ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေ ဘယ်လောက် စွမ်းမလဲ
ပို့စ်တင်ချိန်
- 2/22/2014 09:25:00 AM
ငွေကြေးခ၀ါချမှု, ဘဏ္ဍာရေး, ရာဇ၀တ်မှု, ပြစ်မှု,
ဘဏ္ဍာရေးဆိုင်ရာ ရာဇ၀တ်မှု လက္ခဏာများကို မည်သို့ သိရှိနိုင်ကြောင်း သေချာစွာ နားလည်ထားရန် လိုအပ်နေသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မကြာမီ မြန်မာနိုင်ငံတွင် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေတခု ပြဌာန်းနိုင်မည့် အသွင်ရှိနေသော်လည်း မြန်မာ နိုင်ငံသည် ဘဏ္ဍာရေးဆိုင်ရာ ရာဇ၀တ်မှုများ ထိန်းချုပ်ရေးအတွက် စိန်ခေါ်မှု အမြောက်အများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ကြာသပတေးနေ့က ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က အတည်ပြု ပေးခဲ့ပြီး အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ခုပေါင်းစပ်ထားသည့် ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက် တင်ပြလိုက်ပြီ ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်ကလည်း သဘောတူခဲ့လျှက် လက်မှတ်ရေးထိုး အတည်ပြုနိုင်ရန် အတွက် သမ္မတ ဦးသိန်းစိန်ထံသို့ ဆက်လက်ပေးပို့ရမည် ဖြစ်သည်။
ဥပဒေကြမ်း အရ ငွေကြေး ခ၀ါချမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ၁၀ နှစ် အထိ ထောင်ဒဏ်နှင့် ဒဏ်ငွေ ကျပ် သန်း ၅၀၀ ကျခံရမည်ဖြစ်သည်။ ထို့ပြင် အဆိုပါ ဥပဒေကြမ်းသည် မြန်မာနိုင်ငံကို ဂုဏ်သိက္ခာရှိစွာ ရင်းနှီးမြှုပ်နှံနိုင်သည့် နေရာ တခုဖြစ်လာရေးကို ဦးတည်၍ပြုလုပ်နေသော ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများထဲတွင် နောက်ဆုံး ပေါ်ပေါက်လာသည့် အချက်တခုဖြစ်ပါသည်။
ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်းရေးဆွဲရာတွင် ဦးဆောင်ပါဝင်ခဲ့သော ပြည်ထဲရေးဝန်ကြီးဌာန အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသူရိန်အောင်က ဥပဒေကြမ်းကို လက်ခံအတည်ပြုနိုင်ခြင်းက အလွန်အရေးပါ သည်ဟု ဆိုသည်။
“ဒါက မြန်မာနိုင်ငံအတွက် အရမ်း အရေးကြီးပါတယ်။ ၂၀၀၂ မှာပြဌာန်းခဲ့တဲ့ ဥပဒေက ဂယ်ပေါက်တွေ အများကြီး ရှိနေ ပြီးတော့ နိုင်ငံတကာ စံနှုန်းတွေနဲ့လည်း မကိုက်ညီပါဘူး” ဟု သူက ဧရာဝတီသို့ပြောသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စနစ်သည် အခြားကမ္ဘာ့နိုင်ငံများနှင် ပိုမိုပေါင်းစပ်နေပြီး ဘဏ်များနှင့် အစိုးရ ကဲ့သို့သော အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံရပ်ခြားမှ လာရောက်၍ ငွေကြေး ခ၀ါချခြင်းမျိုးကိုလည်း ထည့်သွင်းစဉ်းစား ရန် လိုအပ်လိမ့်မည် ဖြစ်ကြောင်း ငွေကြေးအသိုင်းအ၀ိုင်းအတွင်းမှာ ရှိနေသူများက ပြောကြသည်။
“မြန်မာနိုင်ငံမှာ ငွေကြေးခ၀ါချမှုကို စောင့်ကြည့် စစ်ဆေးတဲ့ စနစ်က အရမ်းအားနည်းပါတယ်။ မြန်မာနိုင်ငံမှာ ငွေကြေး ခ၀ါချလို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်” ဟု အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD) မှ အမှုဆောင်ဒါရိုတ်တာ ဦးစိုးသိန်းကပြောသည်။ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်း ဥပဒေ အဖြစ်သို့ ရောက်ရှိသည့်အခါ ထိရောက်မှု မည် ကဲ့သို့ ရှိနိုင်ကြောင်း သူ၏ ထင်မြင်ချက်ကို ဧရာဝတီက မေးမြန်းစဉ် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“အဲဒါက ဥပဒေရှိလာတာနဲ့ အရေးယူကျင့်သုံးဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်” ဟု ငွေကြေးခ၀ါချမှု ထိန်းချုပ်ရေး ဆောင်ရွက်ရာတွင် ရှိနိုင်သည့် အခက်အခဲများအကြောင်း ရှင်းပြရင်း သူက ထပ်ပြောသည်။ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD) ကို ယခင်စစ်အစိုးရမိသားစုဝင်များ နှင့် အလွန်နီးစပ်သူတဦး ဖြစ်သော မြန်မာလုပ်ငန်းရှင်ကြီး ဦးတေဇက ပိုင် ဆိုင်သည်။ ဦးတေဇသည် ယခုအချိန်အထိ အမေရိကန်နိုင်ငံ၏ အရေးယူ ပိတ်ဆို့မှုစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်။
ဥပဒေပြုရေးတွင် ပြုပြင်ပြောင်းလဲသည့် နည်းတူ ဘဏ္ဍာရေး အဖွဲ့အစည်းများရှိ တာဝန်ရှိသူများ၊ ၀န်ထမ်းများကြားတွင် ရှိလာနိုင်သော ငွေကြေးခ၀ါချမှုကို ပိုမို သတိထားသွားရန်လည်း လိုအပ်နေသည်။ ထို့ပြင် ဖြစ်နိုင်သည့် ဘဏ္ဍာရေးဆိုင်ရာ ရာဇ၀တ်မှုများ၏ လက္ခဏာများကို မည်သို့ သိရှိနိုင်ကြောင်းလည်း သေချာစွာ နားလည်ထားရန် လိုအပ်နေသည်။
“အစိုးရဌာနတွေနဲ့ အဆင့်မြင့်ဘဏ်တွေက တာဝန်ရှိသူတွေကတော့ သိကြပါတယ်။ ဒါပေမယ့် အောက်ခြေအဆင့်ကို ဘယ်တော့မှ ရောက်မလာဘူး” ဟု ကမ္ဘောဇ ကုမ္ပဏီ အုပ်စု၏ ဥပဒေ အကြံပေးပုဂ္ဂိုလ် ဦးဆက်လှိုင်က ရန်ကုန်မြို့တွင် ဗြိတိန်သံရုံးက ကြီးမှူးပြုလုပ်ပေးခဲ့သည့် ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဆိုင်ရာ သင်တန်းတွင် ပြောကြားခဲ့သည်။ ကမ္ဘောဇ ကုမ္ပဏီ အုပ်စု သည် မြန်မာနိုင်ငံ၏ အဓိက ဘဏ်ကြီးများထဲမှ တခုဖြစ်သည့် ကမ္ဘောဇဘဏ်၏ မိခင် ကုမ္ပဏီလည်း ဖြစ် သည်။
မြန်မာနိုင်ငံသည် ငွေကြေးခ၀ါချမှုနှင့် အခြား ဘဏ္ဍာရေးဆိုင်ရာ ရာဇ၀တ်မှုများ နှင့် ပတ်သက်၍ ခုခံအား နည်းပါးကြောင်း ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံးမှ သံရုံး ယာယီတာဝန်ခံ Matthew Hedges က သတင်းထုတ်ပြန်ချက်တခုတွင် သတိ ပေးခဲ့သည်။
“ဒါကို ဗြိတိန်နိုင်ငံက ကာကွယ်ပေးပါမယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ကာကွယ် ပေးနိုင်မယ့် မှန်ကန်တဲ့ စနစ်တခု အသေအချာရှိလာအောင်လို့ အတူတကွ လုပ်ဆောင်ပေးသွားပါမယ်” ဟု Matthew Hedges ကပြောကြားခဲ့သည်။
သင်တန်းတွင် ငွေကြေးခ၀ါချခြင်း အပါအ၀င် ဘဏ္ဍာရေးဆိုင်ရာရာဇ၀တ်မှုများ ကာကွယ် တိုက်ဖျက်ရေးကို ခြုံငုံပို့ချ ပေး ခဲ့ပြီး ရဲတပ်ဖွဲ့၊ အစိုးရ အရာရှိများနှင့် ဘဏ်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ လန်ဒန်မြို့ အခြေစိုက် လေ့ကျင့်ရေးနှင့် အတိုင်ပင်ခံ ကုမ္ပဏီတခုဖြစ်သည့် Governance and Risk က တာဝန်ယူသင်ကြားပေးခဲ့ခြင်းဖြစ်သည်။ နေပြည်တော် တွင်လည်း အလားတူ သင်တန်းမျိုး ဆက်လက်ပြုလုပ်သွားရန် ရှိကြောင်းလည်း သိရသည်။
ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်များ ရှိနေသော်လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး စီမံကိန်းအချို့ သည် ငွေကြေးခ၀ါချလိုသူများကို ဆွဲဆောင်သလိုဖြစ်နေခြင်း မျိုးလည်းရှိနေသည်။ မြန်မာအစိုးရနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့က ယမန်နှစ်က ထုတ်ပြခဲ့သော ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံကိန်းတရပ်တွင် လောင်းကစားလုပ်ငန်းများကို ဥပဒေနှင့် အညီလုပ်ကိုင်ခွင့်ပေးရေး အစီအစဉ် တခုပါဝင်နေသဖြင့် အငြင်းပွားမှုများ ရှိနေသည်။ မကာအို နှင့် စင်္ကာပူ နိုင်ငံ များကဲ့သို့ လောင်းကစားဖြင့် ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်ပြီး ၂၀၂၀ ခုနှစ် တွင် ကမ္ဘာလှည့်ခရီးသည် ၇ သန်းခန့် မြန်မာနိုင်ငံသို့ နှစ်စဉ် ရောက်ရှိလာနိုင်ရန် အစိုးရက မျှော်မှန်းထားသည်။
“ဘယ်လိုနည်းနဲ့ပဲကြည့်ကြည့် လောင်းကစားရုံ (Casino) တွေက အထူး သတိထားရမှာ ဖြစ်ပါတယ်” ဟု စီးပွားရေးလုပ်ငန်းများကို ဥပဒေရေးရာ အကြံပေးနေသည့် နယ်သာလန်နိုင်ငံ အခြေစိုက် Philip Sidney ကုမ္ပဏီမှ Gert Demmink ကပြောသည်။ သူက နယ်သာလန်ဗဟိုဘဏ်မှ ကြီးကြပ်ရေးဌာန အကြီးအကဲဟောင်းလည်း ဖြစ်ပါသည်။
မြန်မာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ ထိန်းချုပ်ထားသည့် ထိုင်းနှင့် တရုတ်နယ်စပ်ဒေသများတွင် လောင်းကစားရုံများကို ယခင်ကာလကြာမြင့်စွာကပင် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ထိုလောင်းကစားဝိုင်းများက မြန်မာ အစိုးရစစ်တပ် ကို နှစ်ပေါင်း ၇၀ နီးပါးဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည့် တိုင်းရင်းသား အဖွဲ့များအတွက် ရံပုံငွေ ရရှိနိုင်သည့် အရင်းအမြစ်များလည်း ဖြစ်သည်။ သို့သော်လည်း အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် ဒေသများတွင်မူ တားမြစ်ထားဆဲ ဖြစ်သည်။
“တကယ်လို့ လောင်းကစား လုပ်ငန်း လုပ်တော့မယ်ဆိုရင် FATF ရဲ့ စည်းမျဉ်းတွေနဲ့ ညီညွတ်မှုရှိမရှိ အရင်ဆုံး သေချာ အောင် လုပ်ရပါမယ်” ဟု Demmink က ရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ ဥပဒေ ပညာရှင်များ နှင့် အစိုးရ တာဝန်ရှိသူများကို ပြောကြားခဲ့သည်။ FATF ဆိုသည်မှာ ငွေကြေးဆိုင်ရာ စောင့်ကြည့် အရေးယူမှုအဖွဲ့ (The Financial Action Task Force) ကို ရည်ညွှန်းခြင်းဖြစ်ပါသည်။
FATF သည် နိုင်ငံတကာအစိုးရများ ပါဝင်သည့် အဖွဲ့အစည်းတခုဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် တည်ထောင် ခဲ့သည်။ ၎င်း၏ ရည် ရွယ်ချက်မှာ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်ကို ငွေကြေးခ၀ါချမှု၊ ဘဏ္ဍာရေးအကြမ်းဖက်မှုနှင့် အခြား ခြိမ်းခြောက်များမှ ကာ ကွယ် တိုက်ဖျက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းဆောက်ရွက်ချက်များ ထိရောက်မှုရှိအောင် မြှင့်တင် ပေး နိုင်ရန်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ထိရောက်သော ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး စနစ်ကို အကောင်အထည်ဖော်ရာတွင် တွေ့လာနိုင်သည့် အခြားဟာကွက်များလည်း ရှိနေသည်။ ထိုင်း၊ မလေးရှား စသည့် နိုင်ငံများတွင် သွားရောက် အလုပ် လုပ်ကိုင်နေကြ သူများသည် ၎င်းတို့၏ မိသားစုများထံ ငွေပြန်ပို့ရန် မြန်မာနိုင်ငံတွင် ပြည့်စုံသော ဘဏ်စနစ်မရှိသည့် အတွက် ဟွန်ဒီ ဟု ခေါ်သည့် တရားမ၀င် ငွေလွှဲသည့်လမ်းကြောင်းကို မှီခို အားထားနေကြရသည်။
“အဲဒါက ငွေကြေးခ၀ါချမှုလို့တော့ ကျနော် အတိအကျ မပြောနိုင်ပါဘူး။ ဒါပေမယ့် လုပ်ပိုင်ခွင့် လိုင်စင်ချပေးတာမျိုး ရှိသင့်ပါတယ်။ ငွေလွှဲတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ နေရာတွေမှာ စောင့်ကြည့်လေ့လာတာနဲ့ ကြီးကြပ်တာလည်း လုပ်ရပါမယ်” ဟု Demmink က ဧရာဝတီသို့ပြောသည်။
“လိုင်စင်မရှိဘဲ၊ စီမံခန့်ခွဲနိုင်ခြင်းမရှိဘဲ လုပ်တာက အန္တရာယ်များပါတယ်” ဟု ဟွန်ဒီ စနစ်နှင့် ပတ်သက်၍မေးသည့် အခါ သူက သတိပေးလိုက်သည်။
“ကျေးလက်ဒေသမှာ နေထိုင်တဲ့ ပြည်သူတွေက တရားဝင်ဘဏ်စနစ်နဲ့ ဘယ်လို ဆက်ဆံလုပ်ကိုင်ကြမှာလဲ” ဟု အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ဦးသူရိန်အောင်ကပြောသည်။ တရားဝင် ဘဏ်စနစ်၏ လုပ်ဆောင်နိုင်မှု အားနည်း ချက်များ ကြောင့် ဟွန်ဒီကဲ့သို့သော တရားမ၀င် ငွေလွှဲစနစ်သည် ကျေးလက်ဒေသတွင် နေထိုင်ကြသူများအတွက် နိုင်ငံရပ်ခြားမှ မိသားစုဝင်များ ပေးပို့သည့် ငွေကြေးများ လက်ခံရရှိနိုင်ရေးတွင် အဓိကနေရာမှ ပါဝင်နေဆဲဖြစ်သည် ဟု သူက ထပ်ပြောသည်။
ပြီးခဲ့သည့် လများအတွင်းတွင် သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော် ဥက္ကဌဦးရွှေမန်းတို့က ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး ဥပဒေ ပြဌာန်းနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြသည်မှာ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး အားထုတ်မှုများတွင် တိုး တက်မှုများပြသနိုင်ရန် နိုင်ငံတကာက ဖိအားများလည်း ရှိနေသည့်အတွက်ဟု ယူဆရပါသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလ တွင် FATF အဖွဲ့က မြန်မာနိုင်ငံအပါအ၀င် နိုင်ငံ ၁၁ နိုင်ငံကို နိုင်ငံတကာ ဘဏ္ဍာရေး စနစ် ကို ကာကွယ်ရာ၌ ငွေကြေးခ၀ါချမှုဆန့်ကျင်ရေး (AML) နှင့် အကြမ်းဖက်လုပ်ငန်းများသို့ ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေး (CFT) လုပ်ငန်းများ အားနည်းချက်များရှိနေသည့် အန္တရာယ်ရှိသော နိုင်ငံများ အဖြစ် ထုတ်ပြန် ကြေညာ ခဲ့သည်။ စာရင်းထဲတွင် အဆိုးဆုံးမှာ အီရန်နှင့် မြောက်ကိုရီးယားနိုင်ငံဖြစ်ပြီး ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုအတွက် ငွေကြေး ထောက်ပံ့ခြင်းများ ဆက်လက်တိုးတက် ရှင်သန်နေဆဲ နိုင်ငံများ အဖြစ် သတ်မှတ်ကြေညာခဲ့သည်။
FATF ၏ အဖွဲ့ဝင် ၃၄ နိုင်ငံထဲတွင် မပါဝင်သော်လည်း ၎င်းနှင့် ဆက်စပ်နေသော အာရှ/ပစိဖိတ် ငွေကြေးခ၀ါချမှု တိုက် ဖျက်ရေးအဖွဲ့(APG) ၏ အဖွဲ့ဝင်ဖြစ်သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် APG နှင့် နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) တို့မှ ပူးပေါင်းကိုယ်စားလှယ်အဖွဲ့ တဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး ဥပဒေသစ်တခု လျှင်လျှင်မြန်မြန် ပြဌာန်းရန် အကြံပြုခဲ့သည်။ “မြန်မာနိုင်ငံရဲ့ ငွေကြေးခ၀ါချမှုဆန့်ကျင်ရေး (AML) နှင့် အကြမ်းဖက် လုပ်ငန်းများသို့ ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေး (CFT) ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး APG နဲ့ FATF ရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းနိုင်ဖို့ ဖြစ်ပါတယ်” ဟု APG က ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး ဥပဒေ ပြဌာန်းရေး ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
ရှေ့နေချုပ် ရုံးမှ အမည်မဖော်လိုသူ အရာရှိတဦးက ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်း ကို ဥပဒေအဖြစ် အတည် ပြုနိုင်ရေးသည် ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ ပြုလုပ်မည့် FATF အစည်းအဝေး အတွက် အရေးပါကြောင်း နှင့် တိုးတက်မှု မရှိပါက FATF မှ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုများ ပြုလုပ်နိုင်သည် ဆိုသောသတင်းများ ကြားနေရကြောင်း ပြောသည်။
ဧရာဝတီ