လွှတ်တော်သက် သုံးနှစ်ပြည့်သောအခါ
ပို့စ်တင်ချိန်
- 2/05/2014 06:40:00 PM
လွှတ်တော်ဟူသည့် နိုင်ငံရေးဆိုင်ရာ ဥပဒေပြုအဖွဲ့နှင့် မြန်မာပြည်သူများ အလှမ်းကွာခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုကျော် ကြာမြင့်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် ၃၁ ရက်တွင် လွှတ်တော်များ ပြန်လည်အသက်ဝင်လာခဲ့သည်။
စစ်အာဏာရှင်အသွင်ပြောင်း မဆလတစ်ပါတီအစိုးရ၏ ကျောက်ရုပ်လွှတ်တော်များနှင့် အကျွမ်းတ၀င်ရှိခဲ့ဖူးခြင်းကြောင့် ယခုပေါ်ပေါက်လာသည့် လွှတ်တော်ကိုလည်း ပြည်သူများက မည်ကာမတ္တလွှတ်တော်သာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် လွှတ်တော်များသည် ပြီးခဲ့သည့်ဇန်န၀ါရီ ၃၁ ရက်က သုံးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ နိုင်ငံကို နှစ်ပေါင်းနှစ်ဆယ်ကျော် ထင်တိုင်းကြဲအုပ်စိုးခဲ့သည့် စစ်အာဏာရှင်အစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်အချို့က ဦးဆောင်သူများအဖြစ် ပါဝင်ခဲ့သဖြင့် ပြည်သူများက ထိုကဲ့သို့ စွဲမြဲမှတ်ထင်ကြသည်မှာမလွန်။
စစ်အစိုးရလက်ထက် နံပါတ် ၃ နေရာတွင် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်း ဦးဆောင်သည့် ပြည်သူ့လွှတ်တော်နှင့် ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင်တို့ ဦးဆောင်သည့် အမျိုးသားလွှတ်တော်တို့အပေါ် ပြည်သူများသာမဟုတ် နိုင်ငံရေးစောင့်ကြည့်သူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ သံသယဖြင့် ကြည့်နေခဲ့ကြသည်။
လွှတ်တော်စတင်ခဲ့စဉ်အချိန်က ပြည်သူများအတွက် အစိမ်းသက်သက်ဖြစ်နေခဲ့သော်လည်း သုံးနှစ်လွန်မြောက်ခဲ့သည့် ယနေ့ကာလတွင် လွှတ်တော်သည် ပြည်သူများနှင့် ပိုမိုရင်းနှီးမှုရှိလာခဲ့သည်။
အထူးသဖြင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၄၂ ဦး လွှတ်တော်ထဲရောက်ရှိခဲ့ပြီး ပြည်သူများက လွှတ်တော်အပေါ် စိတ်ဝင်စားမှုပိုမိုခဲ့သည်။
သို့သော် လွှတ်တော်များအပေါ် ယနေ့အချိန်အထိ သံသယဖြင့်စောင့်ကြည့်နေသူများ ရှိနေသကဲ့သို့ ယုံကြည့်လာကြသူများလည်း ရှိလာပြီဖြစ်သည်။ သံသယဖြင့် စောင့်ကြည့်ကြရခြင်း၏ အဓိကအကြောင်းရင်းသည် သာမန်ပြည်သူများက ကိုယ်စားလှယ်တစ်ဦးအတွက် တစ်ကြိမ်သာ မဲပေးရွေးချယ်ခွင့်ရှိသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုသူက အကြိမ်ကြိမ်ဖြုတ်တပ်ရွေးချယ်နိုင်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကြောင့်ပင်။
“ပြောရမယ်ဆိုရင်ဗျာ လွှတ်တော်တွေစတုန်းက ဟန်ပြ၊ ရုပ်ပြလို့ပဲ ထင်ထားတယ်။ ဥက္ကဋ္ဌတွေက စစ်သားဟောင်းတွေပဲ ဆိုတော့လေ။ အခုအချိန်မှာတော့ လွှတ်တော်တစ်ခုလုံးအနေနဲ့ကြည့်ရင် ကျွန်တော်ထင်ထားတာထက် အများကြီး ပိုအောင်မြင်တယ်လို့ဆိုရပါမယ်”ဟု လွှတ်တော်အပေါ် အကောင်းမြင်သူတစ်ဦးဖြစ်သူ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် နေထိုင်သည့် အထက်တန်းရှေ့နေ ဦးထွန်းဦးကပြောသည်။
ပြည်သူများက ထိုကဲ့သို့ပြောကြားသော်လည်း ၂၀၁၄ ဇန်န၀ါရီ ၃၁ ရက်တွင် သုံးနှစ်ပြည့်မြောက်ခဲ့သော လွှတ်တော်နှစ်ပတ်လည်နေ့၌ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မိမိတို့အနေဖြင့် လွှတ်တော်လုပ်ငန်းများကို မျှော်မှန်းထားသလောက် လုပ်ကိုင်နိုင်ခြင်းမရှိသေးဘဲ လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးကြောင်း ပြောကြားခဲ့သည်။
ဒီမိုကရေစီကျင့်သုံးသောနိုင်ငံများရှိ ဒီမိုကရက်လွှတ်တော်တစ်ရပ်အဖြစ် အသက်ဝင်လာစေရေး များစွာကြိုးပမ်းရဦးမည်ဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းမှ သုံးသပ်သည်။
မိမိတို့နိုင်ငံအနေဖြင့် လွှတ်တော်နိုင်ငံရေးဖြင့် ကင်းကွာနေခဲ့ပြီးနောက် လွှတ်တော်များ ပေါ်ပေါက်လာခြင်းသည် ကောင်းသောအပြောင်းအလဲဖြစ်ပြီး ဒီမိုကရေစီနိုင်ငံများအတွက် လွှတ်တော်သည် အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီကပြောသည်။
“လွှတ်တော်က အရင်စလုပ်တဲ့ကာလထက်စာရင် အခုက ပိုပြီးတိုးတက်လာပါတယ်။ အရင်ကဆို ရပ်ကွက်အဆင့်မေးခွန်းတွေပါ လွှတ်တော်မှာမေးတာလေ။ ဒါပေမဲ့ ဒီမိုကရက်တစ်လွှတ်တော်တစ်ရပ်ဖြစ်ဖို့ကတော့ ဒီထက်ပိုပြီး ကြိုးစားဖို့လိုတယ်”ဟု ဦးဂျင်မီကဆိုသည်။
ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံတစ်ခု၏ ဥပဒေပြုရေးအာဏာကို ကိုင်စွဲရသည့် လွှတ်တော်များအနေဖြင့် ဥပဒေပြုမှုဆောင်ရွက်ရာတွင် အတွေ့အကြုံအားနည်းမှုကြောင့် အစိုးရအဖွဲ့တင်သွင်းသော ဥပဒေများကိုသာ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များမှ တင်သွင်းသောဥပဒေများ အတည်ပြုပြဋ္ဌာန်းနိုင်မှုနည်းပါးခဲ့သည်။
“အခုလွှတ်တော်သက်တမ်းသုံးနှစ်အတွင်းမှာတော့ ဥပဒေပြုရေးကဏ္ဍမှာ အားရကျေနပ်လောက်စရာ မရှိသေးဘူး။ ပွင့်ပွင့်လင်းလင်းပြောရမှာပဲ”ဟု ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်က ၎င်း၏အမြင်ကိုပြောသည်။
သုံးနှစ်တာကာလအတွင်း ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဥပဒေပေါင်း ၆၀ ကျော် ပြဋ္ဌာန်းနိုင်ခဲ့ပြီး ပြဋ္ဌာန်းလိုက်သော ဥပဒေများသည် လက်တွေ့နယ်ပယ်တွင် အသုံးဝင်သုံးစွဲမှုနည်းပါးနေပြီး ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်သော ဥပဒေတစ်ရပ်သာလျှင် လူထုအတွင်း ခေတ်စားသောဥပဒေတစ်ရပ်ဖြစ်လာကြောင်း ဝေဖန်သူများလည်းရှိသည်။
လွှတ်တော်သက်တမ်းသုံးနှစ်အတွင်း ရေးဆွဲခဲ့သည့်ဥပဒေများနှင့်ပတ်သက်၍ “ဥပဒေရေးဆွဲတာက အနုပညာတစ်ခုပဲ။ အရင်က Stakeholder တွေမပါဘဲ ရေးခဲ့တဲ့ဥပဒေတွေက အများကြီးပဲ။ ဒီတော့ လက်တွေ့မဆန်ဘူး။ အခု Stakeholder တွေနဲ့ရေးတဲ့ဥပဒေတွေ အများကြီးပဲ။ ဒါကြောင့် ပိုလက်တွေ့ဆန်တယ်။ အဆင့်မီတယ်ဆိုတာထက် လက်တွေ့ဆန်ဖို့ အရေးကြီးတယ်”ဟု ဦးမင်းတေဇညွန့်တင်က ဆက်လက်ပြောကြားသည်။
ပြုပြင်ပြောင်းလဲရေးအတွက် သုံးနှစ်ဟူသောသက်တမ်းသည် နည်းပါးသည်ဟုဆိုနိုင်သော်လည်း ထိုကာလအတွင်း လွှတ်တော်၏လုပ်ငန်းစဉ်ဟူ၍ ပီပီပြင်ပြင်အကောင်အထည်ပေါ်လာမှုမှာ လွှတ်တော်ဥက္ကဋ္ဌများ၏ အရည်အချင်းကြောင့်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်သည်။
ယခင်က ပြည်သူများ သိရှိခွင့်ပင်မရခဲ့သော နိုင်ငံ၏ဘဏ္ဍာရေးနှစ်အလိုက် ရသုံးမှန်းခြေငွေစာရင်းများကို လွှတ်တော်များပေါ်ပေါက်လာပြီးနောက် မီဒီယာများ၏ သတင်းထုတ်ပြန်မှုဖြင့် ပြည်သူများ နှစ်စဉ်မှန်မှန်သိရှိခဲ့ရသည်မှာ သုံးနှစ်ကာလတိုင်ခဲ့ပြီဖြစ်သည်။
ထို့အပြင် လွှတ်တော်သို့တင်ပြခဲ့သော စာရင်းစစ်ချုပ်၏ စာရင်းစစ်ဆေးချက်များကြောင့်လည်း အစိုးရဌာနများအတွင်းရှိ ငွေကြေးအရှုပ်တော်ပုံများကိုလည်း ပြည်သူများ သိရှိခွင့်ရှိလာသည်။
လွှတ်တော်စတင်သည့် ၂၀၁၁ ခုနှစ်၌ စတင်ကိုင်တွယ်ခဲ့ရသော ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်၏ ရသုံးမှန်းခြေငွေစာရင်းကို လွှတ်တော်အတွေ့အကြုံနည်းပါးသေးသည့်အတွက် ကောင်းစွာမကိုင်တွယ်နိုင်ခဲ့သော်လည်း ၂၀၁၂-၁၃ ဖြည့်စွက်ရန်ပုံငွေမှစတင်ကာ လွှတ်တော်အတွင်း ချက်ကျလက်ကျ ထောက်ပြဝေဖန်မှုများကြောင့် ၀န်ကြီးဌာနအချို့ ဘီလီယံနှင့်ချီ၍ ဘတ်ဂျက်ဖြတ်တောက်ခံရမှုများ ဖြစ်ပေါ်ခဲ့သည်။
လယ်/ဆည်ဝန်ကြီးဌာနမှ ပြုလုပ်မည့် ဆည်တာတမံစီမံကိန်းကြီးများ ရပ်ဆိုင်းခံရခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဘတ်ဂျက်အသုံးစရိတ်အချို့တို့ ဖြတ်တောက်ခံခဲ့ရပြီး အခြားလိုအပ်သော ၀န်ကြီးဌာနများနှင့် နိုင်ငံအတွက်အရေးကြီးသော ကျန်းမာရေး၊ ပညာရေးအသုံးစရိတ်များကို ဖြည့်တင်းမှုများပြုလုပ်ပေးနိုင်ခဲ့သည်။
“လွှတ်တော်က အစပိုင်းမှာတော့ ဘယ်သူမှ အတွေ့အကြုံမရှိကြဘူးလေ။ ဒီလိုဖြစ်လာတာ လွှတ်တော်ဥက္ကဋ္ဌနှစ်ယောက်ရဲ့ ကြိုးပမ်းမှုကြောင့်လည်း ပါပါတယ်။
အခုတော့ လွှတ်တော်သက်တမ်းလေးလဲ ရလာတာနဲ့အမျှ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းတွေလည်း တက်လာတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာဝင်းကပြောသည်။
သမ္မတကန့်ကွက်သော မှတ်ချက်အများစုအားပယ်ချ၍ အတည်ပြုခဲ့သော ပြည်ထောင်စုလွှတ်တော်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်များ မိမိတို့မဲဆန္ဒနယ်အတွင်း ဒေသဖွံ့ဖြိုးရေးများ ပိုမိုလုပ်ဆောင်ရန် တစ်မြို့နယ်လျှင် ကျပ်သိန်းတစ်ထောင်ချထားပေးခြင်းကိုလည်း လွှတ်တော်သက်တမ်းသုံးနှစ်မပြည့်မီ လပိုင်းအလိုတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။
မြို့နယ်တစ်ခုချင်းစီအလိုက် ချထားပေးခြင်းဖြစ်၍ မြို့နယ်များကိုကိုယ်စားပြုသော ပြည်သူ့လွှတ်တော်များမှာ အရေးပါသောအခြေအနေရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်အချို့မှာ မဲဆွယ်ကာလတွင်သာ မိမိတို့မြို့နယ်သို့ရောက်ရှိခဲ့ပြီး ကျန်အချိန်များတွင် လုံးဝလာရောက်ခြင်းမရှိသဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကိုသာ အားကိုးနေရသော မြို့နယ်အချို့လည်းရှိလာသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ မဲဆန္ဒရှင်တစ်ဦးဖြစ်သူ ကိုဝေလင်းက “ကျွန်တော်တို့မြို့နယ်မှာ လာပြီးအရွေးခံထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုရင် မှတ်မှတ်ရရ သုံးနှစ်အတွင်း တစ်ခါမှ ကျွန်တော်တို့ဆီလာတာမရှိဘူး။ ဘာတွေအခက်အခဲရှိလဲဆိုတာလည်း မေးမြန်းစုံစမ်းခြင်းမရှိဘူး။ ဒီမြို့နယ်မှာလည်းမနေဘူး။ အဲလိုဖြစ်နေတော့ ဒီမှာနေတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကိုပဲ အားကိုးနေရတယ်”ဟု အခက်အခဲများကိုပြောပြသည်။
ထိုကဲ့သို့သော ဖြစ်စဉ်များအပြင် အခြားဖြစ်စဉ်အချို့ကြောင့် မိမိတို့တင်မြှောက်ထားသော ကိုယ်စားလှယ်များအား ပြန်လည်ရုပ်သိမ်းလိုကြသော်လည်း လွှတ်တော်ကိုယ်စားလှယ်များအား ရုပ်သိမ်းသည့် ဥပဒေကြမ်းမှာ လွှတ်တော်တွင် သောင်တင်နေဆဲဖြစ်သည်။
ထိုဥပဒေပေါ်ပေါက်လာမှသာ လွှတ်တော်ကိုယ်စားလှယ်များကို ပြန်လည်ရုပ်သိမ်းနိုင်မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲကော်မရှင်မှလည်း ၎င်းဥပဒေ ပေါ်ထွက်လာစေရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ ကြီးမားသောလူတန်းစားတစ်ရပ်ဖြစ်သော တောင်သူလယ်သမားများအတွက် ကြီးမားသောအခက်အခဲဖြစ်နေသည့် မြေယာသိမ်းဆည်းခြင်းခံရသောကိစ္စရပ်များကို ပြည်ထောင်စုလွှတ်တော်မှ ကော်မရှင်တစ်ရပ်ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှုများ ပေါ်ပေါက်လာပြီး အစိုးရသို့ အစီရင်ခံစာများကို အပိုင်းလိုက်တင်သွင်းနိုင်ခဲ့သည်။
“လယ်ယာမြေကတော့ တော်တော်ကိုရှုပ်ထွေးပြီး ဖြေရှင်းရခက်တဲ့ပြဿနာပဲ။ ဒါကိုဖြေရှင်းနိုင်တဲ့အစိုးရကတော့ လက်ခမောင်းခတ်တော့ပဲ။ လွှတ်တော်ကလုပ်ပေးတယ်ဆိုတာ အရင်အာဏာရှင်ခေတ်ကလို ဘာမှမလုပ်ပေးတာထက်စာရင် ပိုပြီးတိုးတက်လာတယ်လို့ သုံးသပ်နိုင်ပါတယ်”ဟု ဦးဂျင်မီကပြောသည်။
ရေးသားသူ- သီဟ၊ မင်းဟိန်းကျော်၊ ရန်မျိုးနိုင်
7Day News Journal
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)