တစ်ကျော့ပြန် - ကူးပြောင်းရေး ပါရာဒိုင်း တတိယလှိုင်း အလွန်ပုံစံနှင့် မရေရာ အနာဂတ်

ပို့စ်တင်ချိန် - 2/19/2014 07:43:00 AM


ပါရာဒိုင်း အရွေ့

လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်အတွင်း ဒီမိုကရက် တိုက်ဇေးရှင်းနှင့် ပတ်သက်သည့် ပညာရှင် စကားဝိုင်းများတွင် အထူး ရေပန်းစားခဲ့သည်မှာ “ကူးပြောင်းရေး”  (Transition) ဆိုသော ဝေါဟာရပင် ဖြစ်သည်။ ဤကာလကြီးမှာ ဟားဗတ် ပါမောက္ခ ဆမ်မျူရယ်လ် ဖီဟန်တင်တန် ညွှန်းသော “ဒီမိုကရက်တိုက်ဇေးရှင်း တတိယလှိုင်း” နှင့်လည်း ချိန်ခါသင့် တိုက်ဆိုင်လျက် ရှိသည်။ ဤလှိုင်းလုံးကြီးအတွင်း နိုင်ငံပေါင်း ငါးဆယ်ကျော် ဒီမိုကရေစီ နိုင်ငံရေး စနစ်ဘက် ဦးတည် သွားနိုင်ခဲ့သည်။ “ကူးပြောင်းရေး ပါရာဒိုင်း” (The Transition Paradigm) လွှမ်းမိုးချိန်ဟု ဆိုကြပါသည်။

အဆိုပါ တတိယလှိုင်း၏ အထွတ်အထိပ် ကာလမှာ ၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန် နှစ်များပင် ဖြစ်သည်။ သို့တစေ ၂၁ ရာစုထဲသို့ ချင်းနင်း ဝင်ရောက်လာသည်နှင့် ဒီမိုကရေစီ လှိုင်းလုံးကြီးမှာ အရှိန်လျော့လာသည်။ တတိယလှိုင်းကို ဖြတ်သန်းခဲ့ကြသော နိုင်ငံအများစုမှာ လမ်းပွင့်လာသော ဒီမိုကရေစီစနစ် အမြစ်တွယ် ခိုင်မာစေရန် မနည်းပင် ရုန်းကန် ကြိုးပမ်း နေကြရသည်။ ပညာရှင် စကားဝိုင်းများတွင်လည်း ဒီမိုကရေစီ အရည်အသွေးနှင့် ဒီမိုကရေစီ ခိုင်မာရေးကို ဦးတည် ပြောဆို ဆွေးနွေး လာကြရသည်။ ဤနောက်ခံ အခင်းအကျင်းမှာပင် တောမတ် ကရိုသာက “ကူးပြောင်းရေး ပါရာဒိုင်း”ဆုံးသွားပြီ ၊ “ခိုင်မာရေး ပါရာဒိုင်း” (The Consolidation) သို့ ရောက်လာပြီဟု မှတ်ချက်ပြုခဲ့သည်။

သို့နှင့်တိုင် ၂၁ ရာစု၏ ဒုတိယ ဆယ်စုနှစ် အတွင်းမှာပင် ယခင် ဆိုဗီယက် ယူနီယံဟောင်းတွင် “အရောင် တော်လှန်ရေးများ” တစ်ကျော့ပြန် ပေါ်လာသည်။ အာရပ် နွေဦး၏ အလှုပ်အယမ်းများနှင့်လည်း ကြုံလိုက်ရသည်။ နောက် မြန်မာနိုင်ငံ၏ နိုင်ငံရေး တံခါးဖွင့် နှင်းခဲပျော်ချိန် ... ။ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ကြုံလိုက်ရရာ ပညာရှင် စကားဝိုင်းများမှာ “ကူးပြောင်းရေး ပါရာဒိုင်း” သို့ တစ်ကျော့ ပြန်လာပြီဟု ဆိုကြပါသည်။

ငယ်ရုပ်ဆင် တော်လှန်ရေး

“ဒီမိုကရေစီသည် အောင်ပွဲ ရလဒ်လော၊ စေ့စပ် ညှိနှိုင်းမှု၏ အဖြေလော  ... ” ။ ခေတ်ပြိုင် ပညာရှင် တစ်ဦးဖြစ်သူ ဖရန်စစ် ဖူကူယားမားက မေးခွန်း ထုတ်ကြည့်သည်။ ၁၉ ရာစု နှောင်းပိုင်းနှင့် ၂၀ ရာစု ဦးပိုင်းက ကြုံခဲ့သော “ဒီမိုကရက် တိုက်ဇေးရှင်း ပထမလှိုင်း” တွင် အောင်ပွဲ ရလဒ်ဟု သူကပင် အဖြေထုတ်သည်။ ဤလှိုင်းကြီးမှာ လူထု လှုပ်ရှားမှုဖြင့် စ၍ လူထု လှုပ်ရှားမှုဖြင့်ပင် အောင်ပွဲအရ ယူခဲ့သည်။ သို့တိုင် တတိယလှိုင်းတွင်ကား ဤသို့မဟုတ်။ စေ့စပ် ညှိနှိုင်းမှုဖြင့်သာ အဖြေရှာခဲ့ကြရသည်ဟု ဆိုသည်။

ယနေ့ မျက်မှောက် ပြုနေရသော အရှေ့ဥရောပနှင့် အာရပ်ကမ္ဘာမှ ဒီမိုကရေစီ အရေးတော်များမှာ တတိယ လှိုင်းပုံစံနှင့် မတူ။ ပထမ လှိုင်းနှင့်သာ ပိုနီးစပ် တူညီသည်ဟုလည်း သူကပင် ကောက်ချက်ချသည်။ မြန်မာ့ဒီမိုကရေစီရေး တစ်ခုတည်းသည်သာ (ယခုအချိန်အထိ) တတိယ လှိုင်းပုံစံတွင် ရှိနေဆဲဟု မှတ်ချက်ပြုသည်။ သို့တစေ “ဘယ်ဘက်ကို ဦးတည်သွားမည်၊ ဘာဖြစ်မည်” ဆိုသည်ကိုတော့ စောင့်ကြည့်ဖို့ လိုလိမ့်မည်ဟု ဆိုသည်။

အခြားသော ခေတ်ပြိုင် ပညာရှင် တစ်ဦးဖြစ်သူ မာ့ခ်အက်ဖ် ပလက်ထ်နာကမူ ယနေ့ခေတ်ပြိုင် ဒီမိုကရက် တိုက်ဇေးရှင်းတွင် ပြန်လည် ရေပန်းစားလာသော “တော်လှန်ရေး” အကောက်အယူများကို ထောက်ပြသည်။ ၁၉ ရာစုနှင့် ၂၀ ရာစု ရယ်ဒီကယ် တော်လှန်ရေးများကြောင့် အနောက်ကမ္ဘာနှင့် ပညာရပ် ဝန်းတွင်ကား “တော်လှန်ရေး” ဆိုသည်ကို သတိကြီးကြီး ထားနေကြပေပြီ။ တော်လှန်ရေးက ဒီမိုကရေစီထက် အာဏာရှင်စနစ်သို့ ဦးတည် သွားနိုင်သည်ကို အတွေ့အကြုံများအရ သဘောပေါက်ပြီး ဖြစ်သည်။ သို့တိုင် အရှေ့ဥရောပနှင့် အာရပ် နိုင်ငံများတွင်ကား တော်လှန်ရေးမှာ ငယ်ရုပ်ဆင်ဆဲ  ... ။

ဘယ်ဝယ် ဘယ်ဆီ

မကြာသေးခင်ကမှ မြန်မာနိုင်ငံမှ ပြန်ရောက်လာသော ပါမောက္ခ လာရီဒိုင်းမွန်းကလည်း မြန်မာ့ ဒီမိုကရေစီရေးနှင့် ပတ်သက်ပြီး ယခုလို မှတ်ချက်ပြုပါသည်။ “ယနေ့ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ၏ အဓိက လစ်ဟာချက်မှာ အစိုးရဘက်မှ “ပြုပြင် ပြောင်းလဲရေးသမားများ” (Reformers) နှင့် အတိုက်အခံဘက်မှ “သဘောထား ပျော့ပျောင်းသူများ” (Moderatres) ကြား မဟာဗျူဟာ သဘောဆောင်မည့် “နိုင်ငံရေး ပဋိညာဉ်” တစ်ရပ် မချမှတ် နိုင်သေးခြင်းပင် ဖြစ်သည်၊ ဤသို့သော နိုင်ငံရေး ပဋိညာဉ် မရှိလျှင် အပြောင်းအလဲမှာ ချောမွေ့ဖွယ်ရာ မရှိ” ဟု ဆိုသည်။

အမှန်စင်စစ် မြန်မာ့ဒီမိုကရေစီရေးမှာ ထိလွယ် ရှလွယ်သော ကနဦး တံခါးဖွင့် အဆင့်မျှသာ ရှိပါသေးသည်။ ဤအဆင့်မှာပင် “အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေး” ဆိုသော စိန်ခေါ်ချက်ကြီးနှင့် ရင်ဆိုင်နေရသည်။ ပါမောက္ခက ပြောသော “နိုင်ငံရေး ပဋိညာဉ်” မရှိလျှင် အဆိုပါ စိန်ခေါ်ချက်ကို အေးအေးညောင်းညောင်း ကျော်လွှားဖို့ ခက်ခဲပါလိမ့်မည်။ ရယ်ဒီကယ် တော်လှန်ရေး အစွဲကြီးသော မြန်မာ့နိုင်ငံရေး ဓလေ့ကို နှလုံးသွင်း၍ နှစ်ဖက် ခေါင်းဆောင်များ ညှိနှိုင်း ဆွေးနွေး ကြစေလိုသည်။

ဤသို့တပြီကား ယနေ့မျက်မှောက် ပြုနေရသော ဒီမိုကရေစီ အပြောင်းအလဲများ (အရှေ့ ဥရောပ၊ အာရပ်ကမ္ဘာ၊ မြန်မာ) ၏ အနာဂတ်သည် ဘာဖြစ်မည်နည်း။ လက်ရှိ ကူးပြောင်းရေး ပါရာဒိုင်းမှ ခိုင်မာရေး ပါရာဒိုင်းသို့ တက်လှမ်း နိုင်ပါမည်လော ... ။ သို့တည်းမဟုတ် “နောက်ကြောင်းပြန် ပါရာဒိုင်း” သို့ လည်ထွက် သွားလေမည်လော ... ။ ပညာရှင်များက ပေးသော အဖြေမှာ “ဧကန်မဲ့မှု” (Uncertainity) ဟု ဆိုပါကြောင်း ... ။

စာညွှန်း - Recomsidering the Transition Paradigm (Journal of Democracy, Jan 2014)