သားလိမ္မာ
ပို့စ်တင်ချိန်
- 2/12/2014 12:06:00 PM
အဖေလုပ်သူဟာ အဖိုးရဲ့မြေပုံရှေ့မှာထိုင်ပြီး ၀မ်းနည်းစွာ ငိုကြွေးနေပါတယ်။ ဒါကို သားဖြစ်သူသုဇာတကမြင်တော့ အဖေ ရဲ့ သောကဖြေဖျောက်ဖို့အတွက် ပညာပေးရပါတော့တယ်။
သုဇာတဟာ နွားသေကြီးတစ်ကောင်ရှေ့မှာ ထိုင်ပြီး စိမ်းစိုတဲ့မြတ်ကို ကိုင်ကာ ငိုကြွေးနေလိုက်ပါတယ်။ “သား၊ မင်းဟာ အရူးလိုပဲ စိမ်းစိုတဲ့မြတ်ကို ရိတ်ပြီး အသက်ကင်းနေတဲ့နွားအိုကြီးကို စားပါ စားပါလို့ ဘာလို့ပြောနေတာလဲ။ မင်းကျွေး တဲ့မြက်ကြာင့်၊ မင်းတိုက်တဲ့ရေကြောင့် နွားဟာ ပြန်ထမလာနိုင်ပါဘူး။ တကယ်တော့ မင်းဟာ အခြားပညာမဲ့သူတွေလိုပဲ တယ်မိုက်တဲ့ကောင်ပဲ။”
“အဖေ၊ ဒီနွားမှာ မျက်စိ၊ ခြေ၊ ကိုယ်၊ ဦးခေါင်း၊ အမြီး အရင်တိုင်းတည်နေဆဲပါ။ ဒါကြောင့် အသက်ရှင်ကာ ပြန်ထ လာနိုင်သေးတယ်။ ဒါပေမယ့် အဖိုးရဲ့ ဦးခေါင်း၊ ခြေ၊ လက်၊ အရိုး အားလုံး မတွေ့ရတော့ပါဘူး။ မြေပုံစု၌ ငိုနေသော အဖေသည် သာလျှင် ပိုပြီး ပညာမဲ့ပြီး မိုက်သည်မဟုတ်ပါလော။”
ဒီတော့မှ အဖေလုပ်သူလည်း သတိဝင်လာပြီး “ထောပတ်ဖြင့် သွန်းလောင်းထားပြီး ရဲရဲတောက်နေတဲ့မီးကို ရေနဲ့ သွန်းလောင်းလိုက်သလို ထို့တူ သားဟာ ငါ့ရဲ့ အပူသောကကို ငြိမ်းအေးစေပြီတကား။ သား၊ အဖေ သောကငြိမ်း သွားပါပြီ။ သားရဲ့ တရားစကားကို ကြားလိုက်ရလို့ အဖေမပူဆွေးတော့ပါဘူး။ မငိုကြွေးတော့ပါဘူး။”
မြတ်စွာဘုရားရှင်သည် ထိုအကြောင်းကို သိတော်မူပြီး အောက်ပါအတိုင်း မိန့်တော်မူပါတယ်။
“သုဇာတဟာ ဖခင် ရဲ့ သောကကို ငြိမ်းအေးစေသလို ထို့အတူ သနားစောက်ရှောက်တတ်သော ပညာရှိဟာ အဖေရဲ့သောက၊ အခြားသော သူတွေ ရဲ့သောကကို ငြိမ်းအေးအောင် ပြုလုပ်ကြကုန်၏။”
ဒီအဖြစ်အပျက်လေးကို ကြည့်ပြီး မိမိတို့အားလုံးဟာ ၀မ်းနည်းလို့ ငိုမယ့်အစား လမ်းခွဲရခြင်းရဲ့ သဘောတရားကို သိအောင် လုပ်။ သောကခလုပ်မထိအောင် သတိနဲ့ဆင်ခြင်။ အမှန်သဘောကို မြင်ရင်ဖြင့် အပူပင် ရင်မှာမတောက်တော့ပဲ အေးချမ်းသော အရသာစစ်ကို ခံစားရပါလိမ့်မယ်။
ဒါကြောင့် အားလုံးပဲ သေခြင်းတရားကို ဥာဏ်နဲ့ဆင်ခြင်ပြီး သောကမဖြစ်အောင် ကိုယ့်ကိုယ်ကို ဆုံးမနိုင်ကြပါစေ။
မှတ်ချက်။ ။ဂေါဏပေတ၀တ္ထုကို အခြေခံပါသည်။
ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ