အခြားတစ်ဖက်မှ အသံ
ပို့စ်တင်ချိန်
- 2/19/2014 05:41:00 PM
(Written by: ချစ်ဝင်းမောင်)
ဒီကရေစီဆိုသည်မှာ “မတူကွဲပြားမှုများကို လက်ခံခြင်း” ဖြစ်သည်။ တစ်နည်းအားဖြင့် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ဖြင့် အတူတကွ နေထိုင်ခြင်းဖြစ်သည်။ ကွယ်လွန်သူ စာရေးဆရာကြီး ဒဂုန်တာရာကတော့ “ဗဟုဝါဒ” ဟု တွင်တွင်သုံးခဲ့ဖူးသည်။ ဒီမိုကရေစီတွင် “အသံ” ပေါင်းစုံရှိသည်။ အသံတွေ ပေါင်းစုံနေသဖြင့် တစ်ခါတစ်ရံ ဆူညံနေတတ်သည်။ ဟိုကတစ်သံ၊ ဒီကတစ်သံ၊ ဒီမိုကရေစီ၏ သဘောသဘာဝမှာ ဤအတိုင်းဖြစ်သည်။ မတူကွဲပြားသော လူ့အဖွဲ့အစည်းထဲမှာ အသံတစ်သံတည်းပဲ ထွက်ခွင့်ရှိနေလျှင် ဒီမိုကရေစီ ဆိတ်သုဉ်းသွားပြီ။
လွန်ခဲ့သည် နှစ်ပေါင်း ၅ဝ ကာလအတွင်း ကျွန်တော်တို့သည် အသံတစ်သံတည်းကိုသာ ကြားခွင့်ရခဲ့သည်။ အာဏာရှင်စနစ်ဖြင့် ကြီးစိုးအုပ်မိုးသော လူ့အဖွဲ့အစည်းများတွင် အသံများများ ကြားခွင့်မရပါ။ အထက်ကညွှန်ကြားသော၊ မိန့်မှာသော အသံတို့ကိုသာလျှင် လူ့အဖွဲ့အစည်းက လက်ခံချင်ချင် မခံချင်ချင် မျိုသိပ်လက်ခံကြရသည်။ အခြားတစ်ဖက်က အသံကို ထွက်ခွင့်မရအောင် အာဏာဖြင့် ပိတ်ပင်ထားကြသည်။ သူရဲကောင်းဆန်ဆန် အံတုအသံပြုသူ တချို့တလေမှာ အာဏာရှင်တို့၏ ရက်စက်သော ကွပ်နှိပ်မှုကို ခံကြရလေသည်။
ယခု ကျွန်တော်တို့ ထိုက်သင့်သလောက် အသံထွက်ခွင့် ရကြလေပြီ။ သမ္မတကြီးကလည်း ဘိသိက်ခံမိန့်ခွန်းမှာပင် “မိမိတို့နှင့် အယူအဆ မတူသူများကိုလည်း မတူသည်များကို ဘေးဖယ်၍ တိုင်းပြည်အတွက် အတူတစ်ကွ လက်တွဲသွားမည်” ဟုပြောခဲ့သည်။ သည်လိုနှင့် ၂ဝ၁၂ အလွန် မြန်မာနိုင်ငံရေးမှာ အသံစုံလာသည်။ နောက်ကွယ်မှာ ဘယ်လိုနိုင်ငံရေးဗျူဟာတွေ ချထားသည် မသိနိုင်သော်လည်း ကမ္ဘာကြီးကတော့ “မြန်မာ့နွေဦး” ဟု ကင်ပွန်းတပ်ခဲ့သည်။ အာရှမှာရော၊ ကမ္ဘာမှာပါ ခေါင်းထောင်ထလာသော တရုတ်၏ အင်အားပါဝါကို ထိန်းညှိဖို့ မြေပြင်အနေအထား (Geopolitic) ကို ကြည့်လိုက်သောအခါ တစ်ကိုယ်တော် စူပါပါဝါ အမေရိကန်သည် မြန်မာနိုင်ငံကို တွေ့ရှိလိုက်သည်။ အခွင့်အရေးကို လက်လွှတ်မခံဘဲ ဆင်းရဲနွမ်းပါးပြီး အထီးကျန်အပစ်ပယ်ခံ နိုင်ငံထဲသို့ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံတစ်ခု၏ သမ္မတသည် Air Force One လေယာဉ်ကြီးနှင့်အတူ ဆင်းသက်ဝင်ရောက်လာခဲ့သည်။
ပြောင်းသွားခဲ့ပါပြီ။ စစ်အာဏာရှင်စနစ်အောက် နှစ်ပေါင်း ၅ဝ ကျော် နွံနစ်နေခဲ့သော ဤတိုင်းပြည်ကြီးမှာ တစ်နှစ်၊ နှစ်နှစ်အတွင်း မယုံနိုင်စရာ အပြောင်းအလဲတွေ ရှိခဲ့ပါပြီ။ ယခင်က အသံထွက်ခွင့်မရ၊ မျက်စိမှိတ်၊ နားပိတ်ခံထားရသော အခြေအနေမှ “အသံပေါင်းစုံ” ဆူဆူညံညံ ထွက်လာခဲ့ပါပြီ။ အတိုက်အခံဟု ခေါ်တွင်သော၊ ဆန့်ကျင်ဘက် အဖွဲ့အစည်းဟု စွပ်စွဲထားသော သူတို့ထံမှ အသံတွေကို ကြားရပါပြီ။ ထိုအသံများကို အဓိက သယ်ဆောင်ပေးသည်မှာ “မီဒီယာ” ဖြစ်သည်။ သမ္မတကြီးကိုယ်တိုင်ကလည်း မီဒီယာများ လွတ်လွတ်လပ်လပ် ရေးသာပြောဆိုခွင့်ကို အားပေးခဲ့သည်။
အတိုက်အခံ အင်အားစုတချို့ လွှတ်တော်ထဲ ရောက်လာသည်။ ဟိုယခင် ရော်ဘာတံဆိပ်တုံးလွှတ်တော် မဟုတ်တော့။ လွှတ်တော်ထဲမှာ ရဲရဲပြော၊ ရဲရဲဝေဖန်သူ (တစ်ဦးစ၊ နှစ်ဦးစ) ပေါ်လာသည်။ သို့သော် ပထမဦးဆုံး ပေါ်ထွက်လာသည့် လွှတ်တော်သည်လည်း မျှော်လင့်ထားသလောက် အလုပ်မဖြစ်။ မလုပ်၊ မရှုပ်၊ မပြုတ် ကိုယ်စားလှယ်၊ ရေလိုက်ငါးလိုက် ကိုယ်စားလှယ်၊ လက်ညှိုးထောင်ခေါင်းညိတ် ကိုယ်စားလှယ်တွေသာ အများစု နေရာယူထားသည်။ ဘာပဲဖြစ်ဖြစ် အသံတစ်သံတည်းထွက်သောလွှတ်တော် မဟုတ်တာတော့ သေချာလာသည်။
အသံတွေ များများထွက်ခွင့် ရလာသောအခါ ပြဿနာတွေ ပိုများလာသည် ထင်ရသည်။ တကယ်တော့ ပြဿနာတွေက နဂိုကတည်းက များပြီးသား။ အသံတစ်သံတည်း ထွက်ခွင့်ရခဲ့စဉ် အမိန့်ပေး၊ အာဏာပေးစနစ် ထွန်းကားစဉ်က ဖန်တီးခဲ့သော ပြဿနာတွေက အသံပေါင်းစုံ ထွက်ခွင့်ရသောအခါ လူထုရှေ့မှောက် ရောက်လာခြင်းဖြစ်သည်။ မြစ်ဆုံ၊ လက်ပံတောင်း၊ ကျောက်ဖြူ အစရှိသည့် တရုတ်၏ စီးပွားရေးနယ်မြေ ချဲ့ထွင်မှုခြေရာကြီးများ၊ မိမိနိုင်ငံထဲ ကတုတ်ကျင်းလာရောက်တူးနေသူများ ဘွားခနဲ ပေါ်လာသည်။ မတရားစာချုပ်များ၊ အဖိုးတန်ရတနာများကို အောက်ဈေးဖြင့်နှိုက်ယူမှုများ ပေါ်လာသည်။ သည်ဖြစ်ရပ်အားလုံး လူထုအသံထွက်ခွင့် မရခဲ့စဉ်က ကိုယ့်ဖို့တစ်ခုတည်းသာကြည့်ပြီး ကိုယ်ကျိုးရှာခဲ့သူလူတစ်စု၊ အာဏာရှင်တစ်စုက လုပ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ယခုတော့ “စာချုပ်” တွေကျန်နေပြီ။ သဘောတူညီချက်တွေ၊ ကတိတွေစာရွက်ပေါ်မှာ လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ သူတို့ကတော့ “စာချုပ်” ကို ကိုင်ထားပြီ။ ဘာပြောချင်သေးလဲ။ မြစ်ဆုံကိစ္စတွင် သမ္မတကြီးသည် “မိမိ၏ သမ္မတသက်တမ်းအတွင်း ဤစီမံကိန်းကို ရပ်နားသည်” ဟုပဲ ပြောထားသည်။ နောင်တက်လာမည့် သမ္မတက ဆက်ရှင်းဟု သောင်မတင်ရေမကျ လုပ်ထားသည်။ ဒါ့ကြောင့်လည်း စာချုပ်ကိုင်ထားသည့် တရုတ်ဘက်က ပြန်စဖို့ မကြာခဏ သွေးထိုးလာနေခြင်းဖြစ်သည်။ တရုတ်နှင့် မုံရွာလက်ပံတောင်း ကြေးနီစီမံကိန်းသည်လည်း ဟိုတချိန် အသံထွက်ခွင့်မရစဉ်က စာချုပ်ချုပ်ခဲ့ကြတာဖြစ်သည်။ ပွင့်လင်းမြင်သာမှု ဘာမျှမရှိခဲ့။ ယခုတော့ ရှင်းမရသည့် အကျိုးဆက်ကို ဒေသခံတွေရော၊ အာဏာပိုင်တွေပါ ခံစားနေရသည်။
နိုင်ငံအတွက် အလွန်နာကျင်ဖွယ်ကောင်းသော စီမံကိန်းတစ်ရပ်မှာ ကျောက်ဖြူ-ကူမင်း မဟာဗျူဟာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြီးဖြစ်သည်။ ယခု ထိုပိုက်လိုင်းကြီး ပြီးသွားပြီ။ မြန်မာ့ပင်လယ်ကြမ်းပြင်ကထွက်သော ဓာတ်ငွေ့တွေကို ယူနန်ပြည်နယ်သားတွေ သုံးစွဲနေကြပြီ။ တရုတ်တို့သည် ထိုပိုက်လိုင်းကြီးမျှသာ မဟုတ်ပါ။ ကျောက်ဖြူမှ ကူမင်းအထိ ရှည်လျားသော ရထားလမ်းစီမံကိန်းကိုပါ ရေးဆွဲစာချုပ် ချုပ်ဆိုထားခဲ့သည်။ ထိုဖြစ်ရပ်တွင် ပြည်သူတို့၏ သဘောတူညီချက်မပါ။ စာချုပ်ချုပ်ဆိုစဉ်က ပြည်သူတွေမှာ အသံထွက်ခွင့်မရ။ တရုတ်သည် အနာဂတ်စီးပွားရေး မဟာဗျူဟာကို စနစ်တကျ အကောင်ထည်ဖော်ရန် အလို့ငှာ အနောက်ဘက်တံခါးကို ဖွင့်ဖို့ကြိုးစားခဲ့သည်။ ဤမဟာဗျူဟာ အကောင်အထည်ပေါ်လာလျှင် အနောက်အာရှနှင့် အာဖရိက၊ ဥရောပ စီးပွားရေးမျက်နှာစာကို ချိတ်နိုင်မည်ဖြစ်သလို စစ်ရေးအရလည်း မဟာဗျူဟာမြောက် အနေအထားကို ရရှိသွားမည်။ သူတစ်ပါးနိုင်ငံက မဟာဗျူဟာကျကျ စဉ်းစားပြီး စာချုပ်တွေ ချုပ်ခဲ့သည်ကို မလည်မဝယ် စစ်အာဏာရှင်တစ်စုက သဘောထားကြီးစွာ လက်မှတ်ရေးထိုးခဲ့သည်။
ယခုတော့ သည်အကျိုးဆက်တွေကို ခံစားနေရပြီ။ နိုင်ငံ၏ ပြဿနာများစွာသည် ယခင်စစ်အာဏာရှင်စနစ်၏ ဆိုးမွေများဖြစ်နေသည်။ လယ်သိမ်း၊ မြေသိမ်း ပြဿနာတွေလည်း ယခင်စနစ်ဟောင်းက ဖြစ်ခဲ့သော ကိစ္စတွေဖြစ်သည်။ ဘာကြောင့်ယခုမှ ဆူဆူညံညံအသံတွေ ထွက်လာရသနည်း။ ဘာကြောင့်ယခုမှ၊ ဟိုမှသည်မှ မကျေနပ်မှုတွေ ဆန္ဒပြမှုတွေ ဖြစ်လာရသနည်း။ ဟိုတစ်ချိန် စစ်အာဏာရှင်ခေတ်က အသံထွက်ခွင့် မရခဲ့ကြသောကြောင့်ဖြစ်သည်။ အာဏာရှင်တို့သည် အခြားတစ်ဖက်က အသံများကို နားထောင်လေ့ မရှိကြပါ။ အခြားတစ်ဖက်က အသံများကို နားထောင်သည့် အလေ့အထ မရှိသရွေ့ ဒီမိုကရေစီဟု မခေါ်ဆိုထိုက်သေးပါ။
Eleven Media Group