ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ခက်ခဲစေသည်ဟု နိုင်ငံတကာမှ ပြောကြားနေသည့် ပုဒ်မ ၄၃၆ ကိုပြင်ဆင်ရန် လုပ်ကိုလုပ်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအတွင်းရေးမှူး ပြောကြား
ပို့စ်တင်ချိန်
- 2/20/2014 10:42:00 AM
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ခက်ခဲစေသည်ဟု နိုင်ငံတကာမှ ပြောကြားနေသည့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် လုပ်ကိုလုပ်ရမည်ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ဖေဖော်ဝါရီ ၁၉ ရက်တွင် လွှတ်တော်၌ သတင်းထောက်များအား ပြောကြားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ (က)ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ ပုဒ်မ ၃၄၆ (ခ)တွင်မူ ပုဒ်မခွဲ(က)တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ နှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က “၄၃၆ ဘယ်လိုပြင်ဖို့ဆိုတာ အခုမှ ဆွေးနွေးရမယ်၊ အထူးသဖြင့် ၄၃၆(က)ကကော ပြင်ဖို့ခက်တယ်လေ၊ ဒါကလည်း နိုင်ငံတကာကလည်း ပြောတာပဲ၊ ပြင်ဖို့အခက်ဆုံး ဆိုတာကို။ ပြင်ဖို့ခက်တာ ဆိုတာက ဘယ်နိုင်ငံပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ ဖွဲ့စည်းပုံကို ခိုင်မာအောင်လုပ်ထားတဲ့ သဘောပဲ၊ ဒါပေမယ့် ဘယ်လောက်ပြင်ဖို့ခက်ခက် ပြည်သူလူထုအပေါ်မှာ မူတည်တယ်၊ ပြည်သူ့ဆန္ဒပေါ်မှာ မူတည်ဆောင်ရွက်ရမယ်။ ၄၃၆(က)ခက်နေလို့ မလုပ်တော့ဘူးလားဆိုတော့ လုပ်ကိုလုပ်ရမှာပေါ့။ ၄၃၆ (ခ)ဆိုလည်း လုပ်ကိုလုပ်ရမှာ” ဟု ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုလွှတ်တော်နာယက ချမှတ်ပေးခဲ့သည့် မူဝါဒများတွင် ပါဝင်သည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ခြောက်လအလိုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီးဖြစ်ရမည်ဆိုသည့် အချက်နှင့် ပတ်သက်၍ နောက်မကျကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များတွင် ခြောက်လလုံး အလုပ်လုပ်ချိန်ရှိကြောင်း ထည့်သွင်းပြောကြားသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး ခြောက်လအလိုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်အောင် ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ မူဝါဒချမှတ် ပြောကြားထားသည်။
ဖေဖော်ဝါရီ ၁၈ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
EMG