ငါမကောင်း ငါ့ရေး
ပို့စ်တင်ချိန်
- 2/20/2014 07:27:00 PM
သတင်းထောက်
(Written by: ကျိုက်လတ်မိုးမြင့်)
“ငါမကောင်း ငါ့ရေး - ငါ့မိဖုရားမကောင်း ငါ့မိဖုရားရေး။ သတင်းနှင့်ပတ်သက်၍ နန်းတွင်းသို့ ဝင်-ထွက်စေ”
ဤကား လွန်ခဲ့သည့်နှစ်ပေါင်း ၁၅ဝ ကျော် မန္တလေးရတနာပုံ နေပြည်တော်တွင် ရရှိခဲ့သော သတင်းစာလွတ်လပ်ခွင့် ဖြစ်ပါသည်။
သတင်းထောက်သည် သတင်းကို စာအဖြစ်ဖော်ပြသည့် သတင်းစာပေါ်ဦးခေတ်ကပင် ရှိခဲ့၏။ သတင်းစာ၏သဘောမှာ နိုင်ငံတွင်း၌ ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်တို့ကို အုပ်ချုပ်သူတို့ သိရှိရန် တင်ပြသော၊ အုပ်ချုပ်သူတို့မှ တိုးတက်ကြီးပွားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နိုင်ရန် အများပြည်သူသို့ ချပြသော “ဟစ်တိုင်” ဖြစ်ပါသည်။ မြို့ပြ၊ ကျေးရွာ၊ ဇနပုဒ်မှ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပကတိ အခြေအနေ အရပ်ရပ်ကို ထောက်လှမ်းစုံစမ်း၍ တင်ပြရသည်မှာ သတင်းထောက်၏ တာဝန်ဖြစ်ပါသည်။
အမှန်တကယ် လိုက်နာရမည်များကို သတင်းစာကသိ၏။ အမှုအခင်း၊ တရားရုံးသတင်းများကို ရေးသားရာ၌ ဆင်ခြင်ရန် အချက်များ၊ တရားခံမမိသေးသော အမှုများ၌ ဆောင်ရွက်ရမည့် အချက်များကို သိရှိနားလည်ထားရသည်။ ထို့ကြောင့် ရာဇဝတ်မှုသတင်းထောက်၊ တရားရုံးသတင်းထောက်၊ နိုင်ငံရေးသတင်းထောက်၊ အထွေထွေသတင်းထောက်ဟူ၍ ခွဲခြားထားခြင်း ဖြစ်ပါသည်။
နံနက်စောစော အရေးကြီးသော ကိစ္စအတွက် အတွင်းဝန်ရုံးခန်း တစ်ခန်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများဆွေးနွေးနေသည့် အခန်းထောင့်တစ်နေရာ၌ လူတစ်ဦးရောက်နေ၏။ ဗိုလ်ချုပ်အောင်ဆန်းက လှမ်းမြင်လိုက်သည်။ ထိုသူမှာ သတင်းထောက်ဘရင်ဖြစ်သည်။ “ဟေ့ကောင်ဘရင် ဂက်ဒေါက်” ဟု အော်လိုက်သဖြင့် ထွက်သွားသည်။ ဥပဒေနှင့် အရေးယူ၍ ရနိုင်သော်လည်း မယူ။ နောင်အခါ ဗိုလ်ချုပ်ပေးသော “ဂက်ဒေါက်ဘရင်” ဟူ၍ နာမည်ကြီးသွားသည်။
လွတ်လပ်ရေးရပြီးစအချိန် သီတင်းကျွတ်၊ တန်ဆောင်တိုင်မီးထွန်းပွဲတွင် ဆူးလေဘုရားလမ်း၌ မုခ်ဦးကြီးများဖြင့် ကုမ္ပဏီများက ကြော်ငြာသည်။ ဝန်ကြီးချုပ်ဦးနုက လှည့်ပတ်ကြည့်ရှုသည်။ ဦးနုသည်းခံနိုင်ကြောင်း၊ ရေးကြ၊ သားကြ၊ ပြောကြ၊ ဆိုကြသည်။ ဒေါသဖြစ်သည့်ပုံကို ထည့်သွင်းဖော်ပြလိုသဖြင့် ကြေးမုံက သတင်းထောက်ရွှေမောင်အား တာဝန်ပေးသည်။ ဝန်ကြီးချုပ်က ပရိသတ်ကို ဦးဆောင်ပြီး လှည့်ပတ်ကြည့်သည်။ ရွှေမောင်က မျက်စိနောက်အောင် တစ်ကြိမ်မဟုတ်၊ နှစ်ကြိမ်မဟုတ်၊ ကြိမ်ဖန်များစွာ ကင်မရာတကားကားဖြင့် လုပ်လာသောအခါ စိတ်တွင်ခံပြင်းလာပြီး လက်ထဲမှကြိမ်တုတ်ဖြင့် ရွယ်လိုက်ရာ အမိအရရိုက်၍ နောက်နေ့သတင်းစာတွင် “သူလဲလေ လောကီသားပေမို့” ဟူသောစာဖြင့် ပုံကိုသုံးလိုက်ပါသည်။
နိုင်ငံတွင် အမြင့်ဆုံးပုဂ္ဂိုလ်၊ အများပြည်သူရှေ့တွင် နှောင့်ယှက်မှုအတွက် ဖမ်းဆီးအရေးယူ ထောင်ချနိုင်သော်လည်း မပြုလုပ်ခဲ့ပါ။
ထိုခေတ်က ပြည်သူ့လွှတ်တော်တွင် တစ်ဦးနှင့်တစ်ဦး လေးနက်မှုမရှိသော ပြက်လုံးတွေထုတ်နေသဖြင့် ကြေးမုံသတင်းစာမှ ဆရာဇဝနက “နမ်မကား ဝါးစကေး ပါလီမန်” ဟု ရေးလိုက်ရာ ကြေးမုံသတင်းထောက်ကို သတင်းယူခွင့် ပိတ်လိုက်ပါသည်။ ကြေးမုံတွင် ပါလီမန်သတင်းက ပါမြဲပါလျက်သာ။
ပါတီနှစ်ခု အပြိုင်ကြဲနေသောအချိန်၊ တစ်ဖက်နှင့်တစ်ဖက် အမှားစောင့်ပြီး အပြတ်လှဲနေသောအချိန်၊ နှစ်ဖက်တွင် ပါတီပိုင် သတင်းစာတွေက ရှိနေ၏။ ပါတီတစ်ခုတွင် တာဝန်ရှိသူတစ်ဦး၏ အငယ်အနှောင်းကိစ္စက ပေါ်လာသည်။ အယ်ဒီတာက သတင်းစာတွင် အပြည့်အစုံ ဖော်ပြနိုင်ရန်အတွက် နိုင်ငံရေးသတင်းထောက်အား တာဝန်ပေးလိုက်သည်။
နောက်နေ့နံနက် ပြိုင်ဘက်သတင်းစာများတွင် သတင်းအပြည့်အစုံ သုံးကော်လံမျှ ဝေဝေဆာဆာ ပါလာသည်။ ကြေးမုံတွင် ခြောက်လက်မခန့် ပုဒ်တိုကလေး။ သေချာစွာမှာလျက် ဤသို့ဖြစ်၍ မကျေမနပ်။ သတင်းထောက်အလာကို စောင့်နေ၏။ ညနေ ၃ နာရီခန့်တွင် သတင်းထောက်ရောက်လာ၏။
“လာပါဦး။ မင်း ဒီနေ့သတင်းစာတွေ ဖတ်ပြီးပလား”
“ဟုတ်ကဲ့ ဖတ်ပြီးပါပြီ”
“ဘာဖြစ်လို့ ဒီလိုဖြစ်တာလဲ”
“ကျွန်တော်က စားအိမ်သောက်အိမ်လိုမို့ သတင်းကို ချိုရေးလိုက်တာပါ”
“အေး - နေ့စဉ်ထုတ်နေတဲ့ သတင်းစာက အဲဒီပုဂ္ဂိုလ်နဲ့ မင်းတို့နှစ်ယောက်တည်းအတွက် မဟုတ်ဘူး။ သတင်းစာဖတ် ပြည်သူအားလုံးအတွက်။ သတင်းကို သတင်းလို မမြင်တတ်ရင် သတင်းစာမှာ မလုပ်နဲ့။ ဒါပဲ” ဟုပြောကာ အလုပ်ထုတ်မည်ဆို၍ ဝိုင်းဝန်းတောင်းပန်ကြရသည်။
သူ့ကျွန်ဘဝသတင်းထောက်
လွတ်လပ်ရေးမရမီ ဗြိတိသျှအင်္ဂလိပ်တို့ အုပ်ချုပ်မှုအချိန်။ ဘီအိုစီ၊ ဘုံဘေဘားမား ကုမ္ပဏီများ တန်ခိုးထွားနေ၏။ နိုင်ငံခြားကုန်သည်ကြီးများ အစည်းအဝေးကို ဘုရင်ခံဦးစီး၍ ဘုတ်ကလပ်တွင် လုပ်နေသောအချိန်။ တစ်ရက် ည ၁ဝ နာရီခန့်အချိန် သန်လျင်ရှိ ဘီအိုစီ ရေနံချက်စက်ရုံကြီး မီးလောင်သည်။ မီးတောက်မီးလျှံများမှာ အဝေးကပင် မြင်နေရ၏။
ရန်ကုန် ဘီအိုစီရုံးတွင် အဆင့်ဆင့်တာဝန်ရှိသူတွေ အလုပ်ရှုပ်နေ၏။ သတင်းထောက်လူငယ်တစ်ဦးက သတင်းထောက်ဖြစ်ကြောင်းပြော၍ မီးလောင်မှုသတင်းကိုမေးသည်။ မျက်နှာဖြူမန်နေဂျာကြီးက ခေါင်းမီးတောက်နေစဉ် လာမေးရပါမည်လားဟု မောင်းထုတ်သည်။ သတင်းထောက်လူငယ်က မေးမရသောအခါ ပြန်သွား၏။
“ယနေ့ည သန်လျင်ဘီအိုစီရေနံချက်စက်ရုံ မီးလောင်သဖြင့် ရန်ကုန်ဘီအိုစီရုံးချုပ် သတင်းသွားယူသည်။ မီးတောက်မီးလျှံတို့သည် ယခုသတင်းရေးချိန်ထိ လောင်လျက်ရှိရာ တန်ဖိုးမည်မျှ ဆုံးရှုံးမည်ဟု မခန့်မှန်းနိုင်ကြောင်း” ဟူ၍ သတင်းရေးကာပေးခဲ့ပြီး “ဘီအိုစီမှလာလျှင် ကျွန်တော့်အိမ်လိပ်စာ ပေးလိုက်ပါ” ဟုမှာပြီး ပြန်ခဲ့၏။
သတင်းထောက်က သူ့တပည့်တစ်ယောက်နှင့် ကင်းဘဲလမ်းတွင်နေသည်။ “မနက် ဘီအိုစီကလာလျှင် အိမ်ရှေ့မှာထိုင်ခိုင်းပြီးမှ ငါ့ကိုလာနှိုး” ဟုပြော၍ အိပ်သည်။ သူတွက်ထားသည့်အတိုင်းပင် မျက်နှာဖြူမန်နေဂျာကြီးကိုယ်တိုင်လာ၍ ဧည့်ခန်းတွင်ထိုင်နေ၏။ သတင်းထောက်က မျက်နှာသစ်ပြီးမှ အေးဆေးစွာသွားထိုင်သည်။ “ညကစိတ်လှုပ်ရှားနေ၍ ဆက်ဆံမှု မှားယွင်းသည်ကို တောင်းပန်ကြောင်း၊ အမှန်တကယ် ဆုံးရှုံးကုန်ကျသည့်ငွေကြေးမှာ ဤမျှရှိကြောင်း စာရင်းနှင့်တကွပေးသည်။ ဤသတင်းကို နောက်နေ့ထုတ် သတင်းစာတွင် ထည့်ပေးမည့်အကြောင်းပြောသည်။ (နောင်အခါတွင် သတင်းထောက်လူငယ်မှာ ထွန်းနေ့စဉ်ဦးထွန်းဖေဟု သိရပါသည်။)
၁၉၅ဝ ပြည့်နှစ်အလွန်တွင် လက်ဝါးသာသာခန့် “နီတိ” ကလေးတစ်ခု ထွက်သည်။ ပြုစုသူတို့မှာ နောင်အခါ ဦးဆန်းထွန်း (မန်းတက္ကသိုလ်) နှင့် မြန်မာပြည်စာအုပ်တိုက်မှ ဦးမြင့်ဆွေတို့ နှစ်ဦးပေါင်းထုတ်ဝေသည့် “သျှင်ဉာဏိဿရနှင့် မြင့်ဆွေနီတိ” ဖြစ်ပါသည်။
ထိုနီတိပါ အဆိုတစ်ခုမှာ “အာဏာကို လိုသလိုသုံးချင်လျှင် ဥပဒေကို ရှုပ်ရှုပ်ရေးထားပါ” ဟူ၍။
Eleven Media Group