အာဏာနိုင်ငံရေးနှင့် အထိန်းအကျောင်း နိုင်ငံရေး

ပို့စ်တင်ချိန် - 2/16/2014 10:28:00 AM


Written by  ပေါ်လင်းဦး

မြန်မာနိုင်ငံတွင် (၁၉၄၈-၁၉၆၂) အထိ ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့သည်။ ဆယ်စုနှစ် တစ်ခုစာကျော်ကျော် ကြာသည်။ ယင်းပါလီမန် ဒီမိုကရေစီ ကျဆုံးရခြင်းကို ချင့်ချိန်ကြည့်သော် ထိုအချိန်က Stakeholder အသီးသီး၏ နိုင်ငံရေး ရင့်ကျက်မှုအပေါ် လက်ညှိုး ထိုးကြသည်ကို တွေ့ရမည် ဖြစ်သည်။

ထိုခေတ် နိုင်ငံရေးဟူသည်ကား ဂိုဏ်းဂဏစွဲ၊ ဝါဒစွဲနှင့် အကွဲအပြဲ ပေါင်းစုံကို အခြေခံထားသည်။ အာဏာအတွက် လက်နက်ကိုင်ကြသည်။ ဝါဒပြိုင်ကြသည်။ အမှန်ပြိုင်ကြသည်။ အစစ်ပြိုင်ကြသည်။ ရသမျှ နည်းဖြင့် ခြေထိုးကြသည်။ယင်းသို့ နိုင်ငံရေးသမားတို့ တစ်ယောက် တစ်ပေါက် ဖြစ်နေချိန်တွင် ၎င်းတို့ကို ထိန်းနိုင်ကျောင်းနိုင်သော ယန္တရားကလည်း လောက်လောက်လားလား မရှိပြန်။ Third Party အမြင်မျိုး ကောင်းကောင်း ဖွံ့ဖြိုးသည်ဟူ၍ မတွေ့ရ။ တစ်နည်းအားဖြင့် ဆိုရလျှင် ပါလီမန်ခေတ် မြန်မာနိုင်ငံတွင် အာဏာနိုင်ငံရေး ခေါင်းထောင်လာချိန်၌ အထိန်းအကျောင်း နိုင်ငံရေးက လုံလုံလောက်လောက် ဖွံ့ဖြိုးမှု မရှိသည်ကို တွေ့ရမည် ဖြစ်သည်။

အာဏာနိုင်ငံရေး

အာဏာနိုင်ငံရေး ဆိုသည်ကား နိုင်ငံရေးအာဏာ တစ်ရပ်ရပ် အလို့ငှာ ရည်မှန်းချက်ရှိရှိ ဆောင်ရွက်နေသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တို့၏ လှုပ်ရှားမှု အဝဝပင် ဖြစ်သည်။ အာဏာရရှိရေး သို့မဟုတ် ရရှိပြီး အာဏာ ပြန်မစွန့်ရရေးကို အခြေခံသည်။ ဖင်ထိုင်ခုံ နိုင်ငံရေးဖြစ်သည်။ အာဏာနိုင်ငံရေး၏ ပင်မ လမ်းကြောင်းမှာ ပါတီနိုင်ငံရေး ဖြစ်သည်။ နိုင်ငံရေးပါတီ မဟုတ်သည့်တိုင် အာဏာ တစ်ရပ်ရပ်အတွက် ရည်စူး လှုပ်ရှားနေသော အဖွဲ့အစည်းများကိုလည်း အာဏာနိုင်ငံရေးတွင် ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။

“ဒီမိုကရေစီ နိုင်ငံတွေမှာ ပါတီတိုင်း လုပ်ကြတဲ့ အလုပ်တစ်ခု ရှိတယ်ဗျ၊ အဲဒါက ဘာလဲဆိုတော့ ကိုယ့်ပါတီက လွဲရင် ဘယ်ပါတီမဆို ဒီနိုင်ငံကို အုပ်ချုပ်ဖို့ အရည်မချင်း မရှိဘူးဆိုတာ သက်သေပြဖို့ အမြဲ ကြိုးစားနေကြတယ် ဆိုတာပဲ။ များသောအားဖြင့် သူတို့ပြောတာတွေက မှန်လည်း မှန်ကြ ပါတယ်” ။ ဤကား (H.L. Mencken) ၏ အဆိုဖြစ်သည်။ မငြင်းသာသော အချက်လည်း ဖြစ်သည်။

အာဏာနိုင်ငံရေး၏ အခြေခံ သဘာဝမှာ၊ “ မိမိသာလျှင် အမြဲအမှန်၊ မိမိပြိုင်ဘက်ကား အမြဲအမှား” ဟူ၍ ဖြစ်၏။ သို့ဖြစ်ရာ အာဏာ နိုင်ငံရေးသမားတို့၏ စဉ်းစား တွေးခေါ်ပုံများမှာ ပင်ကိုအရပင် အဂတိတရား မကင်း။ မိမိ အာဏာရရေး၊ နေရာရရေးသည် နံပါတ်တစ် ဖြစ်သည်။ သို့အတွက် လူကြိုက်များရေးကို အခြေခံ ထားရသည်။ ထို့ကြောင့် မည်မျှပင် အမျိုးသား အကျိုးစီးပွား ဖြစ်ပါစေ လူကြိုက်များရေးနှင့် ထိပ်တိုက် ဖြစ်လာပါက (ဖြစ်နိုင်လျှင်) လက်ရှောင်ချင်သည်။ နှာစေးချင်သည်။ ယင်းသို့ အလုပ်သဘောအရ မကင်းနိုင်သော အဂတိ တရားတို့ကြောင့် အာဏာ နိုင်ငံရေးသမားတို့ အမြင်များသည် အခါခပ်သိမ်း စိတ်ချရသည် မဟုတ်ဟုဆိုလျှင် မလွန်လောက်ဟု ထင်သည်။ တော်သည့်အခါ ရှိနိုင်သလို၊ ချော်သည့် အခါများလည်း ရှိနိုင်ပေသည်။

ကိုလိုနီဘဝမှ လွတ်လပ်စ မြန်မာနိုင်ငံအတွက် ဗြိတိသျှ ဓနသဟာယ (ဒိုမီနီယံ အုပ်ချုပ်ရေး) ဖြင့်နေရန် အင်္ဂလိပ် အစိုးရက ဖဆပလကို တောင်းဆိုခဲ့ဖူးသည်။ ဓနသဟာယ နိုင်ငံများဆိုသည်ကား ဗြိတိသျှဘုရင်ကို နိုင်ငံဥသျှောင် အနေဖြင့် အသိအမှတ် ပြုရသည်မှအပ နိုင်ငံ အချုပ်အခြာအာဏာ အားလုံးကို မြန်မာတို့က ပိုင်ဆိုင်သည်မျိုး ဖြစ်သည်။ ကိုယ့်ခြေကိုယ့်လက် စီမံခန့်ခွဲခွင့် ရှိသည်။ ဖဆပလ ခေါင်းဆောင်များ အနေနှင့်လည်း လွတ်လပ်စ မြန်မာနိုင်ငံအနေနှင့် ဓနသဟာယ နိုင်ငံများ အစုအဖွဲ့တွင် နေသင့်မှန်း သိသည်။ ထိုသို့ နေခြင်းဖြင့် နိုင်ငံ့ စီးပွားရေး၊ စစ်ရေးအတွက် တစ်စုံတစ်ရာ ကောင်းကျိုးရှိမှန်း သိသည်။ ဗိုလ်ချုပ်အောင်ဆန်းပင်လျှင် အများသဘောတူလျှင် ဓနသဟာယ အဖြစ် နေလိုသည်။ သို့သော် ဓနသဟာယကို ဖဆပလတို့က ငြင်းပယ်ခဲ့သည်။ အဘယ်ကြောင့်နည်း။ ယင်းအတွက် အကြောင်းပြချက် နှစ်ခုကိုပေးသည်။ ပထမအ ကြောင်းပြချက်ကား ထိုအချိန်က မြန်မာတို့၏ အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်လွန်း၍ အင်္ဂလိပ်ဘုရင်ကို မိမိဘုရင်အဖြစ် အသိအမှတ် ပြုရေးမှာ (ကျန်သော အရာတို့ အကျိုးရှိသည့်တိုင်) လတ်တလော အနေအထားအရ လွန်စွာ ခဲယဉ်းသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ ဒုတိယအချက်ကား ယင်းကို လက်ခံလိုက်ခြင်းဖြင့် “လုံးဝ လွတ်လပ်ရေး” မဟုတ်သေးဟု ခေါင်းစဉ်တပ်ကာ ကွန်မြူနစ်တို့က ထိုးနှက်လာလျှင် လူထုသည် ကွန်မြူနစ်တို့အပေါ် စိတ်လည် သွားနိုင်သည်ကို စိုးရိမ်သည်ကြောင့်လည်း ဖြစ်သည်ဟု ဆိုသည်။ စာရေးသူ အနေနှင့် ဤသည်ကို မှားသည်၊ မှန်သည် ဆိုလိုခြင်း မဟုတ်ဘဲ အာဏာနိုင်ငံရေးတွင် ပြဿနာ တစ်ခုကို ချဉ်းကပ်ရာတွင် အမျိုးသား အကျိုးစီးပွား ရှုထောင့်အပြင် ပြိုင်ဘက်တို့ ခြေလှမ်းကို ထည့်သွင်း စဉ်းစားရခြင်း သဘောကို တင်ပြလိုခြင်းသာ ဖြစ်ပါသည်။

သို့နှင့်တိုင် စာရေးသူအနေနှင့် အာဏာ နိုင်ငံရေးကို နှိမ့်ချလိုခြင်း မဟုတ်ပါ။ မည်သို့ပင် ဆိုစေကာမူ အာဏာနိုင်ငံရေး ဆိုသည်ကလည်း နိုင်ငံတစ်ခုအတွက် မရှိ လိုအပ်ချက်ဖြစ်သည်။ လောက်လောက် လားလား အားကိုးအားထား ပြုနိုင်မည့် နိုင်ငံရေး ပါတီဟူ၍ မရှိလျှင် နိုင်ငံကို မည်သူက ဦးဆောင်မည်နည်း။ ပြည်သူက မည်သူ့ကို အားကိုးရမည်နည်း။ နိုင်ငံတစ်ခုလုံးကို ဆွဲခေါ် သွားနိုင်သည့် နိုင်ငံရေး ပါတီမျိုးမှာလည်း တကယ့် လိုအပ်ချက် စစ်စစ်ဖြစ်သည်။ သို့ဖြစ်ရာ အာဏာနိုင်ငံရေးတွင် စိတ်ပူစရာ အနုတ် မျက်နှာစာ ရှိနေသည့်တိုင်၊ ယင်း၏ အပေါင်း မျက်နှာစာကလည်း တန်ဖိုးကြီးလှသည်ဟု ဆိုရမည် ဖြစ်သည်။

အထိန်းအကျောင်း နိုင်ငံရေး

အာဏာနိုင်ငံရေး ဆိုသည်မှာ သူ့အပိုင်းနှင့်သူ လိုအပ်သည် မှန်သော်လည်း ယင်းတို့တွင် စိတ်ပူစရာ ဘေးထွက် ဆိုးကျိုးတို့ ရှိသည် ဆိုခြင်းကလည်း အမှန်ဖြစ်သည်။ ယင်းဘေးထွက် ဆိုးကျိုးကို ဖာထေးရန် လိုသောအခါ အထိန်းအကျောင်း နိုင်ငံရေးကို မဖြစ်မနေ ဖြည့်စွက်ရပြန်သည်။ အထိန်းအကျောင်း နိုင်ငံရေးတွင် ပြိုင်ဘက်ဟူ၍ မရှိ။ လူကြိုက်များစရာ မလို။ သို့ကြောင့် နိုင်ငံရေး ဖြစ်စဉ်တို့ကို ရှုမြင်ရာတွင် အဂတိ တရားတို့မှ လွတ်သည်။ ယင်း အဂတိ ကင်းမှုကြောင့်ပင် အရှိတရားကို မြင်နိုင်ရန် အခြေအနေပေးသည်။

သို့ဖြစ်ရာ အထိန်းအကျောင်း နိုင်ငံရေးကို ယနေ့မြင်မိသမျှ ဆိုရလျှင် အပိုင်း လေးပိုင်းကို တွေ့ရမည် ဖြစ်သည်။ ယင်းတို့ကား (၁) အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ (၂) စတုတ္ထမဏ္ဍိုင် ပီသသော မီဒီယာများ၊ (၃) ပညာရှင် စိတ်အခံရှိသော Opinion Leader များနှင့် (၄) တပ်မတော် ဟူသည်တို့ ဖြစ်သည်။

အရပ်ဘက် လူ့အဖွဲ့အစည်းများ ဟူသည် အများအကျိုးငှာ ဆောင်ကြဉ်းနေသူများ ဖြစ်သည့်တိုင် အာဏာကို စိတ်ဝင်စားသူများ မဟုတ်ချေ။ ထို့အပြင် ပညာကို အကြောင်းခံသည့် လူ့အဖွဲ့အစည်းမျာ ဖြစ်သည့်အတွက် စဉ်းစား မြော်မြင်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ စိတ်ချရမှု ရှိသည်။ ထို့အပြင် အဖွဲ့အစည်းတစ်ခု ဖြစ်သောကြောင့် အတိုင်းအတာ တစ်ခုအထိ ခြေတံလက်တံ ရှည်သည်။ ထိုထိုသော အကြောင်း အချက်များကြောင့်ပင် အရပ်ဘက် လူ့အဖွဲ့အစည်းများသည် အထိန်းအကျောင်း နိုင်ငံရေးတွင် အင်အားစု တစ်ခုအနေဖြင့် အားကိုးစရာ ဖြစ်လာသည်။

ဒုတိယ တစ်ခုကား မီဒီယာများ ဖြစ်သည်။ မီဒီယာများသည် အထိန်းအကျောင်း နိုင်ငံရေးတွင် အထိရောက်ဆုံး အင်အားစု ဖြစ်သည်။ သို့သော်လည်း လက်ရှိ အခြေအနေများအရ ဆိုရလျှင် အထိန်းအကျောင်း တာဝန်ကိုယူသော မီဒီယာမှာ ယခုထက် ဖွံ့ဖြိုးသင့်သည်ဟု ထင်သည်။ အချို့ဆိုလျှင် အထိန်းအကျောင်း တာဝန်ကို မယူသည့်အပြင် အတို့အထောင် ကိစ္စများ၊ အဖွအဆွ ကိစ္စများကို မြိန်ရေရှက်ရေ လုပ်နေသေးသည်။ ပြီးတော့ အမှန်တရား ဘက်တော်သား ဘွဲ့ခံယူသည်။ အသွင်ပြောင်းဆဲ ကာလတွင် အမှန်တရားတိုင်းသည် နိုင်ငံအရွေ့နှင့် မသက်ဆိုင် ဆိုသည်ကို သဘောပေါက်သင့်သည်။ အချို့သော အမှန်တရားတို့ကြောင့် ယနေ့နိုင်ငံ ပက်လက်လန် သွားနိုင်သည်ကို သတိပြုစေချင်သည်။ ယနေ့ နိုင်ငံရေးတွင် အမှန်တရားဟူသော အလံကို လွှင့်ထူထားခြင်းသည် အမှန်ပင် နိုင်ငံရေး ရင့်ကျက်မှု အားနည်းခြင်းသာ ဖြစ်သည်။ ဆိုလိုချင်သည်မှာ အမှန်တရားကို မျက်ကွယ် ပြုစေခြင်း သဘောမဟုတ်။ ကာလဒေသအရ အမှန်တရားသို့ ချဉ်းကပ်ပုံ နည်းလမ်းကို ချင့်ချိန် စေလိုခြင်းသာ ဖြစ်သည်။

တတိယ တစ်ခုကား ပညာရှင်စိတ် အခံရှိသော ပညာတတ် လူတန်စားများ ဖြစ်သည်။ ဤတွင် ပညာရှင်စိတ်အခံ ဆိုသည်ကို ရှင်းလိုသည်။ ပညာရှင် ဆိုသည်မှာ ဘွဲ့၊ ဒီဂရီချည်း သက်သက်ဖြင့် တိုင်းတာခြင်း မဟုတ်ဘဲ အစွဲကင်းကင်းဖြင့် အရှိတရားကို ဆင်ခြင်နိုင်စွမ်း ရှိသော ဂုဏ်ပုဒ်ကိုပါ ဆိုလိုခြင်း ဖြစ်ပါသည်။ အသွင်ပြောင်းစ နိုင်ငံတွင် အခြေခံ လူထုသည် ခံစားချက် နိုင်ငံရေးကို ကိုးကွယ်မိတတ်သည်။ ထို့ကြောင့် နိုင်ငံ့အရွေ့ကို အထောက်အကူပြုသော ကိစ္စများကို မြင်နိုင်ရန် ခဲယဉ်းသည်။ ယင်းအခြေအနေတွင် ပညာရှင်စိတ်အခံဖြင့် နိုင်ငံအရွေကို နှပ်ကြောင်း ပေးနိုင်သော Opinion Leader များ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးပါသည်။

နောက်ဆုံးသော ထိန်းကျောင်းရေး ယန္တရားမှာ တပ်မတော်ပင် ဖြစ်သည်။ တပ်မတော်ကို အထိန်းအကျောင်း နိုင်ငံရေးတွင် ထည့်သွင်းရခြင်းအပေါ် ယနေ့ အဖြစ်အပျက်များအရ သဘောမတူသူများလည်း ရှိနိုင်ပါသည်။ ယနေ့ အာဏာနိုင်ငံရေးတွင် ပါဝင် ပတ်သက်နေသည်က သူ့ကို အထင်လွဲစေသည်။ သို့သော်လည်း ထိုသို့ ပတ်သက်နေခြင်းကိုက အထိန်းအကျောင်း တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်ဟု ရှုမြင်သူများလည်း ရှိသည်။

ပရမ်းပတာ ဖြစ်နေသော နိုင်ငံတစ်ခုကို နောက်ဆုံးအဆင့် ထိန်းကျောင်းနိုင်မည့်သူမှာ တပ်မတော်ပင် ဖြစ်သည်။ သို့ဖြစ်ရာ တပ်မတော်သည် အထိန်းအကျောင်း နိုင်ငံရေးတွင် နောက်ဆုံးသော ခံတပ်ဖြစ်သည်။ ယင်းအဖြစ် အပျက်ကို ယနေ့ ထိုင်းနိုင်ငံရေးတွင် တွေ့ရမည် ဖြစ်သည်။ ဤတွင် အရေးတကြီးဆိုရန် ရှိသည်မှာ တပ်မတော်က ထိန်းကျောင်းရသော အဆင့်ရောက်လျှင် တည်ငြိမ်မှု ဖြစ်ထွန်းလာသည့်တိုင် ဒီမိုကရေစီ အညွန့်မှာကား ကျိုးသွားတတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် တပ်မတော်က ထိန်းကျောင်းသည့်အဆင့် မရောက်စေလိုလျှင် ကျန်သော ထိန်းကျောင်းရေး ယန္တရားတို့ တာဝန်ကျေမှ ဖြစ်လိမ့်မည်။

ရေနှင့် ရေပိုက်

ရေသည် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသည်မှာ သူ့အလုပ် သူလုပ်ခြင်း ဖြစ်သည်။ သို့သော် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသည့်တိုင် အလိုရှိရာကို တိတိကျကျ ရောက်ရန်အတွက် ရေပိုက်များကို သုံးရသည်။ ယင်းရေပိုက်တို့ မပေါက်၊ မပြဲမှသာ အလိုရှိရာကို မဖိတ်မစဉ် ရောက်ပါလိမ့်မည်။ ထို့အတူပင် ဖြစ်သည်။

အာဏာ နိုင်ငံရေးတွင် ပါတီ၊ အဖွဲ့အစည်း အသီးသီးသည် အာဏာအလို့ငှာ ရသမျှနည်း ကြိုးပမ်းကြသည်မှာ သူ့အလုပ် သူလုပ်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း အာဏာအလို့ငှာ ရသမျှ အပေါက်မှ တိုးတက်၊ ဝှေ့တတ်သော သဘာဝ ရှိခြင်းကြောင့် နိုင်ငံဟန်ချက် ပျက်သွားနိုင် သည်ကလည်း ရှိသေးသည်။ ထို့ကြောင့် အာဏာနိုင်ငံရေး ဘောင်မကျော်ရအောင် ရေပိုက်နှင့် တူသော အထိန်းအကျောင်း နိုင်ငံရေးက မဖြစ်မနေ အားကောင်းရန် လိုပြန်သည်။

သို့ဖြစ်ရာ ယနေ့ မြန်မာနိုင်ငံတွင်လည်း အာဏာနိုင်ငံရေးနှင့်အတူ အထိန်းအကျောင်း နိုင်ငံရေးကပါ ဟန်ချက်ညီညီ လိုက်လံ ဖွံ့ဖြိုးမှသာ တည်ငြိမ်ရေးနှင့် တိုးတက်ရေး ပြိုင်တူ ဖြစ်ထွန်းနိုင်မည်ဟု ထင်မြင်မိပါကြောင်း တင်ပြလိုပါသည်။
thevoicemyanmar