အညာက ပါရီကဖေး

ပို့စ်တင်ချိန် - 2/24/2014 05:50:00 PM


Written by  ဉာဏ်မျိုးအောင်

ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီ ဆရာ၊ ဒဿနဆရာတွေ ဆုံတွေ့လေ့ရှိသော ပြင်သစ်နိုင်ငံ ပါရီမြို့က ဖေးတွေလို နေရာလေးတစ်ခု မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ရှိပါသည်ဆိုလျှင် မိတ်ဆွေ ယုံကြည်နိုင်မည်လော။ မယုံမရှိပါနှင့်၊ အမှန်တကယ် ရှိပါသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မကွေးမြို့နှင့် မင်းဘူးမြို့ကို ပိုင်းခြား ဖြတ်စီးနေသော ဧရာဝတီမြစ်၏ အလယ်၌ သဲသောင် ထွန်းနေသည့် မြေနုကျွန်းလေးမှာ အညာဒေသ၏ ပါရီကဖေးလိုပင် ဖြစ်ပါသည်။ ဤကျွန်းကလေးတွင် အညာဒေသမှ အနုပညာရှင်များ နှစ်စဉ် ဆုံတွေ့လေ့ ရှိပါသည်။

ယင်းကျွန်းကလေး၏ ဝန်းကျင်မှာလည်း အနုပညာ ဆန်လှသည်။ ပြည်သူ့ အချစ်တော် မြစ်ဧရာ သယ်ပို့ထားသော မြေဆီမြေဥများ စုနေသည့် ကျွန်းကလေးပေါ်တွင် အညာနေမင်းနှင့် အပြိုင် ထိန်လင်းနေသော နေကြာပွင့်များ၊ ဆံမြိတ်ဖားဖားကြီး များကြားတွင် ခေါင်းထိုးဝင်နေသည့် ပြောင်းဖူးများ၊ မြစ်လေညင်းတွင် အညာရနံ့သင်းသင်း စွက်ပေးတတ်သော ဆီးတော်သီးများ၊ မြစိမ်းရောင်ရင့်ရင့် ပဲပင်အုပ်များကား အနုပညာရှင်များ ဆုံစည်းနိုင်ရန်အတွက် သဘာဝ အခမ်းအနားလေး တစ်ခုကို ဖန်တီးပေးထားသည်။

အနုပညာရှင်များ တွေ့ဆုံမည့် ကိုင်းပင်ခြောက် မိုးတဲငယ်လေးကိုမူ စိမ်းနုရောင်ဖားဖား အရွက်များရှိသော ဘူးနွယ်များက နေပြောက် မထိုးသာအောင် အုပ်မိုး ပေးထားသည်။ တဲဝန်းကျင်တွင်မူ အဖြူရောင်၊ ပန်းနုရောင်၊ အနီရင့်ရောင် ပန်းပွင့်ငယ်များက ဝိုင်းကြီးပတ်ချာလည် စောင့်ကြပ်နေရှာသည်။ ဤဝတိံသာ တဲငယ်တွင်းမှာပင် ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့၌ မန္တလေး၊ ပခုက္ကူ၊ ချောက်၊ တောင်တွင်း၊ မင်းဘူး၊ မကွေး၊ ကျောက်ပန်းတောင်း စသောမြို့များမှ အနုပညာရှင်များ ပါဝင်သည့် အနုပညာ တွေ့ဆုံပွဲလေးကို ပြုလုပ်ခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲကို ကျွန်းမကြီး အနုပညာ တွေ့ဆုံပွဲဟု အများသဘောတူ အမည်မှည့်ထားလေသည်။

ခေတ်ကြေးမုံ

သမိုင်းခေတ်တစ်ခုကို လေ့လာရာတွင် နေ့စဉ် ဖြစ်ပျက်သမျှ အကြောင်းအရာများကို ထောက်လှမ်း ရေးသားထားသည့် သတင်းစာနှင့် ဂျာနယ်များသာမက ကဗျာ၊ ဝတ္ထုစသော အနုရသစာပေ များကိုလည်း လေ့လာမှသာ သက်ဆိုင်ရာ ခေတ်သမိုင်းကို အနီးစပ်ဆုံး ကောက်ချက် ဆွဲနိုင်မည် ဖြစ်သည်။ မင်းတုန်းမင်းခေတ်ကို လေ့လာလိုပါက ရတနာပုံ သတင်းစာပါ အချက်အလက်များ၊ အုပ်ချုပ်ရေးဆိုင်ရာ မှတ်တမ်း မှတ်ရာများသာမက အနုစာပေ စာရင်းဝင်သော ဦးပုည၏ ပြဇာတ်များ၊ ဗန်းမော် ဆရာတော်၏ သရော်စာ များကိုလည်း မဖြစ်မနေ ဖတ်ရှု့ရမည် ဖြစ်သည်။ ဆိုလိုသည်မှာ အနုစာပေ များသည်လည်း ခေတ်သမိုင်းကို ထင်ဟပ်နိုင်စွမ်းသော ခေတ်ကြေးမုံများ ဖြစ်ပါသည်။ ကျွန်းမကြီး အနုပညာ တွေ့ဆုံပွဲတွင် အသီးသီး ရွတ်ဖတ်သွားသော ကဗျာများသည်လည်း လက်ရှိ အစိုးရ၏ ခေတ်စနစ်ကို ထင်ဟပ် ထားပေသည်။

ယနေ့ခေတ်တွင် တပ်ပိုင်မြေသိမ်းမှုနှင့် စီမံကိန်းကြီးများအတွက် မြေသိမ်းမှုများ တစ်နိုင်ငံလုံးတွင် ဖြစ်ပွားလျက် ရှိသည်။ တပ်မတော် တပ်ရင်းတပ်ဖွဲ့ တိုးချဲ့ရေးအတွက်ဟုဆိုကာ တပ်မတော်က သိမ်းယူသော မြေယာသိမ်းမှုများ၊ စီးပွားရေး စီမံကိန်းကြီး များအတွက်ဟုဆိုကာ မြေယာသိမ်းမှုများ စသော မြေသိမ်း ယာသိမ်း ပြဿနာများကို ထင်ဟပ်သော ကဗျာတစ်ပုဒ်ကို ကဗျာဆရာ တစ်ဦးက ရွတ်ဆိုသွားလေသည်။
“အကျအရှုံးများနဲ့
ဘဝဆုံး မသွားချင်တာ
ငါတို့ ကျောက်တိုင်ပဲ။
ဂဠုန်ဆရာစံ မဟုတ်ပေမယ့်
ဂဠုန်ဆရာစံ စိတ်တော့ ရှိရမှာပဲ။
တို့မြေတွေကို ပြန်ပေးကြ။
ဘာမသိညာမသိ သဘာပတိတွေနဲ့၊
ဘာမရှိ ညာမရှိ ဗလာကတိတွေနဲ့
မရှင်သန်လိုကြ။
တို့မြေတွေကို ပြန်ပေးကြ” ဟုဆိုကာ ကဗျာဆရာက မြေသိမ်းခံ ပြည်သူများဘက်က ရပ်တည်ပြီး မြေယာများ ပြန်လည်ပေးရန် တောင်းဆိုသွား လေသည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် ဖြစ်သော တောင်သူ လယ်သမားများမှာ မြေယာလက်မဲ့ ဖြစ်ရခြင်း၊ သီးနှံ အရှုံးပေါ်ခြင်း၊ သီးနှံပျက်စီးခြင်းနှင့် အရင်းအနှီးအတွက် အတိုးနှုန်းမြင့်မားစွာ ချေးယူထားသော အကြွေးငွေများကို ပြန်လည် မပေးဆပ်နိုင်ခြင်းစသော ပြဿနာ အထွေထွေကို ကြုံတွေ့နေရသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကမူ လယ်သမားများ အနေနှင့် အကြွေးဆပ်နိုင်ရန်အတွက် ထမင်းတစ်နပ် လျှော့စား သင့်သည်ဆိုသော တာဝန်မဲ့သော စကားကို ပြောလိုက်သည်။ ဝန်ကြီး၏ စကားကို မကျေမချမ်း ဖြစ်နေဟန်တူသော ကဗျာဆရာက ကဗျာဖြင့် ပြန်လည် ချေပထားသည်။
“တို့စားနေတဲ့ထမင်းကို
ဘာကြောင့် လျှော့စားရမလဲဆိုတော့
တို့ကိုစားနေတဲ့ လူတွေ ရှိသေးလို့ပဲ . . .
ထမင်းတစ်နပ် လျှော့စားပါတဲ့။
အခြေခံ အစားအစာတို့ ထမင်းပဲ၊
ဆီဦးထောပတ် မပါဘူး။
ငါတို့ဟာ
ပွဲစားတွေရဲ့ ပါးစပ်ပေါက်ထဲမှာ
နေနေရတယ်။
ငါတို့ဟာ
ပွဲစားတွေရဲ့ ပါးစပ်ပေါက်ထဲမှာ
အိမ်ရာပြု နေထိုင်နေရတယ်” တဲ့။

ဧရာဝတီ

ယခုနှစ်အတွင်း ဧရာဝတီမြစ် ရေကြီးမှုကြောင့် မန္တလေး၊ မကွေး၊ မင်းဘူး စသောမြို့ကြီးများရှိ ဧရာဝတီမြစ်ရိုး တစ်လျှောက်တွင် တည်ထားသော ကျေးရွာများ၊ ရပ်ကွက်များ ရေနစ်မြုပ်ခဲ့ရသည်။ ကျွန်းပေါ်တွင် တည်ထားသော ရွာငယ်လေးမှာလည်း ရွာလုံးကျွတ် နစ်မြုပ် ပျောက်ကွယ်ခဲ့ရသည်။ မြစ်ကမ်းပါး တစ်လျှောက်တွင် စိုက်ထားသော သစ်ပင်များကို ခုတ်လှဲမှု အပါအဝင် လက်ရှိ အစိုးရအနေနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးကို ထိထိရောက်ရောက် လုပ်ဆောင်ခြင်း မရှိသောကြောင့် ဧရာဝတီ မြစ်ရေလမ်းကြောင်း ပြောင်းလဲခြင်းတို့နှင့် ကြုံတွေ့ခဲ့ရလေသည်။ သို့အတွက် ရေကြီးနစ်မြုပ်ခြင်း အကျိုးဆက်ကို ခံစားရသော ဒုက္ခသည်များဘက်က ရပ်တည်ပြီး ကဗျာဆရာ သားဖေက . . .
“မြန်မာပြည် မြေပုံထဲက
ဧရာဝတီကို ဖျောက်ကြည့်လိုက်၊
မြန်မာပြည်အနှံ့ မိုးကြီးရေမြုပ်
အိမ်ငုတ်တုတ်တွေက
ဧရာဝတီရဲ့ ဒဏ်ခတ်ခြင်းပေလား။
မင်း စိတ်နာသွားပြီလား ဧရာဝတီ” ဟု ဧရာဝတီမြစ်နှင့် စကားပြောဟန်ဖြင့် ရွတ်ဆိုပြသည်။

“မင်းရဲ့သွေးကြောတွေကို
အဖာအစပ်များစွာနဲ့ မလုံခြုံပိတ်ဆို့။
မင်းရဲ့သန့်စင်တဲ့ ခန္ဓာကိုယ်ကို
အပိုင်းပိုင်း အတစ်တစ် ဖဲ့ချိုးလို့။
မင်းရဲ့တန်ဖိုးရှိတဲ့ သွေးကြောတွေအနှံ့
ပြဒါးဆန်တဲ့အဆိပ်တွေ
ကြဲပက်ခဲ့သူက
ငါတို့ မဟုတ်ဘူး … ငါတို့ မဟုတ်ဘူး” ဟု ကဗျာဆရာက ဆွေးဆွေးမြည့်မြည့် ဝမ်းနည်းအက်ကွဲသော လေသံဖြင့် ဧရာဝတီမြစ်ကို ရှင်းပြလေသည်။

သဘာဝပတ်ဝန်းကျင် ဘေးထွက်ဆိုးကျိုးများ များစွာ သက်ရောက်နိုင်ခြေရှိသော ဧရာဝတီမြစ်ဆုံ စီမံကိန်းကြီးမှာလည်း သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တွင်သာ ရပ်ဆိုင်းထားခြင်း ဖြစ်လေသည်။ ယင်းစီမံကိန်းကို ပြန်လည် လုပ်ဆောင်နိုင်ရန်အတွက် တရုတ်ကုမ္ပဏီမှာ ကြိုးပမ်းနေဆဲ ဖြစ်သည်။ သို့ဖြစ်ရာ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍လည်း ကဗျာဆရာတချို့မှာ စိတ်မအေးနိုင်အားပေ။

“ကျွန်းပွဲတိုင်းမှာ ဧရာဝတီကဗျာပဲ ရွတ်တော့မယ်လို့ သန္နိဋ္ဌာန် ချထားတယ်” ဟု ရင်ဖွင့်သွားသော ကဗျာဆရာ မော်ကွန်းက အခြားသော ကဗျာဆရာ များကိုလည်း ဧရာဝတီနှင့် ပတ်သက်သော ကဗျာများကို ဆက်လက် ရေးသားကြပါရန် တိုက်တွန်းသွားသည်။
“ကမ်းရိုးတန်းကအစ
ကုန်းတွင်းပိုင်းအလယ်
ဟိုး…မြေပြန့်လွင်ပြင်အဆုံး၊
ငွေ အာဏာ ရမ္မက် ခုတုံးလုပ်ပြီး
ပဉ္စလက် ကစားကွက်ထဲမှာ
ဧရာဝတီကို ဓားစာခံအဖြစ်
အသုံးချကြဦးမှာလား” ဟု ကဗျာဆရာ မော်ကွန်းက မေးခွန်း ထုတ်သွားလေသည်။ ဧရာဝတီမြစ် ကျန်းမာရေးနှင့် ဧရာဝတီမြစ်ဆုံ စီမံကိန်း၏ အနာဂတ်ကိုမူ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်း အသစ်တက်လာမည့် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

ငြိမ်းချမ်းရေး

လက်နက်ကိုင် တပ်ဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးနိုင်ရန် ကြွေးကြော်ထားသော သမ္မတ ဦးသိန်းစိန် အစိုးရမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ ကေအိုင်အေနှင့် တိုက်ပွဲများ ဖြစ်ပွားနေသော တပ်မတော်ကို ထိုးစစ်မဆင်နွှဲရန် သမ္မတက ညွှန်ကြားထားသော်လည်း ကာကွယ်ရေး ဦးစီးချုပ်က လေကြောင်းသုံး တိုက်ခိုက်မှုများပင် လုပ်ဆောင်ခဲ့ရာ သမ္မတ၏ တပ်မတော်အပေါ် သြဇာ သက်ရောက်မှုနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ မီဒီယာများက ဝေဖန် ရေးသားခဲ့ကြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကေအိုင်အေ တပ်ဖွဲ့ကို ရည်ညွှန်းကာ၊ “ရွှေလက်နဲ့ ခေါ်တုန်းလာ၊ ဘူးလက်နဲ့ခေါ်မှ မလာချင်နဲ့” ဟု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက လွှတ်တော်တွင်း၌ နိုင်ငံကျော် စကားဖြင့် ဆွေးနွေး ပြောကြား ခဲ့လေသည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ကဗျာဆရာ ဆေးခါးက . . .
“အခုတော့ ခေတ်က
ပိုပြီး လွတ်လပ်ပွင့်လင်းလာ ပါပြီဗျာ။
ဘာလဲ ခင်ဗျားတို့
တခိုးခိုး တခစ်ခစ် ရယ်နေတာ
မယုံလို့လား။
ရွှေလက်နဲ့ ခေါ်တုန်းလာ၊
ဘူးလက်နဲ့ခေါ်မှ မလာချင်နဲ့ပြောတာ
ပွင့်ပွင့်လင်းလင်း ရှိလာတာ
မဟုတ်ဘူးလား။
စစ်လေယာဉ်တွေ ဝယ်ထားတာ
အလှပြဖို့ မဟုတ်ဘူး။
စစ်ဖြစ်ရင် သုံးဖို့ပြောတာ
ပွင့်ပွင့်လင်းလင်း ရှိလာတာ
မဟုတ်ဘူးလား” ဟု အစိုးရကို သရော်ထေ့ငေါ့ကာ ကဗျာစပ်ဆိုသွားသည်။

စစ်မက်ဖြစ်ပွားရာ ဒေသများမှာ ဒုက္ခသည် အမျိုးသမီးတချို့မှာ သတို့သမီး ဆာလောင်နေသော အိမ်နီးချင်း တရုတ်ပြည်အတွက် ကုန်ပစ္စည်းတစ်မယ် ဖြစ်သွားရရှာသည်။ တရုတ်ပြည်တွင် ယောက်ျားလေး ဦးရေက များပြားပြီး မိန်းကလေး ဦးရေက နည်းပါးလျက်ရှိရာ တရုတ် အမျိုးသားများသည် မြန်မာ အမျိုးသမီးများကို အခကြေးငွေပေး ကိုယ်ဝန်ဆောင် ခိုင်းသည်များ ရှိလာသည်။ နောက်ထပ် အိမ်နီးချင်း နိုင်ငံတစ်ခု ဖြစ်သော ထိုင်းနိုင်ငံတွင်လည်း ပြည့်တန်ဆာ လုပ်ငန်းဖြင့် ငွေကြေး ရှာဖွေနေရသော မြန်မာအမျိုးသမီးများ ရှိသည်။

ပြည်တွင်းရှိ ရန်ကုန် ကဲ့သို့သော မြို့ကြီးများနှင့် နယ်စပ်မြို့များတွင် အမျိုးသမီးငယ် တချို့မှာ ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း နေရရှာသည်။ ဤဖြစ်ရပ်များမှာ စီးပွားရေး တိုးတက်အောင်၊ ငြိမ်းချမ်း တည်ငြိမ်အောင် မလုပ်ဆောင်နိုင်သေးသော အစိုးရ မူဝါဒများ၏ အကျိုးအဆက်များ ဖြစ်သည်ဟု ကဗျာဆရာ နေဇော်ချစ်က ကောက်ချက် ဆွဲပုံရသည်။
“ပီပြင်တဲ့ ဈေးကွက် စီးပွားရေးစနစ်ဟာ
သူမရဲ့ ကိုယ်ခန္ဓာပဲ . . .
လျှပ်စီးလျှပ်သလို
ထင်းခနဲလင်းခနဲ
သူမရဲ့အတွင်းသားဟာ
လွတ်လပ်ခွင့် အပြည့်ရှိတဲ့ မီဒီယာ. . .
ရွှေရည်စိမ် သရဖူနဲ့ မက်လုံးပေး
ထောင်ချောက်ဆင်ထားတဲ့
စကားလုံးတွေ ထုတ်ပြန်၊
ဝိတ်တာတစ်ယောက်နဲ့
ကြေးညှိနေရဆဲ
ငြိမ်းချမ်းရေးဟာ
အယားပြေရုံ သက်သက်ထက် မပိုဘူး”

ပြည့်တန်ဆာ တစ်ဦး၏ ပုံသဏ္ဌာန်နှင့် နှိုင်းယှဉ်ကာ လက်ရှိခေတ် စီးပွားရေးနှင့် နိုင်ငံရေး အခြေအနေကို ကဗျာဆရာ နေဇော်ချစ်က ဖွဲ့ဆိုပြသည်။ ‘နိုင်ငံရေးတွင် မုန်းသူမရှိ၊ ချစ်သူသာရှိ’၊ ‘နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရတဲ့ အနုပညာ’ စသော အယူအဆများကို ရေးသားခဲ့သော ဆရာဒဂုန်တာရာကို ဂုဏ်ပြုရင်း စစ်ပွဲများ ရပ်ဆိုင်းစေလိုသော ကဗျာဆရာတစ်ဦးကမူ . . .
“ဘယ်သူပဲဖြစ်ဖြစ်
စစ်ကို သယ်လာသူဟာ
အလှတရားကို ဖျက်ဆီးသူပဲ…
တောပန်း၊ တောင်ပန်း၊ ချယ်ရီပန်း
ကျောက်သား နှင်းဆီပန်းများပွင့်တာ
သဘာဝရဲ့ သစ္စာတရားလေ။
နှင်းလွှာရုံအောက်မှာ
ထာဝရရှင်သန်ဖို့
စစ်ကင်းပချိန်ကို မြင်လို ဖြစ်လို မိုးလို။
ငြိမ်းချမ်းရေးကို ခေါ်ဆောင်လာတဲ့ပန်းပွင့်
တောင်တန်းများပေါ်မှာ မွှေးမြသင်း၏။ မကြွေစေချင်လိုက်တာ” ဟု စသီကုံးလေသည်။

ငွေရတု

ကဗျာရွတ်ဆိုပွဲ ပြီးသောအခါ အနုပညာရှင်များအားလုံး စုပေါင်းကာ နေ့လယ်စာ စားကြသည်။ ဟင်းမှာ ကြက်သားဘူးချို ဟင်းရည်ကျဲနှင့် ငရုတ်သီးကြော် ဖြစ်သည်။ အားလုံး စားသောက်ပြီးနောက် ကိုယ်ပိုင် တေးစီးရီးခွေ ထုတ်တော့မည့် မကွေးမြို့မှ ဂီတပညာရှင် လူငယ်က သီချင်းဖြင့် ဖျော်ဖြေပေးသည်။ ပန်းချီဆရာ ဦးမျိုးညွန့်ကမူ ပုံတူပန်းချီ ဆွဲပေးလေသည်။ ယင်းကဲ့သို့ အနုပညာရှင်များ တွေ့ဆုံပွဲကို ၁၉၉၂ ခုနှစ်ကတိုင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ရာ နောင်သုံးနှစ်တွင် ငွေရတု တိုင်တော့မည် ဖြစ်သည်။ ငွေရတုနှစ်တွင် ပိုမိုခမ်းနားအောင် လုပ်ရမည်ဟု အချင်းချင်းဆော်သြ ထားကြသည်။

အနုပညာ တွေ့ဆုံပြီးသောအခါ အငှားလှေသမား နှစ်ဦးက ဧည့်ပရိသတ်များကို အစုလိုက် အစုလိုက်ခွဲကာ လှေငယ်လေးဖြင့် လှော်ခတ်ပို့ပေးသည်။ ကျွန်းမကြီး ကမ်းစပ်မှ ဧရာဝတီမြစ်ကို ဖြတ်လှော်ကာ မင်းဘူးမြို့ကမ်းစပ်သို့ ကပ်ရသည်။ မင်းဘူးကမ်းကို ရောက်မှသာ ဧည့်သည်များမှာ မိမိ မြို့၊ မိမိဒေသကို ခရီးဆက်ရခြင်း ဖြစ်ပေသည်။ ကျွန်တော်တို့အဖွဲ့ကို တင်ဆောင်လာသော လှေငယ်လေး မင်းဘူးကမ်းစပ် ကပ်လေသောအခါ ကျွန်းမကြီး ကမ်းစပ်ကို ပြန်ငေးမိသည်။ ကျွန်းကလေးမှာ စိမ်းစိမ်းစိုစို ကျန်ရစ်ခဲ့လေပြီ။ ၂၀၁၅ မှ ပြန်ဆုံကြဦးမည်၊ ချစ်လှစွာသော အညာကပါရီ။

thevoicemyanmar