စာမေးပွဲ
ပို့စ်တင်ချိန်
- 2/23/2014 07:28:00 PM
(ဆောင်းပါးရှင် - မျိုးကို)
ဒီကနေ့ သမိုင်းဖြေရသည်။ ပထမ တစ်ပုဒ်ကို ရှောရှောရှူရှူဖြေနိုင်၏။ သို့တိုင် ဖြေပြီးသည့်အချိန်မှာ နာရီကြည့်လိုက်တော့ တစ်နာရီတိတိ ကြာသွားပြီ။ နောက်တစ်ပုဒ်က အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲ။ အသေအချာကျက်ထားသော်ငြား စာက ရသလိုလို၊ မရသလိုလို။ ဘုရင်ခံလာ့ဒ်အမ်းဟတ်စ်လက်ထက်လား၊ လော့ဒ်ဒါလဟိုဇီလက်ထက်မှာလား။ အာသံ၊ မဏိပူရအရေးလား၊ ရန်ကုန်မြို့တော်ဝန် ဦးအုပ်က အင်္ဂလိပ်တွေကို ဒဏ်ရိုက်သည့်ကိစ္စလား။ မသေမချာ၊ မရေမရာ။ နောက်ဆုံး လော့ဒ်ဒါလဟိုဇီနှင့် ဒဏ်ရိုက်သည့်ကိစ္စကို ရွေးချယ်ပြီး စာတွေကိုမှတ်မိသမျှဖြေနေစဉ်မှာ အချိန်စေ့ခေါင်းလောင်းထိုးသည်။ သွားပြီဟု အကြီးအကျယ် စိတ်ဓာတ်ကျသွားချိန်မှာ...။
ဒါအိပ်မက်ပဲဟု သိလိုက်ရတော့ တော်တော်လေး နေသာထိုင်သာရှိသွားသည်။ ကလေးနှစ်ယောက်ရပြီးသည်အထိ စာမေးပွဲတ စ္ဆေကခြောက်လှန့်လို့ ကောင်းနေဆဲ။ စာမေးပွဲတစ္ဆေအခြောက်ခံရသည့်ညတွေ ယခင်ကလောက် မစိပ်တော့သော်ငြား စာမေးပွဲဖြေခါနီး အဆင်သင့်မဖြစ်သေးတာတွေ၊ ဖြေနေစဉ်မှာ စာမရလို့ သွေးပျက်ရတာတွေကတော့ အရင်အတိုင်းပါပဲ။ သေချာသည်ကတော့ စာမေးပွဲပုံရိပ်က နှလုံးသားမှာသာမက ဦးနှောက်ထဲအထိ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခြင်း။
သူငယ်တန်းစတက်သည်မှ လက်ရှိအချိန်ထိ ဖြေဆိုခဲ့ရသည့် စာမေးပွဲပေါင်းက မနည်းတော့။ ဖြေနိုင်သည်လည်း ရှိ၊ မဖြေနိုင်သည်လည်း ရှိ။ ဖြေနိုင်လျှင်ပျော်ပြီး မဖြေနိုင်လျှင် စိတ်ညစ်ရသည်ကတော့ လောကဓမ္မတာပဲ ထင်၏။ ဖြေဆိုပြီးသမျှ စာမေးပွဲထဲမှာ ငယ်စဉ်က ဖြေခဲ့ရသည့် ရှစ်တန်းစာမေးပွဲကို ကြည်ကြည်နူးနူး သတိရနေမိသည်။ ရွာမှာ အထက်တန်းကျောင်းမရှိသည်မို့ အတန်းတင်စာမေးပွဲကို မြို့ကျောင်းသွားပြီး ဖြေရ၏။ နာမည်ကြီးဘုရားပွဲတော်ကျင်းပသည့် ရက်များကျမှသာ တစ်နှစ်တစ်ခေါက် မနည်းရောက်ရသည့် တောမြို့ကလေးက ဘုန်းကြီးကျောင်းမှာ တစ်ပတ်၊ ၁၀ ရက်လောက်နေပြီး စာမေးပွဲဖြေရသည်ဆိုတော့ ရေငတ်နေတုန်း ရေတွင်းထဲကျသည့်နှယ် ပျော်လိုက်ရသည်ဖြစ်ခြင်း။နောက်ထပ်ပျော်စရာ စာမေးပွဲတစ်ခုကတော့ ဘွဲ့လွန်နောက်ဆုံးနှစ် စာမေးပွဲ။ ပျော်ရသည်ဆိုသော်ငြား ဖြေနေစဉ်တုန်းကတော့ ဆောက်တည်ရာမရခဲ့။ အထူးသဖြင့် နှုတ်ဖြေဖြေသည့်ရက်။ ဘွဲ့လွန်သင်တန်းတစ်လျှောက်လုံး စိပ်လာသည့်ပုတီးက နှုတ်ဖြေ စာမေးပွဲဖြေရမည့် မနက်ကျမှ ကောက်ကာ ငင်ကာ ပြတ်ကျသည်။
အဆောင်ပြန်ရောက်တော့ သတင်းကောင်း သိုးသိုးသံ့သံ့ကြားရ၏။ နောက်တစ်ရက် အားလုံးစာမေးပွဲဖြေအပြီး ညနေပိုင်းမှာ အောင်စာရင်းထွက်သည်။ အောင်ပြီ စာမေးပွဲ၊ ဖြစ်ပြီ အထူးကု။
မန္တလေးဆေးကျောင်းမှာ ဘွဲ့ကြိုသင်တန်း တက်သည့်နှစ်တွေကတော့ စာမေးပွဲများနှင့် နပန်းလုံးရင်း အချိန်ကုန်မှန်းမသိ ကုန်သွားသည်။ အဆိုးဆုံးကတော့ ဒုတိယနှစ်။ အင်္ဂလိပ်ကိုစပြီး ကျက်မှတ်ဖြေဆိုရသည့်နှစ်မှာပင် စာမေးပွဲတွေကမပြီးနိုင်၊ မစီးနိုင်။ အခန်းတစ်ခန်းပြီးတိုင်း တတ်မြောက်မှုစာမေးပွဲ စစ်သည်ဆိုတော့ နှစ်ပတ် တစ်ခါလောက် စာမေးပွဲဖြေနေရသည်။ နှစ်ဘာသာထဲရှိလို့သာ တော်တော့၏။ ဒီစာမေးပွဲရမှတ်တွေကို အတန်းတင်စာမေးပွဲမှာ ထည့်တွက်သည်ဆိုတော့လည်း မပေါ့ဆသာ။
ဒုတိယနှစ်ကို ကျော်လွန်ပြီးနောက်ဝယ် စာမေးပွဲတွေက ကိုယ့်အတွက် မဆန်းတော့သလို ဖြစ်လာသည်။
အလုပ်ဆင်းအပြီး အစိုးရအလုပ်ဝင်ဖို့အတွက် ဖြေရသော လူတွေ့စာမေးပွဲကတော့ အလွယ်ကူဆုံး ဖြစ်မည်ထင်၏။ ထိုစဉ်က မ၀င်မနေရစနစ်ဆိုတော့ အားလုံးအရွေးခံရဖို့ သေချာပြီးသား။ ဒီတော့လည်း လူတွေ့စာမေးပွဲက အာလာပ သလာပ လောက်နှင့်သာ ပြီးသွားသည်။လက်ထောက်ဆရာဝန်အဖြစ် လုပ်သက်နှစ်နှစ်ရလာတော့ စာမေးပွဲတွေကို လွမ်းနာကျကာ ဘွဲ့လွန်စာမေးပွဲ ၀င်ဖြေသည်။ ဥာဏ်က ခပ်ထိုင်းထိုင်းဆိုတော့ တစ်ကြိမ်တည်း နှင့်မအောင်။ နောက်တစ်နှစ် ဒုတိယအကြိမ်ထပ်ဖြေမှ အောင်သည်။
ထိုစဉ်ကလည်း တော်တော်လေး ရင်ခုန်ရပါ၏။ ရေးဖြေအောင် စာရင်းထွက်တော့ ဇနီးသည်၏ဇာတိ မြစ်ဝကျွန်းပေါ်သို့ ရောက်နေသည်။ ကံကောင်းထောက်မစွာပင် ထိုမြို့မှာတာဝန်ကျနေသော အပေါင်းအသင်းနှံ့စပ်သည့် တစ်ကျောင်းထဲထွက် သူငယ်ချင်းများထံမှတစ်ဆင့် ရေးဖြေအောင်သည်ကို သိရသည်။ နှုတ်ဖြေပြီးလို့ အပြီးသတ်အောင်စာရင်းထွက်ချိန်မှာတော့ တာဝန်ကျရာ စစ်ကိုင်းတိုင်းအထက်ပိုင်းက တိုက်နယ်ဆေးရုံလေးကို ပြန်ရောက်နေပြီ။
ဆက်သွယ်ရေးခက်ခဲသဖြင့် ခပ်လှမ်းလှမ်းက အော်တိုအိတ်ချိန်းရှိသောမြို့လေးသို့ ဇနီးသည်က ရထားစီးသွားကာ ရန်ကုန်ရှိ ဆေးသိပ္ပံပညာဦးစီးဌာနကို ဖုန်းဆက်မေးသည်။ ညပိုင်း ရထားဝင်လာတော့ ဇနီးသည်၏ အပြုံးမျက်နှာကို မြင်ရ၏။ ၀မ်းသာအားရ ကျွန်တော် ထခုန်သည်။
အခုတော့လည်း ကိုယ်တိုင်ကတော့ စာမေးပွဲနှင့်ဝေးသည်မှာ ဆယ်စုနှစ်တစ်ခု ကြာခဲ့ပြီ။ သူငယ်ချင်းအချို့ကတော့ စာမေးပွဲပင်လယ်ထဲမှာ ဆက်လက်မျောပါ ကူးခပ်ရင်း ပညာနှင့်ပတ်သက်၍ တစ်ဖက်ကမ်းခတ်ဖို့ ကြိုးစားနေကြဆဲ။ ပေါက်ရောက် အောင်မြင်သွားသူတွေရှိသလို အားလျှော့လက်မြှောက်သွားသူအချို့လည်း ရှိသည်။ မလျှော့သောဇွဲဖြင့် ဆက်လက်ကူးခပ်နေသူတွေကလည်း ဒုနှင့်ဒေး။ သူတို့ကိုတော့ “ပျံသာပျံပါ ရွှေဟင်္သာ” ဟု အားပေးလိုက်ချင်သည်။
ကျွန်တော်ကိုယ်တိုင်က စာမေးပွဲတွေကို နှုတ်ဆက်လိုက်သော်ငြား စာမေးပွဲနှင့် လုံးလုံးလျားလျား ကင်းကွာလို့မရသေး။ ငယ်ငယ်ရွယ်ရွယ်မှာ တစ်လတစ်ခါဖြေရသည့် စာမေးပွဲနှင့် အသားကျစပြုလာသော အလယ်တန်းကျောင်းသူ သမီးကြီးနှင့် စာမေးပွဲ၏အရသာကို ခုမှစလုံးရေစကာ တစ်ခါမြည်းဖူးထားသည့် သူငယ်တန်းကျောင်းသားတို့ကြောင့် စာမေးပွဲတွေကို တစ်စိတ်တစ်ပိုင်းတော့ ပါဝင်ပတ်သက်ပြီး ပံ့ပိုးကူညီနေရသေးသည်။
ယနေ့ခေတ်စာမေးပွဲက ကျွန်တော်တို့ခေတ်နှင့် မတူ။ ကျွန်တော်တို့တုန်းက မူလတန်းမှသည် တက္ကသိုလ်ဝင်တန်းအထိ ပထမအစမ်း၊ ဒုတိယအစမ်းနှင့် အတန်းတင်စာမေးပွဲဆိုပြီး စာသင်နှစ်တစ်နှစ်လျှင် သုံးကြိမ်တိတိ စာမေးပွဲဖြေရသည်။ အတန်းတင်စာမေးပွဲကို စာမေးပွဲကြီးဟုလည်း ခေါ်ကြ၏။ တစ်ကြိမ်ထက်တစ်ကြိမ် စာပိုများလာသည်ကလွဲ၍ တူညီတာတစ်ခုကတော့ စာမေးပွဲသုံးခုစလုံး ကြိုပြီး မေးခွန်းမသိရခြင်းဖြစ်သည်။ ပထမအစမ်းမှာ နှစ်အစမှ စာမေးပွဲကျင်းပချိန်အထိ သင်ပြီးသမျှ သင်ခန်းစာတွေထဲမှ ထုတ်နုတ်မေးသလို ဒုတိယအစမ်းမှာလည်း ထိုနည်းနှင်နှင်။ စာမေးပွဲကြီးကတော့ စာအများဆုံး။ စာမေးပွဲပုံစံက တက္ကသိုလ်ဝင်တန်းမှာ အစိမ်းသက်သက် ဖြစ်မနေဘဲ ကျင့်သားရသွားအောင် ရည်စူးထားဟန်တူသည်။
ဒီဘက်ခေတ်ကျတော့ ကျောင်းသားတွေ စာကျေစေရန်အလို့ငှာ လပတ်စာမေးပွဲတွေ မှန်မှန်လုပ်ပေးသည်။ နောက်နှစ်ဝက် စာမေးပွဲ နှစ်ခု။ ပထမနှစ်ဝက်စာမေးပွဲမှာ နှစ်စမှ နှစ်လယ်အထိ သင်ပြီးသမျှစာတွေကို ထုတ်နုတ်မေးသည်။
ဒုတိယနှစ်ဝက်စာ မေးပွဲမှာတော့ နှစ်လယ်မှ နှစ်ကုန်အထိ စာတွေကို မေး၏။ နှစ်အစကစာတွေကို ပြန်မမေးတော့။ တက္ကသိုလ်ဝင်တန်းရောက်တော့မှသာ ယခင့်ယခင် စာမေးပွဲများနှင့်မတူ တစ်မူထူးခြားစွာ တစ်နှစ်လုံးစာတွေကို အကုန်ပေါင်းပြီး ဖြေရသည်။
သည်မှာ ဇာတ်လမ်းစ၏။ စာနည်းနည်းလေးကိုပဲ ကျက်ပြီးဖြေလာရတော့ ကျောင်းသားတွေက များများကျက်၊ များများတွက်၊ များများလေ့ကျင့်ရမှာကို ပျင်းလာကြသည်။ စာနည်းနည်းပဲ ဖြေရသည်မို့ သင်္ချာလို ဘာသာရပ်မျိုးမှာပင် စဉ်းစားဥာဏ်မသုံးဘဲ အလွတ်ကျက်ဖြေတာတွေ လုပ်လာကြသည်။ သည်အထဲ အချို့ကျောင်းတွေမှာ ကျောင်းသားတွေကို မဟာကရုဏာတော်ထားပြီး လပတ်စာမေးပွဲလေးအတွက်ကိုပင် မေးခွန်းကြိုပေးထားတာတွေ လုပ်တတ်ကြ၏။ နှစ်ဝက်စာမေးပွဲကိုတော့ စစ်ချင်သလိုလို၊ မစစ်ချင် သလိုလို။ အချို့ကျောင်းတွေမှာ မသိကျိုးကျွန်ပြုပြီး နှစ်ဝက်စာမေးပွဲကို မစစ်ဘဲထားတာတွေရှိသည်။
ပိုဆိုးသည်က စာစီစာကုံးပြိုင်ပွဲများမှာပင် ခေါင်းစဉ်ကြိုပေးထားပြီးမှ ပြိုင်ပွဲဝင်ခိုင်းခြင်း ဖြစ်သည်။ ခေါင်းစဉ်ကြိုပေးသည်ဆိုကတည်းက ကျောင်းသားများ၏ အရည်အချင်းအစစ်အမှန်ကိုရဖို့ရာ တော်တော်ကလေး ခဲယဉ်းပါလိမ့်မည်။ ပြိုင်ပွဲအတွင်းက စာစီစာကုံးသည် ကျောင်းသား၏ စိတ်ကူးစိတ်သန်းဖြစ်ဖို့ထက် နောက်ကွယ်က မိဘ သို့မဟုတ် အနီးကပ်ဆရာ၏ လက်ရာဖြစ်ဖို့သာ များပါ၏။ တကယ်တော့ ကျောင်းသားက တလွဲဆံပင်ကောင်းနေသူတို့၏ အတ္တစိတ်ကူးကို ပုံဖော်ပေးရသည့် ရုပ်သေးရုပ်သာလျှင် ဖြစ်လိမ့်မည်။
ငယ်စဉ်က စာမေးပွဲသည် ကျောင်းသားများ၏ အရည်အချင်းကို အကဲဖြတ်ရာတွင် အကောင်းဆုံးစနစ် မဟုတ်ကြောင်း၊ အခြားသူ့ထက်ကောင်းသည့်စနစ် မပေါ်သေးသဖြင့်သာ စာမေးပွဲစနစ်ကို သုံးနေရခြင်းဖြစ်ကြောင်း ဆရာတွေပြောသည်ကို ခဏခဏကြားဖူးသည်။ အခုတစ်လော လူပြောများနေသည့် ကျောင်းသားဗဟိုပြုစနစ် မထွန်းကားသေးလျှင် နေပါစေ၊ စာမေးပွဲစနစ်ကိုအရင် ကျွန်တော်တို့ခေတ်က အနေအထားမျိုးလောက်ရောက်အောင် ကြပ်ကြပ်မတ်မတ် လုပ်နိုင်လျှင်ပင် သိပ်မဆိုးဟု ထင်ပါသည်။ အထူးသဖြင့် မေးခွန်းပေးပြီး ဖြေခိုင်းသည့်စနစ်ကို အရင်ဆုံးပျောက်အောင် ဖျောက်နိုင်လျှင် ကောင်းလေမလား။
“ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး” တဲ့။ ယနေ့လူငယ်တို့သည် နောင်တစ်ခေတ်ကို ပိုင်စိုးမည့်သူများ ဖြစ်ကြသည်။ နောင်တစ်ခေတ်၏ ခေါင်းဆောင်ဖြစ်လာမည့်သူများအား လမ်းမှားကိုမညွှန်ပြသင့်သလို အတွေးအခေါ်မှားတွေလည်း မသွတ်သွင်းသင့်ပါ။ ဘ၀မှာ ရင်ဆိုင်ကြုံတွေ့လာရမည့် ပြဿနာများ၊ အခက်အခဲများသည် နေရာမျိုးစုံ၊ အနေအထားမျိုးစုံမှ ပုံစံမျိုးစုံဖြင့် ပေါ်လာနိုင်ပါသည်။ မေးခွန်းကိုကြိုမသိနိုင်သလို အဖြေကို စာအုပ်ထဲမှာ ရှာလို့မရ။ ပြဿနာကြုံလာပါမှ ဖြေရှင်းနည်းမသိဘူးဆိုပြီး ဘွာခတ်လို့ မရစကောင်း၊ ရှောင်ပြေးလို့ မရစတမ်း။ မသိသည့်ပုစ္ဆာကို အဖြေညှိရမည်မို့ နောင်ရေးကို အရှည်တွေးလျက် ဖြေဆေးအလျင် အမြန်ရှာသင့်ပြီဟူ၍သာ။
(ယမန်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းခန်းအတွင်းသို့ ၀င်ရောက်နေသည်ကို တွေ့ရစဉ်)
Eleven Media Group