ဘဏ်၊ အခွန်၊ အာမခံ

ပို့စ်တင်ချိန် - 2/23/2014 07:33:00 PM




(ဆောင်းပါးရှင် - မိုးတင့် (ရန်ကုန်တက္ကသိုလ်))

မြန်မာနိုင်ငံတိုးတက်ရေးအတွက် အဓိကအဟန့်အတားတစ်ခုထဲမှာ ဘဏ်စနစ်လည်းပါတယ်။ မြန်မာနိုင်ငံဘဏ်စနစ်က နိုင်ငံတကာအဆင့်မပြောနဲ့ ဒေသတွင်းအဆင့်တောင် မရှိဘူးလို့ ပြောလို့ရပါတယ်။ ပြည်တွင်းဘဏ်လုပ်ငန်းရှင်တွေကို အကာအကွယ်ပေးလွန်းတယ်လို့ မြင်မိတယ်။

ပြည်တွင်းဘဏ်ပိုင်ရှင်တွေက ခရိုနီလို့ခေါ်တဲ့ အရင်အစိုးရလက်ထက်က အာဏာရှင်တွေနဲ့ နီးစပ်တဲ့သူတွေဖြစ်နေလို့ မထိရဲမကိုင်ရဲ ဖြစ်နေတာလား၊ ထိရကိုင်ရဖို့ တာဝန်ရှိတဲ့သူကိုယ်တိုင် အကျိုးအမြတ်ရနေလို့လား၊ ဘယ်လိုစလုပ်ရမလဲမသိလို့လား မပြောတတ်ပါ။ ခေတ်နောက်ကျတာထက်ကို ပိုနေတယ်လို့ ယူဆပါတယ်။

ဘဏ်တိုးနှုန်းတွေ 2 Digit အထိယူခွင့်ပေးထားတာ၊ ပုဂ္ဂလိကဘဏ်တွေကို လုပ်ပိုင်ခွင့်မပေးထားတာ၊ နိုင်ငံတကာဘဏ်တွေ ပြည်တွင်းကိုဝင်လာဖို့ အားမပေးတာ၊ ဥပဒေတွေတင်းကျပ်ထားတာ အစရှိသဖြင့် ဗဟိုဘဏ်ရဲ့အာဏာစက်က တိုးတက်ဖို့အရှိန်ယူနေတဲ့ နိုင်ငံအတွက် အဟန့်အတားဖြစ်နေစေပါတယ်။ ဗဟိုဘဏ်က ငွေကြေးဖောင်းပွမှုနဲ့ယှဉ်ပြီး ဖွင့်ချပေးလိုက်ရမှာကို မရဲမတင်းဖြစ်နေတယ်။ သတ္တိရှိရှိ Sacrifice လုပ်ဖို့ မ၀ံ့မရဲဖြစ်နေတယ်။

ငွေကြေးဖောင်းပွမှုကတော့ ရှိနေမှာပါပဲ။ အတိုင်းအတာတစ်ခုအထိလည်း ရှိနေရဦးမှာပဲ။ ဗဟိုဘဏ်က သီးခြားရပ်တည်ပြီး သမ္မတရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်ရောက်သွားရင် သမ္မတရဲ့အကြံပေးအဖွဲ့တွေရဲ့ အတွေးအခေါ်တွေနဲ့ အဲဒီငွေကြေးဖောင်းပွမှုတွေကို စနစ်တကျထိန်းချုပ်ရမှာပဲ။ ငွေကြေးဖောင်းပွမှုကိုကြောက်လို့ တင်းကျပ်ထားတာတွေကို ဖြေလျှော့မပေးနိုင်သရွေ့ နိုင်ငံတကာဘဏ်တွေ မြန်မာနိုင်ငံမှာ လာဖွင့်ဖို့ခက်နေဦးမှာပဲ။ ပြည်တွင်းလုပ်ငန်းရှင်တွေ ရပ်တည်ဖို့အတွက် အတိုးနှုန်းတွေချမပေးရင် ပြည်သူတွေက အတိုးနှုန်းကြီးကြီးနဲ့ ချေးငွေယူပြီး အလုပ်လုပ်နေရဦးမှာပဲ။

လက်ရှိအတိုးနှုန်းရဲ့ ထက်ဝက်နဲ့တောင်လုပ်နိုင်တဲ့ နိုင်ငံတကာဘဏ်တွေကို လုပ်ခွင့်မရအောင် တင်းကျပ်ထားတော့ ပြည်သူတွေလုပ်ငန်းကို စိတ်ရှိသလောက် လုပ်လို့မရတော့ဘူး။ လုပ်လို့ရလာတဲ့ အကျိုးအမြတ်ကိုလည်း ဘဏ်တိုးတွေနဲ့ ပေးနေရတယ်။ ဘဏ်တိုးကိုက်အောင်ဆိုရင် အလုပ်ကိုဈေးနှုန်းမြှင့်ပြီး အမြတ်တင်ရတယ်။ ဈေးနှုန်းမြင့်တော့ ၀ယ်လိုအားလျော့လာတယ်။

ဝယ်လိုအားလျော့တော့ ငွေကြေးလည်ပတ်မှုနှုန်းနည်းပြီး စီးပွားကျတယ်။ အဲတော့ အခွန်ရငွေနည်းတယ်။ ငွေကြေးလည်ပတ်မှုများအောင် အစိုးရက ဘတ်ဂျက်လိုငွေအတွက် ငွေအသစ်တွေရိုက်ထုတ်ကြတယ်။ ငွေအသစ်တွေ ရိုက်ထုတ်တော့ ငွေကြေးဖောင်းပွမှုဖြစ်တယ်။ ငွေကြေးဖောင်းပွမှုဖြစ်တော့ ဘဏ်အတိုးလျှော့မချဘူး။ ဂျာအေးသူ့အမေရိုက်ဇာတ်လမ်းပဲ ဖြစ်နေတယ်။

နိုင်ငံတကာဘဏ်တွေမရှိတော့ နိုင်ငံခြားကုမ္ပဏီတွေက ဒီနိုင်ငံမှာလာပြီး အလုပ်လုပ်ပြီးရတဲ့ မြတ်စွန်းလာတဲ့ငွေတွေကို သူ့နိုင်ငံကို ဘယ်လိုပို့မလဲ။ မြန်မာနိုင်ငံဘဏ်တွေက တစ်ခါတလေ (အမြဲတမ်းနီးပါး) တစ်ပတ်မှာ တစ်ခါပဲငွေထုတ်လို့ရတာတို့၊ ဘယ်လောက်ပဲ ထုတ်လို့ရတာတို့ဆိုတဲ့ ကန့်သတ်ချက်သိပ်များတယ်။ အဲတော့ လုပ်ငန်းကြီးကြီးလုပ်မယ့်လုပ်ငန်းက အတော်အတန်ကြီးကြီးလုပ်မယ့်၊ လုပ်ငန်းအလတ်အစားလုပ်မယ့် နိုင်ငံခြားကုမ္ပဏီတိုင်းက ယုံကြည်စိတ်ချရတဲ့ နိုင်ငံတကာဘဏ်အနည်းဆုံးတစ်ခုတော့ လိုချင်တာ သဘာဝကျပါတယ်။

မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုဖြစ်တာကို ဘယ်လိုကုစားလို့ရမလဲလို့ သမ္မတရဲ့အကြံပေးအဖွဲ့က ဒေါက်တာဇော်ဦးကို BBC က အင်တာဗျူးတဲ့အခါ ဒေါက်တာဇော်ဦးက အခွန်တိုးကောက်မယ်လို့ ဖြေသွားတယ်။ အဲတော့ ဘဏ်လုပ်ငန်း၊ ငွေကြေးဖောင်းပွမှုနဲ့ အခွန်ဆက်စပ်လာပြီ။

အခွန်ကို စိတ်ကူးရှိတိုင်း ထကောက်လို့မရပါဘူး။ အခွန်တိုးကောက်ဖို့ အမိန့်ပေးလိုက်ရင် အခွန်အရာရှိတွေ ပိုချမ်းသာသွားပြီး ပြည်သူတွေ ပိုဒုက္ခရောက်ကာ နိုင်ငံတော်မဖြစ်စလောက်ကလေး အခွန်တိုးရလာမှာပါ။ Sky Net လို၊ Family Entertainment တို့လို မီဒီယာကို Monopolize လုပ်ထားတဲ့ အကျိုးအမြတ်များလွန်းလှတဲ့ ကုမ္ပဏီကြီးတွေ၊ ဦးပိုင်တို့ MEC တို့လို ကုမ္ပဏီတွေကို အခွန်လွတ်တို့ လျှော့ပေါ့ခွန်တွေပေးထားပြီး အလတ်တန်းစားတွေကို နာလန်မထူနိုင်အောင် အခွန်နဲ့နှိပ်စက်မယ်ဆိုရင် တိုင်းပြည်တိုးတက်ဖို့ အထောက်အကူမပြုနိုင်ပါဘူး။

တကယ်မကုန်သင့်ဘဲကုန်နေတဲ့ ၀န်ကြီးဌာနတွေ၊ စစ်ဘက်အဖွဲ့အစည်းတွေ အရပ်ဘက်အဖွဲ့အစည်းတွေကို အရင်စိစစ်သင့်တယ်။ ၀န်ကြီးတိုင်းကိုလည်း ကိုယ့်ဝန်ကြီးဌာန ကိုယ်တာဝန်ယူလုပ်ဖို့ဆိုတဲ့ မူဝါဒလည်း ပြန်လည်ဆန်းစစ်သင့်တယ်။ ပြောချင်တာက ၀န်ကြီးဌာန၀င်ငွေတွေကို ၀န်ကြီးနဲ့အထက်အရာရှိကြီးတွေ တိုက်ရိုက်ကိုင်တွယ်တဲ့စနစ်ကို ဖျက်သိမ်းသင့်တယ်။ ဥပမာ-မော်တော်ယာဉ်စည်းကမ်းကြောင့် လိုင်စင်သိမ်းပြီး ဒဏ်ငွေကျနေတဲ့ နေ့စဉ်သိန်းပေါင်းမြောက်မြားစွာကို ဘယ်သူတွေ စီမံခန့်ခွဲနေလဲ။ အစရှိသဖြင့် ယိုပေါက်တွေကို လိုက်ပိတ်ရမယ်။ ပြည်သူဆီက အခွန်ငွေပိုကောက်တယ်ဆိုတာ နောက်ဆုံးဆေးခါးကြီးပဲ။ ဆေးခါးကြီးမတိုက်ခင် တခြားနည်းတွေကို လေ့လာပါဦး။ ဒါပေမဲ့ အချိန်တော့ သိပ်မရတော့ဘူး။

အခွန်ကိစ္စကို ပြောပြီးရင် အာမခံကိစ္စ။ အာမခံကို ပုဂ္ဂလိကကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပေးထားတယ်ဆိုပေမယ့် ဗဟိုကချုပ်ကိုင်ထားတုန်းပဲ။ မြန်မာနိုင်ငံတာဝန်ရှိသူတွေက အပေါ်ကချုပ်ကိုင်ထားတဲ့ ကြိုးနီစနစ်ကို တော်တော်ကြိုက်ကြတယ်။ ငွေကြေးအမြတ်အစွန်းပိုရပြီး ပုဂ္ဂလိကကုမ္ပဏီတွေ လုပ်ချင်တာတွေကို လုပ်ပိုင်ခွင့်ပေးမထားဘူး။

ဒီမိုကရေစီစနစ်မှာ အစိုးရက စီးပွားရေးလုပ်စရာမလိုတော့ဘူး။ အခွန်အကောက်နဲ့ပဲ ရပ်တည်ရမှာ။ အခုက အကူးအပြောင်းကာလဆိုပြီး အစိုးရစီးပွားရေးလုပ်နေတာကို ဆွေးနွေးနေရတာပဲ။ အစိုးရစီးပွားရေးလုပ်ပြီး အစိုးရ၀န်ထမ်းတွေချမ်းသာတဲ့ တိုင်းပြည်ပဲဖြစ်လို့ မရဘူး။

အာမခံလုပ်ငန်းဆိုတာ အလျော်ပဲ။ လောင်းကစားဆန်တယ်။ နိုင်ရင်စားလိုက်၊ ရှုံးရင်ပေးလိုက် ရှင်းရှင်းလေးပဲ။ ဒါပေမဲ့ မြန်မာ့အာမခံလုပ်ငန်းက စားချင်တယ်။ ပြန်မပေးချင်ဘူး။ လူသေတာတောင် လျော်ကြေးငွေက ၁၀ သိန်းပဲ ပေးလျော်တယ်။ တစ်ဒေါ်လာကို ခြောက်ကျပ်နဲ့တွက်ပြီး လျော်သလိုလျော်နေတော့ တော်တော်ကြီး စွန့်စားလိုက်ရသလိုဖြစ်နေတယ်။ ခေတ်နဲ့မညီတော့ဘူး။

အဲတော့ ပုဂ္ဂလိကကုမ္ပဏီတွေကလည်း သိန်း ၂၀ လောက် လျော်ကြေးပေးတာကို တခမ်းတနားနဲ့ သတင်းစာတွေထဲမှာ ဓာတ်ပုံတွေနဲ့ ဖော်ပြနေကြတယ်။ ဒီခေတ်မှာ သိန်း ၂၀ဆိုတာလည်း ဘာမှဟုတ်တိပတ်တိရှိတာ မဟုတ်ဘူး။ ကားတစ်စီးကို ဂျပန်နိုင်ငံမူလပေါက်ဈေး ၁၀ သိန်း ၁၅ သိန်းလောက်နဲ့ ရောင်းချပေးနိုင်ရင်တော့ မဆိုသာဘူးပေါ့။

အာမခံလုပ်ငန်းကို တွင်ကျယ်လာအောင် လုပ်ပေးနိုင်ရင် အာမခံထားလာကြလိမ့်မယ်။ လိုအပ်ရင် အာမခံမထားမနေရ (မော်တော်ကားတွေလို) ဥပဒေထုတ်သင့်ရင်ထုတ်ရမှာပဲ။ အာမခံဆိုတာလည်း တစ်နည်းဆိုရရင် အခွန်ကောက်တာပဲ။ ကုမ္ပဏီတွေဘက်က လျော်ရမယ်ဆိုရင်လည်း ထိရောက်မှုရှိဖို့တော့ လိုအပ်ပါတယ်။ ဒါတော့ အရေးကြီးတယ်။ အခွန်စနစ်အောင်မြင်ဖို့ အာမခံစနစ်နဲ့ စသွားလို့ရတယ်။ လူတွေက ကိုယ်ပေးလိုက်တဲ့အခွန်ငွေတွေ ဘယ်ရောက်သွားသလဲလို့ဆိုတာထက် အလျော်အစားရှိတဲ့ အာမခံကိစ္စကို ပိုစိတ်ဝင်စားလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာ တိုင်းပြည်ဖွံ့ဖြိုးဖို့က အဓိကကျနေတယ်။ ပြည်သူတွေ လုပ်စရာရှိရင်၊ စားစရာရှိရင်၊ နေစရာရှိရင် ဘာပြဿနာမှ ဖြစ်လာမှာမဟုတ်ဘူး။ အဲဒီလိုဖြစ်ဖို့က တိုင်းပြည်က ဖွံ့ဖြိုးနေဖို့လိုတယ်။ ခေတ်စကားနဲ့ပြောရရင် ဂဏန်းငြိမ်ဖို့လိုတယ်။ ကဏန်းငြိမ်တယ်ဆိုတာ သေချာတိကျတာကို ပြောတာ။ အခုက ယောင်ဝါးဝါးနဲ့ စမ်းသပ်နေကြတယ်။ ဆေးခါးကြီးပဲ တိုက်ချင်နေကြတယ်။

ဘဏ်လုပ်ငန်းက အရေးကြီးတယ်ဆိုတာ အရိပ်အမြွက်လောက်ရေးပြထားလို့ သိတန်သလောက်သိနိုင်ပါတယ်။ အဲတော့ ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲဖို့ဆိုတာကို ခန့်မှန်းနိုင်လောက်မယ် ထင်ရတယ်။ ဘဏ်လုပ်ငန်းဖြေလျှော့ပေးလိုက်လို့ နိုင်ငံတကာဘဏ်တွေ လုပ်နိုင်ပြီး လာလုပ်လို့ နိုင်ငံတကာယုံကြည်ရတဲ့ ဘဏ်တွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ၀င်ရောက်လာလို့ ပြည်သူတွေ အတိုးနည်းနည်းနဲ့ ချေးငွေယူပြီး အလုပ်တွေလုပ်လာနိုင်လို့ အလုပ်အကိုင်အခွင့် အလမ်းတွေများလာလို့ သာမန်ပြည်သူတွေ ၀င်ငွေကောင်းလာလို့ ၀ယ်လိုအားများလာလို့၊ တိုင်းပြည်ဖွံ့ဖြိုးလာလို့၊ ငွေကြေးဖောင်းပွမှု တွေကျဆင်းသွားလို့ ...။

ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်လာအောင်နဲ့ တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် ဘဏ်လုပ်ငန်းက အချက်အလက်တစ်ခုပဲ ဖြစ်ပါသေးတယ်။ တခြားကိစ္စတွေလည်း ကျန်ပါသေးတယ်။

(ဂျပန်နိုင်ငံရှိ တိုကျိုစတော့အိတ်ချိန်းတစ်ခုကို တွေ့ရစဉ် ((ဓာတ်ပုံ) နွဲ့ယဉ်အေး))

Eleven Media Group