စားရေးသည် အရေးကြီးဆုံး
ပို့စ်တင်ချိန်
- 2/16/2014 08:08:00 PM
(ဆောင်းပါးရှင် - တက္ကသိုလ်မိုးဝါ)
၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်မည့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း၌ ကမ္ဘာ့နိုင်ငံအသီးသီးမှ ရင်းနှီးမြှုပ်နှံမှုများစွာ ၀င်လာနိုင်သည်။ ယင်းစီမံကိန်းဖွင့်လှစ်လိုက်ပါက စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများ အလျင်ဦးဆုံး ၀င်ရောက်လာနိုင်သည်ဟု ဂျပန်နိုင်ငံက ခန့်မှန်းကြောင်းသတင်းကို ၁၀-၂-၂၀၁၄ နေ့ထုတ် Weekly Eleven တွင်ဖတ်ရသည်။ စာရေးသူက မျက်စိပဲမှောက်သွားသလား၊ အကြားအာရုံကပဲ ချွတ်ယွင်းသွားသလားမသိ။ မှတ်မှတ်ရရ ဒီတစ်ကြိမ်ပဲ အစားအသောက်ကုန်ပစ္စည်း ထုတ်လုပ်မည့်ကိစ္စ ကြားလိုက်ဖူးခြင်းဖြစ်၏။ အစားအသောက်သည် " အသောက်အစား" နှင့်မတူပါ။ ဤနိုင်ငံတွင် "အစားအသောက်" ရှားပါးသလောက် "အသောက်အစား" က လက်ညှိုးထိုးမလွဲ ပေါကြွယ်လှ၏။
ပြည်သူအများစု အမှန်တကယ် အလျင်အမြန်လိုအပ်နေသည်မှာ စားဝတ်နေရေး သက်သာချောင်ချိဖို့သာဖြစ်သည်။ ယင်းထဲတွင်မှ စားရေးက ၀တ်ရေးထက် ပိုအရေးကြီးသည်။ ပြည်တွင်း၌ရှိနှင့်ပြီးဖြစ်သော စားသောက်ကုန်ထုတ် လုပ်ငန်းရှင်တို့သည် အစားအသောက် ပစ္စည်းဈေးနှုန်းကို ကျဆင်းအောင် အကြောင်းအမျိုးမျိုးကြောင့် မစွမ်းဆောင်နိုင်ခဲ့ကြ။ ယခင့်ယခင် အစိုးရများလက်ထက်တုန်းကလည်း တိတိပပ ပြည်သူတို့၏ နေ့စဉ်စားသုံးမှုကိစ္စကို တာဝန်ယူဖြေရှင်းပေးခြင်းမျိုး မရှိခဲ့သလောက်ပင်ဖြစ်သည်။ မည်သည့်အခါမျှ ဥပမာအားဖြင့်-အစိုးရက စားသုံးသူ သက်သာချောင်ချိရေး ပူးပေါင်းဖော်ဆောင်ရေး ကော်မတီ စသည့်အဖွဲ့မျိုးဖွဲ့သည်ကို မကြားဖူးခဲ့။
ယခင်အစိုးရများသည် ဇာတ်စင်ကန့်လန့်ကာရှေ့ထွက်ပြီး ပြည်သူတို့၏ စားရေးအကျပ်အတည်းကို ဖြေရှင်းပေးဖို့ လှုံ့ဆော်ခြင်း မပြုဖူးခဲ့။ လျစ်လျူရှုခဲ့သည်ချည်းသာ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် တစ်နှစ်လုံးတွင် နိုင်ငံခြားသား သီးသန့်လုပ်ကိုင်သော လုပ်ငန်းများနှင့် မြန်မာနိုင်ငံသားနှင့် ဖက်စပ်လုပ်ကိုင်ခွင့်ရသော လုပ်ငန်းစုစုပေါင်း ၁၁၈ ခု ရှိသည်ဟု သိရသည်။ အဆိုပါလုပ်ငန်းများထဲတွင် စီးကရက်၊ အဖျော်ယမကာ၊ ကားဝန်ဆောင်မှု၊ အိုင်တီဝန်ဆောင်မှု၊ ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်းတို့ ပါဝင်သည်ဆိုသည်။
ကြည့်ပါ။ စားသောက်ကုန်လုပ်ငန်းသည် လုပ်ငန်းအားလုံး၏ ရာခိုင်နှုန်းမည်မျှထိ ပါဝင်နေပါသနည်း။ အမှန်တကယ်ဖြစ်သင့်သည်မှာ စားသောက်ကုန်ထုတ်လုပ်မှုသည် လုပ်ငန်းအားလုံး၏ အနည်းဆုံးရာခိုင်နှုန်း ၅၀ ရှိသင့်သည်။
တိုင်းပြည်၏စီးပွားရေးနှင့် အများပြည်သူ၏ နိမ့်ကျသော ဘ၀အခြေအနေ၏ လိုအပ်ချက်အရ ပြောခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဘ၀နိမ့်ကျ ဆင်းရဲတွင်းနက်နေသော ပြည်သူတို့၏ နံပါတ်တစ် လိုအပ်ချက်ဖြစ်သည့်"စားရေး" ကို ဦးတည်ဖြည့်ဆည်းသော စီမံကိန်းမျိုးကိုသာ ဖော်ဆောင်သင့်သည်။ ယင်းသို့ဖော်ဆောင်ခြင်းမပြုပါက စားသောက်ကုန်များ တစ်နေ့တခြား ဈေးမြင့်လာပြီး အများစုစားသုံးရန် လုံးဝလက်လှမ်းမမီနိုင်တော့သည့် အခြေသို့ တစ်နေ့မလွဲမသွေ ဆိုက်ရောက်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ သယံဇာတများအား ထုတ်ယူသည့် ပြည်ပနိုင်ငံများတွင် တရုတ်နိုင်ငံသည် စီမံကိန်းအရေအတွက် အများဆုံးဖြင့် လုပ်ကိုင်နေသည်ဆိုသည်။ တရုတ်နိုင်ငံသည် တွင်းထွက်ပစ္စည်းများ၊ သတ္တုတူးဖော်ရေးကဏ္ဍများ၊ သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ရေအားလျှပ်စစ်ထုတ်ယူခြင်း စီမံကိန်းများတွင် ၀င်ရောက်လုပ်ကိုင်နေသည်ဟု သိရ၏။ ယခုလတ်တလော တရုတ်နှင့် ပြည်တွင်းလုပ်ငန်းရှင်ကြီးများ ဖက်စပ်လုပ်ကိုင်နေသော သယံဇာတ ထုတ်ယူခြင်းနှင့် ရေအားလျှပ်စစ်လုပ်ငန်းတို့မှာ ပြည်သူကို တိုက်ရိုက်အကျိုးမပြုသလောက်ပင် ဖြစ်နေသည်။ ဥပမာအားဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းကဏ္ဍ၌ အကျိုးအမြတ်ခွဲဝေပုံသည် တစ်ဖက်စောင်းနင်း အနေအထားတွင်ရှိနေသည်။ တိုင်းပြည်အတွက် မပြောပလောက်သော ရာခိုင်နှုန်းအနည်းငယ်သာ ခံစားစရာရှိသည်။ တိုင်းပြည်အတွက် အကျိုးအမြတ်မရသည့်အပြင် တရုတ်နိုင်ငံက သယံဇာတ အရင်းအမြစ်နှင့် တွင်းထွက်ပစ္စည်းများ၊ သတ္တုတူးဖော်ခြင်းများ၊ ရေအားလျှပ်စစ်ထုတ်ယူခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်စေမှု နည်းနိုင်သမျှနည်းအောင် စီမံပြုလုပ်ခြင်းလည်း မရှိသဖြင့် ပြည်သူ၏ ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရပေသည်။
ပြည်တွင်း၌ ဆင်းရဲတွင်းနက်နေသော အများပြည်သူတို့၏ စားရေးကို အမြန်ဆုံး ပြေလည်မှုရရှိစေရန် အစိုးရက တာဝန်ယူရပေမည်။ ထို့ပြင်တိုင်းပြည်စီးပွားရေး အမှန်တကယ် တိုးတက်လာစေမည့် ပို့ကုန်နှင့် ပတ်သက်သော နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကိုလည်း များများစားစား ၀င်ရောက်လာစေရန် အခြေခံအဆောက်အအုံမှအစ အခြေအနေအရပ်ရပ် ဖန်တီးပေးသင့်သည်သာဖြစ်သည်။ ယင်းမှတစ်ဆင့် အလုပ်လက်မဲ့ လူဦးရေကိုလည်း အတန်အသင့် လျှော့ချပေးနိုင်မည်။
ဖေဖော်ဝါရီ ၁၁ ရက်က မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော ဂျာမနီနိုင်ငံသမ္မတ မစ္စတာ ၀ါကင်းမ်ဂေါက်ခ် (Mr Joachim Gauck) က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပြောကြားသွားသည့် မိန့်ခွန်းတစ်စိတ်တစ်ဒေသထဲတွင် ၎င်းသည် ၎င်းသက်တမ်း၏ သုံးပုံနှစ်ပုံကို ဖိနှိပ်မှု၊ တရားမမျှတမှု အောက်တွင်ဖြတ်သန်းလာခဲ့ရသော ဂျာမန်တစ်ယောက်အနေနှင့် မြန်မာနိုင်ငံကို လာရောက်ခြင်းမှာ အကြောင်းများထဲမှ အကြောင်းတစ်ခုဖြစ်သည်ဟု ဆိုသည်။
၎င်းကဆက်၍ မြန်မာနိုင်ငံအနေဖြင့် အချိန်ကာလအနည်းငယ်အတွင်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည် မှန်သော်လည်း လုပ်ဆောင်ရန် များစွာကျန်နေသေးသည်ဟုဆိုသည်။ နိုင်ငံတစ်နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုနှင့် ဥပဒေပြုရေးအာဏာကို လူနည်းစုလက်ထဲတွင် ဆုပ်ကိုင်ထားပါက စီးပွားရေး မတိုးတက်လာနိုင်ကြောင်း ပြောသည်။
မှန်ပါသည်။ လူတစ်စု ချမ်းသာကြွယ်ဝအောင် နေ့မအားညမအား လုပ်နေကြသောကြောင့် အများစု၏ အစားဆင်းရဲဒုက္ခကို ဆောင်ရွက်ပေးဖို့ မေ့နေခြင်းများလား။ သို့တည်းမဟုတ် လျစ်လျူရှုထားခြင်းများလားဟု မေးခွန်းထုတ်စရာအချိန် လွန်များလွန်သွားပြီလားဟူသော ဝေဖန်သံများ ကြားနေရသည်။
စားရေးပြီးတော့ နေရေးကကော မည်သို့နည်း။
Eleven Media Group