်လာသည်။

ဖွံ့ဖြိုးရေး ပုံစံတို့တွင်လည်း အမေရိကန် ဖွံ့ဖြိုးရေးကို အတုယူထားသည့် မော်ဒယ်လ်က ကြီးစိုးလာသည်။ အမေရိကန် မော်ဒယ်လ် မဟုတ်လျှင်လည်း အခြားနိုင်ငံများ၏ ဖွံ့ဖြိုးရေးကို အမေရိကန်တို့က အဓိပ္ပာယ် ဖွင့်ကြသည်။ ကမ္ဘာနှင့်ချီသည့် ဖွံ့ ဖြိုးရေး အေဂျင်စီကြီးများ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂတို့ကိုလည်း အမေရိကန်က ကြီးစိုးလျှင် ကြီးစိုး၊ မကြီးစိုးလျှင်လည်း သြဇာညောင်းသည့် အတွက် ဖွံ့ဖြိုးရေးသည် အမေရိကန် အလိုကျ ဖွံ့ဖြိုးရေး ဖြစ်လာသည်။ သြဇာကြီးမားသည့် ဥာဏ်ကြီးရှင်အဖွဲ့များ Think Tank များသည်လည်း အမေရိကန်တွင် အခြေစိုက်ကြ သည့်အတွက် တစ်ကမ္ဘာလုံးတွင် အမေရိကန် အတွေးအခေါ်များသာ အရာရောက်ကြသည်။

တစ်နေရာမှတစ်နေရာ သတင်းအချက်အလက်တို့ အမြန်ရောက်သည့်ခေတ် ဖြစ်လာသည့်အတွက် ယဉ်ကျေးမှုပိုင်းနှင့် အိုင်ဒီယာ ပိုင်းတွင်လည်း နိုင်သူ အကုန်ယူကြေး ဖြစ်သည်။ အမေရိကန် ဟောလိဝုဒ်သည် ကမ္ဘာ့ရုပ်ရှင်လောကကို ကြီးစိုးသည့်အတွက် ဟောလိဝုဒ် ရုပ်ရှင်များသည် ဖွံ့ဖြိုးရေး အိပ်မက် ဖြစ်လာသည်။ ကိုကာကိုလာ သောက်၊ ကြက်ကြော်စား၊ ဂျင်းဘောင်းဘီ ဝတ်လိုက်လျှင် တစ်စုံတစ်ခု ပြည့်စုံသလို ခံစားလာကြရသည်။ အမေရိကန်သို့ တစ်ခါမျှ မရောက်ဖူးဘဲနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ လူအများသည် အမေရိကန် ဖြစ်လာကြသည်။ အမေရိကန် ရုပ်သံ၊ သတင်းစာများသည် တစ်ကမ္ဘာလုံးသို့ ရောက်သည့်အတွက် အမေရိကန်တို့ မျက်စိဖြင့် ကြည့်သည့် သတင်းအာဘော်များ အတိုင်း လူတို့ လိုက်လံ စဉ်းစား ကြကုန်သည်။ မှန်သည် မမှန်သည် အပထား၊ အမေရိကန်တို့ မြင်သလို လူတို့ မြင်ကုန်ကြသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးရန် ယခုမှ ရုန်းကန်ထရသော နိုင်ငံငယ်လေး ဖြစ်သည့်အတွက် အင်အားကြီးမားသော နိုင်ငံကြီးများပင် မလွန်ဆန်နိုင်သည့် နိယာမကို ကျော်လွန်နိုင်ခြင်း မရှိပါ။ အခြားနိုင်ငံများကို သက်ရောက်သော အင်အားစုကြီးများသည် မြန်မာနိုင်ငံကိုလည်း လာရောက် သြဇာ လွှမ်းမိုး လျက်ရှိသည်။ ထိုသို့ လွှမ်းမိုး ကြီးစိုးခြင်းသည် သဘာဝသာ ဖြစ်သောကြောင့် တမင်တကာ ရုန်းကန် တွန်းလှန်ရန် မလို။ ကိုယ်နှင့် ကိုက်သည်ကိုသာယူပြီး မကိုက်သည့်အရာကို ပယ်ရန်သာ လိုသည်။


ကိုယ့်နည်းကိုယ်ဟန် သုံးကာ ဖွံ့ဖြိုး တိုးတက်သွားသော ဖွံ့ဖြိုးဆဲ နိုင်ငံဟောင်းများကို လေ့လာခြင်းသည် မြန်မာနိုင်ငံအတွက် အကျိုးများမည်။ ဖွံ့ဖြိုးဆဲဘဝမှ တက်လာသော အောင်မြင် ဖွံ့ဖြိုး နိုင်ငံများသည် အခြားသူတို့၏ ဖွံ့ဖြိုးရေး အကြံဥာဏ်ကို ရနိုင်သလောက် ယူခဲ့သော်လည်း ဆုံးဖြတ်ချက်များကို ကိုယ်တိုင်သာ ချမှတ်ခဲ့သည်။ ကွဲလွဲရမည်ကို မကြောက်ဘဲ ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ကိုယ့်နိုင်ငံအတွက်သာ ကြည့်ပြီး ဆုံးဖြတ်သောကြောင့် ထိုနိုင်ငံများ ယနေ့သူတို့ ရထားသော နေရာများသို့ ရောက်ခဲ့ကြသည်။ အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်းသည် ကိုယ့်နိုင်ငံကိုယ် မည်သို့ပင် စေတနာရှိသည် ဆိုငြားသော်လည်း သူတို့တွင် ကိုယ်ပိုင် အကျိုးစီးပွားများ၊ အကြံအစည်များ ရှိတတ်ရာ ကိုယ့်နိုင်ငံ အကျိုးစီးပွားကိုသာ ကြည့်ပြီး အားမနာဘဲ ဆောင်ရွက်ရမည် ဖြစ်သည်။

အမှန်တကယ်တော့ ဖွံ့ဖြိုးရေးကို လူတို့က အဓိပ္ပာယ် ဖွင့်သည်။ လူတို့ကပင် ဖော်ဆောင် တည်ဆောက် ကြပါသည်။ ထို့ကြောင့် တစ်ခေတ် တစ်ခါတွင် လွှမ်းမိုး အင်အားကောင်းသော အင်အားစုတို့၏ အတွေးအကြံများနောက် အတုယူမိ၊ လိုက်ပါမိသည်မှာလည်း သဘာဝဖြစ်သည်။ သတိထားရမည့် တစ်ခုတည်းသော အရာမှာ “သူ့အိုး သူ့ဆန်”နှင့် “သူ့အရပ်နှင့် သူ့ဇာတ်” ဖြစ်သည်။ ကမ္ဘာလုံးချီ ဖွံ့ဖြိုးမှုရေစီးကို ဆန့်ကျင် ကူးခတ်လျှင် လူမိုက်။ သို့သော် ရေစီးတွင် ရောက်လိုရာရောက် စိတ်နှလုံး ဒုံးဒုံးချကာ မျှောလိုက်ခြင်းသည်လည်း လူမိုက်ပင်။ ရေစီးကို အလိုက်သင့်လိုက်ကာ လိုရာ ရောက်နိုင်ရန် ကျွမ်းကျင် လိမ္မာရမည်။

မြန်မာနိုင်ငံသည် ကာလရှည်ကြာသော သမိုင်းကြောင်း၊ ယဉ်ကျေးမှု ရှိသည့်အတွက် ကိုယ်နှင့် လိုက်ဖက်သော ဖွံ့ဖြိုးရေးကိုသာ ဖော်ဆောင်ရမည် ဖြစ်သည်။ သူတစ်ပါးကိုသာ အတုခိုးလျှင် တစ်ပတ်နွမ်း ဖွံ့ဖြိုးရေးနှင့်သာ နှစ်ပါးသွားရလိမ့်မည်။ ယူသင့်သည်ကိုယူ၊ ပယ်သင့်သည်ကို ပယ်ပြီး ချီတက်ရလိမ့်မည်။

ဖွံ့ဖြိုးရေးသည် အရန်သင့်ဝတ် အင်္ကျီ ready-made မဟုတ်ပါ။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးသည် အခြားနိုင်ငံများ၏ ဖွံ့ဖြိုးရေးနှင့် တစ်ထပ်တည်း တူရန် မလို။ လုံးဝ လုံးဝ မလိုပါ။ မြန်မာ့ ဖွံ့ဖြိုးရေးသည် မြန်မာနိုင်ငံနှင့် ကိုက်ညီသော၊ မြန်မာ့ရေမြေနှင့် အစပ်အဟပ် တည့်သော ဖွံ့ဖြိုးရေးသာ ဖြစ်ရန် လိုပါသည်။ မြန်မာလူနာကြီး နာလန်ထရန်အတွက် ယနေ့ လာရောက် ညွှန်းဆိုကြသော ဆေးအညွှန်းမျိုးစုံတို့သည် အခြားလူနာတို့နှင့် ကိုက်ညီသည့် ပွဲတွေ့ဆေးများ ဖြစ်နိုင်သော်လည်း မြန်မာလူနာကို သက်သာ ပျောက်ကင်းစေမည်ဟု တစ်ထစ်ချ ပြောနိုင်မည် မဟုတ်ပါ။

မြန်မာနိုင်ငံ ဖွံ့ဖြိုးအောင် လုပ်ဆောင်ရာတွင် အခြားနိုင်ငံများနှင့် ပုံစံတူရန် မလိုပါ။ ပုံစံကွဲလွဲ၊ သီးသီးသန့်သန့် ဖြစ်နေရန်လည်း မလိုပါ။ မြန်မာ့နည်း မြန်မာ့ဟန် မြန်မာတို့နှင့် ကိုက်ညီရန်သာ လိုသည်။

The Voice Weekly